စောင့်ကြည့်ရမည့် အချက် လေးချက်

by Hla Soewai - Jan 31 2025

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ဝင်တဦး ဖြစ်သော MNDAA နှင့် အပစ်ရပ် ရေး သဘောတူညီချက် ရရှိပြီဟု တရုတ်အစိုးရမှ ကြေညာချက် ထုတ်ပြန် အပြီး နောက်တရက်မှာပင် အခြား အဖွဲ့ဝင် တဦး ဖြစ်သည့် TNLA ထိန်းချုပ် နယ်မြေ ဖြစ်သည့် နောင်ချို ရှိ ထွေအုပ်ရုံး၊ ရဲစခန်းရှိရာများကို ဗုံးကြဲ တိုက်ခိုက်လာ၍ အရပ်သား ၉ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

ရှမ်းမြောက်တခွင် တိုက်ပွဲများ ရပ်ရန် ဘီဂျင်း၏ ကြိုးပမ်းချက်များ အထ မမြောက် ဖြစ်သွားခဲ့ရသည်။

 

မြန်မာ အရေးကို ဖြေရှင်းပေးရန် စိတ်ဝင်တစား ရှိကြသော နိုင်ငံများ အဖို့ ဘူးလုံးနားမထွင်း ဖြစ်နေသော်လည်း စစ်ကောင်စီသည် ၎င်းတို့ ရပ်တည်ရာ ရပ်တည်ကြောင်း ဖြစ်သည့် အာဏာကို ဆုပ်ကိုင်ထားရေးသည် အဓိက ဖြစ်သည်ကို နည်းမျိုးစုံ ဖြင့် ရှင်းလင်း အသိပေးခဲ့ပြီး ဖြစ်သည်။

 

လတ်တလော တွင် အာဆီယံ နိုင်ငံများ၏ သံတမန် ရေးအရ တညီတညွတ်တည်း တောင်းဆိုလာသည့် အကြမ်းဖက်မှု များ ရပ်တန့်ရန် ဆိုသည်ကို မဖက်မတန် သလို လုပ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု South China Morning Post သတင်းစာ က ရေးသားခဲ့သည်။

 

မင်းအောင်လှိုင် အဖို့ ၎င်းဖက်က နောက်ဆုံး တယောက် ကျန်သည် အထိ တိုက်သွားမည်သာ ဖြစ်သည်ဟု ဩစတေးလျှ နေရှင်နယ် တက္ကသိုလ်မှ အရှေ့တောင်အာရှ ရေးရာ သုတေသီ ဟန်တား မာစ်စတန် က ဆိုသည်။

 

လေ့လာသူများ အားလုံးကလည်း လုပ်မည် ဆိုသည့် ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာ ကို ဆက်၍ ဆုပ်ကိုင်ထားနိုင်ဖို့ထက် မပိုဟု သုံးသပ်ထားကြပြီး ဖြစ်သည်။

 

ထိုသို့ ဆုပ်ကိုင်နိုင်ရေး အတွက် မရမနေ ကြိုးပမ်းနေမှု တစိတ်တပိုင်း အဖြစ် နိုင်ငံတဝှမ်း နေ့စဉ် နှင့် အမျှ ဗုံးကြဲတိုက်ခိုက်နေသော်လည်း စစ်‌ခေါင်း‌ ဆောင်များ၏ အားနည်းချက် ကို သိထားပြီး ဖြစ်‌ သော အိန္ဒိယ နှင့် တရုတ်တို့က စစ်တွေ ဆိပ်ကမ်း၊ ကျောက်ဖြူ ဆိပ်ကမ်း များဖြင့် နိုင်ငံတွင်း အမြတ်ထုတ် နိုင်ရန် အပြိုင်အဆိုင် လုံးပမ်းလာ နေကြသည်။ ထိုအဖြစ်ကို ပြည်သူများက တော်လှန်ရေး ကြီး မအောင်မြင် မချင်း လက်ပိုက်ကြည့်နေကြရမည် ဖြစ်သည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ၂၀၂၅ အတွင်း မျက်‌ခြေ မပြတ် စောင့်ကြည့်ရမည့် အချက် လေးချက် ကို တင်ပြလာခဲ့သည်။

 

ပထမ အချက် အနေဖြင့် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး ဒေသများ တွင် စစ်ပွဲ အရှိန် မြင့်တက်လာမည့် အရေး ဖြစ်သည်။ တော်လှန်ရေး အဖွဲ့များသည် ထောက်ပို့ ပိုင်း နှင့် စစ်ဆင်ရေး ပိုင်းတွင် ထိရောက်မှု ရှိရန် စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်။ ထိုဒေသများ အတွင်း စစ်ဆင်ရေး များသည် ပဋိပက္ခ ပိုမိုကျယ်ပြန့်လာသည် နှင့် အမျှ တော်လှန်ရေးအား အဆုံးအဖြတ် ပေးနိုင်သည် အထိ အခရာ ကျနေသည်။

