ဦးစားပေးရမည်က ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ မဟုတ် ဟု အာဆီယံ ပြောပြီ

by Hla Soewai - Jan 31 2025

အာဆီယံ ဥက္ကဌ ဖြစ်လာသည့် မလေးရှားသည် ပွဲဦးထွက် တိုက်ပွဲ ခေါ်သံ ကို စတင်လိုက်ပြီ ဖြစ်သည်။

 

အစဉ်အလာ အတိုင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ လန်ကာဝီ တွင် အပန်းဖြေ တွေ့ဆုံ ဆွေးနွေး အပြီး တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် မှ မြန်မာ စစ်ကောင်စီ အနေဖြင့် တရားလက်လွတ် အကြမ်းဖက်မှု များ ရပ်တန့်ပြီး တိုင်းပြည်ကို ငြိမ်းချမ်း အောင် အရင်လုပ်ပါ၊ ပြီးလျင် နိုင်ငံရေး စနစ် ကို အရင် တည်ဆောက်ပြီးမှ ရွေးကောက်ပွဲ လုပ်ရန် သတင်းထောက်များကို ပြောကြားလိုက်သည်။

 

ရွေးကောက်ပွဲ ကို အာဆီယံက ဦးစားမပေး၊ မိမိတို့မှ အကြမ်းဖက်မှု များ ရပ်တန့်ရေး ဖြစ်သည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲ လုပ်လျင်လည်း ဘယ်သူမှ မပါပဲ ကွက်၍ လုပ်လို့မရ၊ အဓိက ပါဝင်ပတ်သက်နေသူ အားလုံး ပါဝင်ရမည် ဟု ၎င်းတို့၏ သဘောထားကို ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

 

ယင်းသည် ရွေးကောက်ပွဲ ကို မဖြစ်ဖြစ်အောင် လုပ်ပြီး အာဆီယံ၏ အသိအမှတ် ပြုဖို့ မိမိတို့ တာဝန်ထား ဆိုသည့် တရုတ်၏ ရပ်တည်ချက် ကို အလဲထိုး လိုက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့်ရွေးကောက်ပွဲ ဖြစ်မြောက်အောင် အကြမ်းဖက် နိုင်ရေးကိုလည်း မျက်စိမှိတ် မသိချင်ယောင် ဆောင်လာခဲ့သည်။

 

အာဆီယံ ဖက်က ထိုသို့ ထုတ်ပြန်လာခြင်း မှာလည်း ခန့်မှန်းရ ခက်လာနေသည့် ထရန့် အစိုးရ အဖွဲ့အား အာဆီယံသည် တရုတ် ဖက် ယိမ်းနေသည့် အဖွဲ့အစည်း မဟုတ်ကြောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

 

မည်သို့ပင် ဆိုစေ အာဆီယံ၏ ရပ်တည်ချက်သည် ရွေးကောက်ပွဲ လုပ်ပြီးက လူတောထဲ ပိုနေမြဲ ကျားနေမြဲ ပြန်ဝင်ဆန့် နိုင်တော့မည်ဟု စိတ်ကူး ဖဲရိုက်နေသော စစ်ခေါင်းဆောင်များအား အရှိုက် ထိုးလိုက်ခြင်းလည်း ဖြစ်သည်။

 

လန်ကာဝီ သို့ အလာခံခဲ့သော စစ်ကောင်စီ၏ နိုင်ငံခြား‌ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် အောင်ကျော်မိုး မှ ခိုင်းသည့် အတိုင်း ရွေးကောက်ပွဲ လုပ်မည့် အစီအစဉ် များကို ရှင်းပြခဲ့ရှာသည်။ (ပုံတွင် ရှု)

 

အာဆီယံ၏ အထူး သံတမန် အဖြစ် ယခင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်ချုပ် ဟောင်း နှင့် မလေးရှား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဟောင်းလည်း ဖြစ်သူ အိုသ်မင် ဟာရှင် အား ခန့်အပ် လိုက်သည်။ စိတ်ဝင်စားဖို့ ကောင်းသည်က လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဟောင်း အား ၎င်း၏ တာဝန်ယူခဲ့ရသည့် လုပ်ငန်းများ နှင့် ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေသည့် မြန်မာ စစ်ဗိုလ်ချုပ်များအား မည်သို့ မည်ပုံ ကိုင်တွယ်သွားမည်နည်း ဆိုသည်ပင် ဖြစ်သည်၊ ၎င်းသည် မကြာမီ အတော အတွင်း မြန်မာ သို့ သွားမည် ဖြစ်သည်ဟု ဆိုသည်။

 

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းလာသည်က လန်ကာဝီ တွင် တော်လှန်ရေး အဖွဲ့အစည်း များ နှင့် တွေ့ဆုံ ‌ရန် အစီအစဉ်များ ဆွေးနွေးခဲ့ကြသည်ဟု အာဆီယံ အတွင်းရေးမှုး ချုပ် ကော်ကင်ဟွန်ကထုတ်ဖေါ် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

