အဆိုပါ ခေါင်းစဉ် ဖြင့် ဟောင်ကောင်ရှိ South China Morning Post သတင်းစာတွင် ရေးသားလာသည်။
ပြီးခဲ့သည့် နှစ် အတွင်း လောက်ကိုင်ရှိ ဂိုဏ်းများကို နှိမ်နှင်း နိုင်ခဲ့ခြင်းကြောင့် တရုတ်အစိုးရမှ အောင်မြင်မှု တရပ် အဖြစ် ဝင့်ကြွားနိုင်ခဲ့သော်လည်း တရုတ် မင်းသား ဝမ်ဇင်းအား ရုပ်ရှင်ဆန်ဆန် ပြန်ပေးဆွဲသွားမှု ကြောင့် အများ၏ အာရုံစိုက်ခြင်း ခံလာရပြီး ဘီဂျင်း အဖို့ ဖြေရှင်းရမည့် ပြဿနာ အဖြစ် သတ်မှတ်လာပြီ ဖြစ်သည်။
မြဝတီရှိ လူဆိုး ဂိုဏ်းများ၏ လုပ်ရပ်သည် ပို၍ ခေတ်မီ ဆန်းပြားလာပြီး လူအမြောက်အမြားကို ပြန်ပေးဆွဲရန် အားထုတ်လာသည်။ ဝမ်ဇင်းကဲ့သို့ အထင်ကရ ပုဂ္ဂိုလ်မျိုး၊ ပညာတတ်များကိုပင် ပစ်မှတ်ထားသည် အထိ သောင်းကျန်းလာသည်။
ယခုအခါ ဝမ်ဇင်း အမှုသည် အကြီးအကျယ် ရိုက်ခတ်လာခဲ့ပြီ ဖြစ်၍ တရုတ်ခရီးသွားများက ထိုင်း ခရီးစဉ်ကို ဖျက်သိမ်းပစ်ခဲ့ကြသည်။
လောက်ကိုင် တွင် ဘီဂျင်းသည် ၁၀၂၇ စစ်ဆင်ရေး ကြောင့် အောင်မြင်မှု ရခဲ့ပြီးနောက်တွင် မြန်မာ အရေး နှင့် ပတ်သက်ပြီး နှစ်ဖက် အကြား အတိမ်းအစောင်း မခံဘဲ သတိကြီးစွာ ထားလာခဲ့သည်။ ယခု အခါ စစ်ဗိုလ်ချုပ်များဖက်က ရပ်တည် ပေးခြင်း ဖြင့်သာ ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရာ ကာကွယ်ကြောင်း ဖြစ်မည်ဟု တွက်ချက်လာကြသည်။
၎င်းတို့အဖို့ အွန်လိုင်း ငွေလိမ် ဂိုဏ်းများ အရေးသည် ပြေလည်သင့်သလာက် ပြေလည်သွားပြီဟု ယူဆ ထား၍ မရတော့ဘဲ တနည်းမဟုတ် တနည်း အရေးယူဖို့ ဖြစ်လာခဲ့ရသည်ဟု သတင်းစာက ရေးသားထားသည်။
ယခုအခါ တရုတ် အစိုးရသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ် နှင့် မြန်မာ တာဝန်ရှိသူများကို ကူမင်းသို့ ဆင့်ခေါ်လာသည်၊ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲမှ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးပြီး ဖြိုခွင်းပစ်ရန် တညီတညွတ် တည်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် အပတ် အတွင်း နိုင်ငံခြား ရေး ဝန်ကြီး ဝမ်ယီသည် ဘီဂျင်း တွင် အဆိုပါ နိုင်ငံများမှ သံအမတ် များ နှင့် တွေ့ဆုံပြီး ပြင်းပြင်းထန်ထန် အရေးယူပေးရန် ပြောဆိုခဲ့ပြီး ဖြစ်သည်။
ဘီဂျင်း ရှိ မြန်မာသံရုံးမှ ၂၀၂၃ နောက်ပိုင်း တရုတ်နိုင်ငံသား ၅၃,၃၃၈ ဦးအား ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်ကြောင်း ရိုက်တာ သတင်းတွင် ပါရှိလာခဲ့သည်။