 

ဒုတိယ အချက် အနေဖြင့် ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင် တိုင်းရင်းသား လက်နက်ကိုင်များ ၎င်းတို့ ထိန်းချုပ်နယ်မြေ အား ပိုမို ကျစ်လစ်စွာ ထိန်းချုပ်ထားနိုင်ခြင်း ရှိမရှိ ပင် ဖြစ်သည်။ ထိုဒေသများ တွင် အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက်လာနိုင်သည်နှင့် အမျှ အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာသည်လည်း မြန်မာ အပေါ် ဗျူဟာ ပြောင်း ဆက်ဆံဖို့ စဉ်းစားလာကြမည် ဖြစ်သည်။ တဖက်တွင် နိုင်ငံအလယ်ပိုင်း မြို့ပြဒေသ များ တွင် ထွက်ပေါ်လာဖွယ်ရှိသည့် စစ်ဆင်ရေးများသည်လည်း ထိုသို့ ဖြစ်လာအောင် ပံ့ပိုးပေးလာမည် ဖြစ်သည်။

 

တတိယ အချက် သည်ကား စစ်ခေါင်းဆောင်များ ရွေးကောက်ပွဲ လုပ်ရန် ကြိုးပမ်းလာမည့် အရေးဖြစ်သည်။ ၎င်းတို့ ဆက်၍ အာဏာဆုပ်ကိုင်ထားမှု ကို တရားဝင် ဖြစ်အောင် လုပ်လာနေ‌သော်လည်း ရွေးကောက်ပွဲ သည် ယခင်ကနှင့် မတူဘဲ တခြားစီ ဖြစ်လာပေလိမ့်မည်။ 

 

ဘီဘီစီ ၏ အ‌သေးစိတ် လေ့လာချက်များအရ စစ်ကောင်စီ သည် နိုင်ငံ၏ ၂၁ ရာနှုန်းသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့သည်ဟု သိရသည်။ ကျန်ဒေသများက တိုက်ပွဲများ ဖြစ်ပွားနေသည် နှင့် တော်လှန်ရေး အင်အားစု များ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။

 

ယခုလို အခြေအနေမျိုး တွင် ရွေးကောက်ပွဲ ကို ဖြစ်အောင်လုပ်လည်း ၎င်းတို့ တွက်ဆထားသလို အခြေအနေ တည်ငြိမ်‌ဖို့ မည်သို့မျှ ဖြစ်လာမည် မဟုတ်ပေ။

 

စောင့်ကြည့်ရမည့် နောက်ဆုံး အချက်သည်ကား တရုတ်ဖက်မှ တိုး၍ ပတ်သက်လာမည့် အရေးပင် ဖြစ်သည်။ ဘီဂျင်းသည် ၎င်းတို့ အကျိုးစီးပွား အတွက် စစ်ခေါင်းဆောင်များဖက် မှ ယခင်ကထက် ပို၍ ပံ့ပိုးလာမည် ဆိုက ပြည်တွင်း ပြည်ပရှိ မြန်မာ တို့အကြား ၎င်းတို့ အပေါ် ဆန့်ကျင်မုန်းတီးမှု များ မြင့်တက်လာမည် ဖြစ်သည်။

 

၂၀၂၅ သည် မြန်မာ နိုင်ငံရေး လားရာ ကို ပြတ်ပြတ်သားသား အဆုံးအဖြတ်‌ ပေးမည့် နှစ်လည်း ဖြစ်၍ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ပြီး နိုင်ငံအား ပြန်လည် တည်ဆောက်နိုင်ရန် တိုင်းရင်းသား အဖွဲ့များ နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ လိုအပ်လာပြီဟု ရေးသားထားသည်။

 

ကမ္ဘာမီဒီယာများက တရုတ် ပါဝင်ပတ်သက်လိုမှု ကို ရည်ညွှန်းလိုသည့် သဘောဖြင့် ကိုဗစ် pandemic အစား ယခုအခါ Scamdemic ဟု အမည်ပေးလာကြသည် အထိ ကျားဖြန့်ဂိုဏ်းများ အရေး သတင်းကြီးလာနေပြီ ဖြစ်သည်။

 

ထိုကိစ္စ နှင့် ပတ်သက်၍ ထိုင်း စစ်ဖက် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာပြီး စိုးဝင်း နှင့် တွေ့ဆုံ‌ ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!