လေးနှစ် ရာသီ မြန်မာပြည်

by Hla Soewai - Jan 31 2025

စစ်အာဏာ သိမ်း လာခဲ့မှု သည် လေး နှစ် နား ချဉ်းကပ်လာခဲ့သော်လည်း ‌၎င်းတို့ ဆုပ်ကိုင်ခဲ့သော အာဏာသည် တနေ့ပြီး တနေ့ လျော့ရဲ ကျဆင်းလာနေပြီ ဖြစ်သည် ဟု ဝါရှင်တန် ရှိ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဇာကာရီ အဘူဇာက လက်ရှိ စစ်ရေး အနေအထားကို RFA တွင် ယခုလို သုံးသပ် ပြလာခဲ့သည်။

 

စီးပွားရေး သည် လှူပ်ရှားမှု မရှိ၍ ခန္နာကိုယ် ချိနဲ့ လိုက်လာနေသော ရောဂါသည် တဦးလို ဖြစ်လာပြီး လျပ်စစ် ဓါတ်အား ပြတ်တောက်မှု သည်လည်း နိုင်ငံ နှင့် တဝှမ်း သိသိသာသာ ဖြစ်လာနေသည်။ သို့သော် စစ်တပ်၏ ဘတ်ဂျက် ခွဲတမ်းကမူ မြင့်သည်ထက် မြင့်တက်လာနေပြီး တဖက်တွင် နိုင်ငံခြား ငွေ သည်လည်း လုံးပါး ပါးလာနေသည်။

 

 စစ်တပ် အဖို့ ၎င်းတို့ ထင်ထားသလိုတိုင်းရင်းသား လက်နက်ကိုင် များ မှ တရုတ်၏ ဖိအား ကို အလျော့ပေး လာခြင်း မရှိသည့် အခါတွင်တော့ နိုင်ငံ အနှံ့အင်အားကို နေရာ အနှံ့ နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရပြီး အရှုံးများ နှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်နေကြရသည်။

 

ရခိုင်

 

အာရက္ခတပ်တော်သည် ပြည်နယ် အတွင်းရှိ မြို့ပေါင်း ၁၇ မြို အနက် ၁၄ မြိုကို သိမ်းယူပြီး နောက်တွင်တော့ ပြည်နယ် တခုလုံးနီးပါး ကို ထိန်းချုပ် သွားနိုင်သည့် အနေအထား ရောက်လာခဲ့သည်။ ယခုအခါ စစ်တွေ ကို စတင် တိုက်ခိုက်လာပြီး ကျောက်ဖြူကို ဝိုင်းပတ် ပိတ်ဆို့ထားသည်။

 

ဘူးသီးတောင် နှင့် အမ်းကို အလွယ်တကူ နှင့် အလျင်အမြန် သိမ်း ပိုက် နိုင်ခြင်း မရှိခဲ့သော်လည်း တလ နီးပါး မဆုပ်မနစ် ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့သည်။ ဘူးသီးတောင် တွင် မြေအောက်မှ လှိုင်ခေါင်း တူး၍ပင် အံ့အားသင့်လောက်အောင် စိတ်ဓါတ် ကြံ့ခိုင်မှု၊ ဇွဲရှိမှု တို့ကို ပြသနိုင်ခဲ့သည်။

 

ရခိုင် ပြည် တောင်ဖက် အစွန်ရှိ ဂွ မြို့ကို သိမ်းယူအပြီးတွင်တော့ ဗမာလူမျိုး အများစု နေထိုင်သည့် ဧရာဝတီ ဒေသ ကြီး ထဲ ဖြတ်ကျော် ဝင်ရောက်လာကြပြီ ဖြစ်သည်။

 

ကချင်

 

ကချင်တို့သည် တရုတ်တို့၏ ဆက်တိုက်ဆိုသလို ဖိအား ပေးလာမှု ကို ခါချခဲ့ပြီး မဟာဗျူဟာ ကျသည့် မန်စီ မြို့ကို သိမ်းယူခဲ့ကြသည်။ စစ်တပ် အဖို့လည်း အဝိုင်းခံထားရသော ဗန်းမော်သို့ မန္တလေး မှ တဆင့် ကုန်းလမ်းဖြင့် လူ၊ရိက္ခာ‌ဖြည့်တင်းနိုင်ဖို့ ခက်ခဲသွားရပြီ ဖြစ်သည်။