ထို့အတွက် ငါးသောင်း ကျော်မျှ ရှိ သော တရုတ် နိုင်ငံသားများ အလုံးအရင်း နှင့် နိုင်ငံတွင်း ရှိနေသည်ကို မြန်မာ စစ်အာဏာပိုင်များ အဘယ်ကြောင့် မသိကျိုးကျွံ ပြုနေရသနည်းဟု မေးစရာ ဖြစ်လာရသည်။
မည်သည့် ကိစ္စတွင် မှ ၎င်းတို့ တွင် အပြစ်တစူံတရာ မရှိ သော မြန်မာ စစ်အာဏာပိုင်များက အမည်မဖေါ်သော်လည်း ကျားဖြန့်ဂိုဏ်းများသည် တဖက်နိုင်ငံမှ လျပ်စစ်မီး၊ အင်တာနက်တို့ဖြင့် လှုပ်ရှားနေကြခြင်း ဖြစ်သည်ဟု ထိုင်း ကို အပြစ်ဖို့လာခဲ့သည်။ ထို့အပြင် ၎င်းတို့နှင့် NCA စာချုပ် ချုပ်ဆိုထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟု ၎င်းတို့၏ ရှည်လျားစွာ ထုတ်ပြန်လာ သော ကြေညာချက်တွင် ပါရှိလာသည်။
ထို့အတွက် ကေအင်ယူ ငြိမ်းချမ်းရေးကောင်စီ၊ DKBA နှင့် မွန်ပြည်သစ် ပါတီ တို့ ပါဝင်သွားပြီ ဖြစ်သည်။ သို့သော် စောချစ်သူ နှင့် အဖွဲ့ကိုတော့ တစွန်းတစမျှပင် ဖေါ်ပြထားခြင်း မရှိဟု ဧရာဝတီက ထောက်ပြခဲ့သည်။
အမေရိကန် တိုင်းမ် မဂ္ဂဇင်း မှ တရုတ် အစိုးရ ဘာမှ မတတ်နိုင်တော့ဘူးလား ခေါင်းစဉ် ဖြင့် လှောင်ပြောင် မေးခွန်းထုတ်လာခဲ့ပြန်သည်။
မြန်မာ နှင့် ကမ္ဘောဒီယား နှစ်နိုင်ငံတွင် အာဖရိက ရှိ ဂါနာ၊ နိုင်ဂျီရီယား၊ တောင်အမေရိက ရှိ ဘရာဇီး၊ ပင်လယ်ကွေ့ ရှိ ယူအေအီး ပါ မကျန် နိုင်ငံပေါင်း ၁၀၀ ကျော်မှ သွေးဆောင်ဖျားယောင်း ခံထားရသူ ပေါင်း ၂၂၀,၀၀၀ ခန့် ရှိနေသည်ဟု ကျွမ်းကျင်သူများ၏ ခန့်မှန်းချက် အား ကိုးကားပြီး ဖေါ်ပြထားသည်။
အရှေ့တောင်အာရှ တခွင် ဩဇာကြီးမားပေသည် ဆိုသော တရုတ် ကွန်မြူနစ် ပါတီ ကြီးသည် ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်ရန် အနီးအနားရှိ နိုင်ငံငယ်လေးများ တွင် ထကြွ သောင်းကျန်းနေသော လူဆိုးဂိုဏ်းများကို နှိမ်နှင်းနိုင်စွမ်း မရှိတော့ဘူးလား ဆိုသည့် မေးခွန်း ထွက်ပေါ်လာခဲ့ရပြီ ဟု ဆိုသည်။ ဘီဂျင်းသည် ၎င်းတို့ ထိန်းချုပ် နိုင်စွမ်း မရှိတော့ ဟု အထင်ခံရမည်ကို လွန်စွာ စိုးရိမ်ကြောင့်ကြ ရှိနေကြသည်ဟု ဩစတေးလျှရှိ La Trobe တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ဌာန ပါမောက္ခ နစ်ခ် ဘစ်စလေ က ထောက်ပြခဲ့သည်။