၎င်းက ဟာဆန်-ဟာရှင် အတွဲသည် မြန်မာ ပြဿနာ ကို မည်သို့ ဟန်ချက်ညီညီ လှုပ်ရှား သွားမည်နည်း ဆိုသည်ကို မဝေးတော့သည့် ကာလ တွင် တွေ့မြင်ရတော့မည် ဟု ဆိုသည်။

 

မလေးရှား ဝန်ကြီးချုပ်မှ သာစင် ရှင်နာဝါထွာ အား ၎င်း အာဆီယံ ဥက္ကဌ အဖြစ် တနှစ် တာဝန်ယူထားစဉ် အတွင်း အကြံပေး အဖြစ် အလွတ်သဘော ခန့်အပ်ခဲ့မှု ကြောင့် မြန်မာ အရေး မလေးရှား၏ ဦးဆောင်မှု အပေါ် စိတ်ပျက်လာချိန်တွင် ယခုလို သဘောထား ထွက်‌ ပေါ်လာခြင်း ဖြစ်သည်။

 

အာဆီယံ အပေါ် အင်ဒိုနီရှား မှ စိတ်ဝင်တစား မရှိတော့မှု၊ ယခုနှစ် အတွင်း ‌မလေးရှား နှင့် အင်ဒိုနီရှား၊ ထိုင်း၊ ဗီယက်နမ် တို့ BRICS ထဲ ပါဝင်နိုင်ရန် ခြေလှမ်း ပြင်လာနေမှု များ ကြောင့် အာဆီယံ အား နိုင်ငံကြီးများ၏ အားပြိုင်ရာ ကွင်း အဖြစ်မခံနိုင်ဆိုသည် အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

ထိုသို့ လန်ကာဝီ စခန်း တွင် မြန်မာ စစ်တပ် ၏ အကြမ်းဖက်မှု များ ရပ်တန့်ရေး ဆွေး ‌နွေး နေကြချိန်တွင် စစ်တပ်သည် မြောက်ဦး ရှိ အာရက္ခ တပ်တော်၏ ယာယီ သုံ့ပန်း စခန်း အား ပေါင် ၅၀၀ ‌ဗုံး ဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးများ အပါအဝင် ၂၅ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်း ထုတ်ပြန်လာခဲ့သည်။

 

သေဆုံးသွားသူ များသည် မကြာမီ ပြန်လွှတ်ပေးတော့မည့် စစ်သား များ နှင့် မိသားစု ဝင်များ ဖြစ်သည်ဟု ဆိုသည်။ 

 

အဆိုပါ ပစ်မှတ် အား မှားယွင်း တိုက်ခိုက်ခဲ့သည် ‌လော ဆိုသည်ကား တိတိကျကျ မသိရဟု AFP သတင်းက ဆိုသည်၊ အဖြစ်နိုင်ဆုံးကတော့ အာရက္ခ တပ်တော်ဖက်မှ တာဝန်ရှိ သူများ ရောက်ရှိနေသည်ဟု ယူဆ၍၊ ၎င်းတို့ လူများကို ငဲ့ရကောင်းမှန်း မစဉ်းစားနိုင်တော့ဘဲ တိုက်ခိုက်ခဲ့ကြခြင်းသည်သာ ဖြစ်နိုင်ပေသည်။

 

ထိုသို့ အမြှောက်သံ၊ ဗုံးသံများ ကြားမှ အိန္ဒိယ သံပမတ် နှင့် အဖွဲ့သည် စစ်‌ တွေ သို့ ရောက်ရှိလာပြီး ကုလားတန် မြစ် စီမံကိန်း တွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းများ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

သို့သော် စစ်တွေ သည် နေ့လားညလား လက်လွှတ်ရမလို ဖြစ်လာချိန်တွင် ထိုကိစ္စများ ‌ဆွေးနွေးရန် ရောက်လာခြင်း ဆိုသည်မှာ အကြောင်းပြခြင်းသာ ဖြစ်ပေမည်၊ အဘယ်ကြောင့် ဆိုသော် နောက်ပိုင်းတွင် ၎င်းတို့၏ အဓိက ရည်ရွယ်ချက် ဖြစ်သည့် စစ်တွေရှိ ဟိန္ဒူ ဘုရားကျောင်း တွင် အိန္ဒိယ နိုင်ငံသားများ နှင့် တွေ့ဆုံခဲ့ကြသည်။ အိန္ဒိယ ကောင်စစ်ဝန် ရုံး ဝင်းအား လှည့်လည် စစ်ဆေးခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စစ်‌ တွေရှိ ကောင်စစ်ဝန် ရုံး နှင့် အိန္ဒိယ နိုင်ငံသားများ လုံခြုံမှု ရှိနိုင် မရှိနိူင် ကို အချိန်မီ ကွင်းဆင်း စစ်ဆေးလာခြင်းလည်း ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!