 

ကချင်၏ ဒုတိယ အကြီးဆုံး မြို့ ဖြစ်သည့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်၊ ကချင် လွတ်လပ်ရေး တပ်တော်သည် သယံဇာတ များ ပေါကြွယ်သည့် ဒေသများ အပါအဝင် ကချင် ပြည်နယ် တဝက်နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

 

ချင်း

 

ချင်းတို့ အကြား အကွဲအပြဲများ ရှိနေသည်ဟု လူ ပြော များ သော်ငြားလည်း မြို့နယ်ပေါင်း ကိုး မြို့ အနက် ငါး မြို့ကို ရရှိထားပြီး ပြည်နယ် အကျယ်အဝန်း ၏ ၈၅ ရာနှုန်းခန့်ကို ထိန်းချုပ်ထားနိုင်လာပြီ ဖြစ်သည်။

 

ရှမ်း

 

MNDAA နှင့် TNLA အဖွဲ့များသည် တရုတ်၏ ဖိအားကို ယာယီ အလျော့ပေးလာခဲ့ရပြီး နိုဝင်ဘာလ အတွင်း ထိုးစစ်ကို ရပ်တန့်ပေးလိုက်ရသည်၊ သို့သော် စစ်တပ်၏ လေကြောင်း မှ တိုက်ခိုက်မှု ကို ခံနေရသော်လည်း လားရှိုး အပါအဝင် ၎င်းတို့ သိမ်းပိုက် နယ်မြေ တစွန်းတစကိုမျှ ပြန်လည် ပေးခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

 

နောင်ချိုကို ထိုးစစ်ဆင် တိုက်ခိုက်လာမှု ကြောင့် မြို့ပေါင်း ကိုးမြို့ ရရှိထားသော TNLA သည် အပစ်အခတ် ရပ်စဲရေး အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကရင်နီ

 

စစ်တပ် မှ ကြည်းတပ်၊ လေတပ် များ ဖြင့် ပူးတွဲ တိုက်ခိုက်လာမှု များအား လက်နက်ခဲယမ်း ပြတ်လတ်နေသည့်ကြား မှ ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။ လက်ရှိတွင် KNDF နှင့် PDF ပူးပေါင်းတပ်များသည် ပြည်နယ်၏ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားသည်။

 

ကရင်

 

ကရင် အမျိုးသား လွတ်လပ်ရေး တပ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ထိုင်း နယ်ခြား တလျောက်ရှိ စစ်စခန်းများကို တဖြေးဖြေးချင်း သိမ်းယူလာနေပြီ ဖြစ်သည်။

 

တနင်္သာရီ

 

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များသည် ယခင်ကထက် ပို၍ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ရှိလာပြီး ထိုင်း နယ်ခြား မှ အက်ဒမန် ပင်လယ်ဖက်သို့ တွန်းတိုက်လာနေပြီ ဖြစ်သည်။ စစ်တပ်၏ လှုပ်ရှားနိုင်ခွင့် ဂွင်သည်လည်း တဖြေးဖြေး ကျဉ်းသည်ထက် ကျဉ်းလာခဲ့သည်။

 

စစ်ကိုင်း၊ မကွေး၊ မန္တလေး

 

ထို‌ ဒေသများ တွင် လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ စစ်တပ်သည် လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရွာများကို မီးရှို့ခြင်း အစရှိသည်တို့ဖြင့် ဒေသခံများကို မြေလှန်စနစ် ကို ရည်ရွယ်ချက် ရှိရှိ ကျင့်သုံးလာကြသည်။ ပြည်သူ့ကာကွယ်ရေး တပ်များသည် အညာ ဒေသ ကို ထိုးဖေါက် ဝင်ရောက်လာနိုင်ခဲ့ကြပြီး (ယခုအခါ မန္တလေး မြို့သိမ်း တိုက်ပွဲ အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။)

 

အာဏာသိမ်း အဖွဲ့

 

လေးနှစ်နီးပါး ဖြစ်လာသော်လည်း ၎င်းတို့ ရင်ဆိုင်နေရသော အကျပ်အတည်း များက တခုတလေမျှပင် သက်သာ လျော့ပါးသွားခြင်း မရှိပဲ တောင်ပုံရာပုံ ဖြစ်လာခဲ့သည်။

 