တရုတ် အစိုးရသည် ၎င်းတို့ နိုင်ငံသားများ မထိသရွေ့ အဆိုပါ ဂိုဏ်းများ အား နှိမ်နှင်းရန် စိတ်ကူးမရှိ၊ ၎င်းတို့အတွက် အကျိုးအမြတ်ပင် ရှိနေသည် ဟု ယခုလ အစောပိုင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီသို့ ကျွမ်းကျင်သူများက တင်ပြခဲ့သည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ကျားဖြန့်ဂိုဏ်းများသည် ဒေါ်လာ ၄၃.၈ ဘီလီယံ အထိ ရရှိနေပြီး ထိုအထဲတွင် အမေရိကန် နိုင်ငံသားများ၏ ဆုံး ရှုံးငွေ ၃.၅ ဘီလီယံ အထိ ပါဝင်နေသည့် အတွက် အမေရိကန် အဖို့ ဖန်တန်နော ကဲ့သို့ အန္တရာယ် ရှိနေသည်ဟု ဆိုသည်။
အချို့က မိမိတို့အား ချိနဲ့သွားစေရန် တရုတ် အစိုးရ ပါဝင် ပတ်သက်နေသည်ဟု ပင် ပြောလာကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။ ထို့အတွက်ကြောင့် ဝမ်စင်း အား သုံးရက် နှင့် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထောက်ပြလာခဲ့သည်။ ၂၀၂၃ နောက်ပိုင်းတွင် တရုတ် ရဲအဖွဲ့၏ လှုပ်ရှားမှုသည်လည်း သိသိသာသာ နှေးကွေးသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။
ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော တရုတ်အစိုးရ လုံခြုံရေး ဝန်ကြီးဌာန ကြေညာချက်တွင် နိုင်ငံတကာ ရဲအဖွဲ့၏ ပူးပေါင်းမှု ဖြင့် ပြည်ပ ရှိ လူဆိုးဂိုဏ်းများကို ချေမှုန်းသွားမည်ဟု ပါရှိလာသည်။
လေ့လာသူများကမူ ဘီဂျင်းသည် ၎င်းတို့နိုင်ငံသားများ မထိခိုက်စေရန် နှင့် ကျားဖြန့်ဂိုဏ်းများ ၎င်းတို့ထက် ပိုပြီး ဩဇာကြီးထွားမလာစေရန်သာ ရည်ရွယ်သည်ဟု ပြောလာခဲ့သည်။
သို့သော်လည်း ယခုအခါ အဆိုပါ ဂိုဏ်းများကို ပစ်မမှတ်ထားလာပြီ ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့တွင် တရုတ် ကိုယ်ဟန်ပြ အမျိုးသား တဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
လက်ရှိတွင် အာရက္ခ တပ်တော်သည် ပုသိမ် ၏ အနောက်မြောက်ဖက် ၆၂ ကီလိုမီတာ (မိုင် လေးဆယ်နီးပါး) အကွာသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်ဟု သိရသည်။
စစ်အာဏာပိုင်များ သည် နေရာ အနှံ့တွင် တွန်းလှန် တိုက်ခိုက်နေ သော တိုင်းရင်းသားများ နှင့် ဗမာ တော်လှန်ရေး အင်အားစုများကို အနိုင်ရဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ဝောာ့ဟု ဘာတန် လစ်တနာ မှ ၎င်း၏ ဧရာဝတီ ဆောင်းပါးတွင် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!