ချောင်းသာ အပန်းဖြေစခန်း ရှိရာ အနီးတဝိုက် သို့ တိုက်ပွဲများ ကူးစက်လာပြီ ဖြစ်သည့် အတွက် ဒေသခံ သုံးပုံ နှစ်ပုံ ခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကုန်ကြ၍ လူသူကင်းမဲ့ နေသည် ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။
ရခိုင်ပြည်နယ် တခုလုံး နီးပါး သိမ်းယူထားပြီး ဖြစ်သော အာရက္ခ တပ်တော်သည် ဧရာဝတီ ဒေသကြီးသို့ စတင် ထိုးစစ် ဆင်လာရာ မှ ယခုလို ရောက်ရှိလာခြင်း ဖြစ်သည်း။
ယင်းသည် စစ်ခေါင်းဆောင်များ နိုင်ငံကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ ဆိုသည်ကို ထပ်မံပြဆိုလိုက်ခြင်း ဖြစ်သည်ဟု သတင်းက ဆိုသည်။
အိမ်ခြေ ၆,၀၀၀ ခန့် ရှိသည့် အနက်မှ ၂,၀၀၀ လောက်သာ ကျန်တော့သည်။ ဈေးဆိုင်များ နှင့် ဟိုတယ် အများစုလည်း ပိတ်ကုန်ကြပြီဟု သိရသည်။ ချမ်းသာ သူ များလည်း ပုသိမ် နှင့် ရန်ကုန် ဖက်သို့ တိမ်းရှောင်ကုန်ကြပြီး ငွေကြေး မတတ်နိုင်သူများ သာ ကျန်ရစ် နေသည်ဟု သိရသည်။
ရုရှား တိုးရစ်များအား ချောင်းသာ နှင့် ဆွဲဆောင်ရန် ကြံနေသော မင်းအောင်လှိုင် နှင့် အဖွဲ့၏ အိမ်မက်များလည်း ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။ ဗြိတိန်မှလည်း ၎င်းတို့ နိုင်ငံသားများကို ဧရာဝတီ တိုင်း အတွင်း သို့ ခရီးသွားလာခြင်း မပြုရန် သတိပေးချက် ထုတ်ပြန်လာသည်။
တိုက်ပွဲများသည် ယခုအခါ ပုသိမ် နှင့် မိုင် ၃၀ ခန့်သာ ဝေးတော့သည့် ဘောမိ ရွာ နှင့် ရေကြည်မြို့နယ် ချင်းစု ရွာအနီး ပွိုင့် ၃၆၉ တောင်ကုန်းတွင် ဖြစ်ပွားလာနေသည်။
ဘောမိ ရွာသည်လည်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ရွာလုံးကျွတ် နီးပါး ပြာပုံ ဘဝ ရောက် သွားရပြီ ဖြစ်သည်။ သို့သော်လည်း ဘောမိအား AA မှ ထိန်းချုပ် နိုင်ခဲ့သည်။
အာရက္ခ တပ်တော်သည် ရခိုင်ဒေသ နှင့် ထိစပ်နေသော ပဲခူး၊ ဧရာဝတီ နှင့် မကွေးတိုင်း အတွင်းရှိ လက်နက် စက်ရုံများအား ထိုးစစ်ဆင်နေသည်ဟု တနင်္လာနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
စစ်တပ်ဖက်မှ ၎င်းတို့၏ အာဏာတည်မြဲ ရေး အတွက် ဒေါက်တိုင်ကြီးလို ဖြစ်လာ နေသည့် ပဲခူး နှင့် မကွေးတိုင်း အတွင်းရှိ လက်နက် စက်ရုံများကို ကာကွယ်နိုင်ရန် ခံစစ်စည်းကို အားဖြည့်လာသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
မကွေးတိုင်း အတွင်း ကပစ ပိုင် လက်နက် ခဲယမ်း ထုတ်လုပ်သော စက်ရုံပေါင်း ၂၅ ရုံ နှင့် ပဲခူးတိုင်းတွင် ၇ ရုံ ရှိနေသည်။
စစ်တပ် သည် လေကြောင်းမှ တိုက်ခိုက်ယုံမျှနှင့် စစ်ပွဲကို အနိုင်တိုက် နိုင်စွမ်း မရှိမှန်း သိသော်လည်း အချိန်ရသမျှ ဆွဲပြီး တောင့်ခံနေသည်ဟု စစ်ရေးလေ့လာသူ ဒေးဗစ် မေသီဆန် မှ ပြောကြောင်း ဒီဗီဘီ သတင်းတွင် ဖေါ်ပြထားသည်။၎င်းတို့ ၏ လေယာဉ် ဆီ ရနေသည့် လမ်းကြောင်းကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ရန် ပို၍ အရေးကြီးလာနေသည်ဟု လည်း ထောက်ပြခဲ့သည်။
၎င်းတို့ ကြဲချနေသည့် ဗုံး များ၏ ၉၅-၉၈ ရာနှုန်းသည် ဧရာဝတီ မြစ် အနောက်ဖက်ကမ်း ရှိ စက်ရုံများမှ ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု မင်္ဂလာဒုံ လေတပ်မှ ခိုလှုံလာသော ကိုဇေယျ မှ ဆိုသည်။
မင်းအောင်လှိုင် အဖို့က လေကြောင်းမှ အရှိန်မြင့် တိုက်ခိုက်ခြင်း၊ လူငယ်များကို အတင်း အဓမ္မ ဖမ်းဆီး စစ်ထဲ ဆွဲသွင်းခြင်း ကုန် ဈေးနှုန်း ကြီးမြင့်လာခြင်း များကြောင့် လူထုမှ တော်လှန်ရေးကို အလိုလို စိတ်ကုန်လာကြမည်ဟု မျှော်လင့်နေပုံရသည်။
နေပြည်တော်ရှိ ပုဗ္ဗသီရိ မြို့နယ် အတွင်း စစ်ထဲလိုက်ရန် စာရင်းပါလာသော လူငယ်တဦး မှ မခံမရပ်နိုင် ဖြစ်ကာ ရပ်ကွက် အုပ်ချုပ်ရေးမှုး အား အိမ်ပေါ်တက် ဓါးနှင့် ခုတ်သည်အထိ ဖြစ်လာခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ် အတွင်း လေးရက် နှင့် မြဝတီ ရောက်မည်ဟု ကြွေးကြော် ချီတက်လာသော စစ်တပ်၏ အောင်ဇေယျ စစ် ကြောင်းမှ တပ်သား ၄၀ ကျော် ခန့်သည် ရိက္ခာ နှင့် လက်နက်ခဲယမ်းများ ပြတ်လပ်လာနေ၍ ဩဂုတ်လ ၁ ရက် မှ ဇန်နဝါရီ ၁၈ ရက် အတွင်း ပြည်သူ့ကာကွယ်ရေး တပ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ လက်နက်ချ ခိုလှုံလာခဲ့ကြသည်။
မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မှ အုပ်ချုပ်ရေး ပျက်ပြားလာပါက ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံမှု ရှိရေး ထိခိုက်လာမည်ဖြစ်၍ မြန်မာ အာဏာပိုင်များ သတိမူမိအောင် အာဆီယံ အနေနှငိ ပို၍ ပြတ် သားစွာ ရပ်တည်သွားမည် ဖြစ်သည်ဟု ဒါဗိုစ် တွင် ကျင်းပနေသော ကမ္ဘာစီးပွားရေး ဖိုရမ် တွင် ထည့်သွင်း ပြောကြားသွားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Credit - Irrawaddy/ Radio Free Asia