စစ်မျက်နှာ အသီးသီးမှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း များ အဆိုအရ စစ်ကောင်စီသည် ရိက္ခာ နှင့် စစ်ကူများ ပို့နိုင်စွမ်း မရှိတော့သည် အထိ ဖြစ်လာသည်ဟု သိရသည်။

 

ဒီဇင်ဘာလ ထဲတွင် Mi-17 ရဟတ်ယာဉ် အသစ် သုံးစီး ချ သုံး လာပြီး ဝန်အလေးချိန် များများ သယ်မ နိုင်သည့် ရဟတ်ယာဉ် အချို့ ရှိနေသည်။ လေးနှစ် အတွင်း Mi-17 ခြောက်စီး နှင့် အခြား အမျိုးအစား ရဟတ်ယာဉ် နှစ်စီး ဆုံးရှူံးခဲ့ပြီး ဖြစ်သည်။ တခါတရံ တွင် လေထီး သုံး၍ ရိက္ခာများ ချပေးသော်လည်း တော်လှန်ရေး အဖွဲ့များ လက်ဝယ်သို့ ရောက်သွားသည်က များနေသည်။

 

တိုက်နေ ခိုက်‌ နေရသူ များ အဖို့ ၎င်းတို့၏ ဌာနချုပ်များမှ ပစ်ထားခြင်း ခံရပြီ ဆိုသည့် အတွေးထက် အခြား မည်သည့် အရာကမျှ စိတ်ဓါတ်ကျဆင်းအောင် လုပ်နိုင်စွမ်း မရှိ။

 

မြန်မာ စစ်တပ်သည် နိုင်ငံအား အမြဲလို ၎င်းတို့ သိမ်းပိုက်ထားသည့် အလား သဘောထား ခဲ့သည်။ နိုင်ငံ အနှံ့ ဝေးလံ ခေါင်ဖျားသော ဒေသများတွင်လည်း စစ်စခန်းများ ထားရှိခဲ့သည်။ NUG မှ ယခုထိ သိမ်းပိုက်နိုင်ခဲ့သော စစ်စခန်း ပေါင်း ၇၄၁ ခု ရှိနေပြီဟု ဆိုသည်။

 

တိုက်ပွဲများ အတွင်း လက်ရ ဖမ်းဆီးရမိသူများ၊ လက်နက်ချသူများ၊ ထွက်ပြေးနေကြသူများ နှင့် စစ်အင်အား သည် တဖြေးဖြေး လျော့နည်းလာနေသည်။ စစ်အင်အားကို အတင်းအကျပ် စုဆောင်းလာသည်မှာ ကိုးသုတ် ရှိနေပြီး အရည်အတွက်အားဖြင့် ၄၅,၀၀၀ ခန့် ရှိသည်။ သို့သော် ဖြစ်ကတတ်ဆန်း လေ့ကျင့်ပေးပြီး ရှေ့တန်းသို့ လွှတ်နေသော်လည်း စိတ်ဓါတ်၊ စည်းကမ်း အဖက်ဖက်မှ သာလွန်နေသည့် တိုင်းရင်းသား တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်များနှင့် ကွာခြားချင်တိုင်း ကွာခြားနေသည်။

 

လူအင်အား ဆုံးရှုံးမှု များထဲတွင် အထက်တန်း စစ်အရာရှိကြီးများ ပါ ပါဝင်နေသည်။ ၂၀၂၄ တွင် အဖမ်းခံရ၊ တိုက်ပွဲတွင် သေဆုံး ဒဏ်ရာရ ဗိုလ်မှုးကြီး အဆင့်မှ ဗိုလ်ချုပ် အဆင့် အထိ စုစုပေါင်း ၅၃ ဦး ရှိသည်ဟု NUG က ဆိုသည်။

 

စစ်တပ်သည် ငွေကြေးပါ ချွတ်ခြုံကျလာနေ၍ တပ်သားသစ်များကို အသက်အာမခံ ကြေး မပေးနိုင်တော့၍ ‌ပျောက်ဆုံးစာရင်းထဲ သာ ထည့်လာကြသည်။

 

တိုင်းရင်းသား အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှု အတိုင်းအတာ သည်လည်း မြင့်သည်ထက် မြင့်တက်လာခဲ့သည်။ ရခိုင် ဒေသမှ လွဲ၍ ကျန် ဒေသများရှိ ထိုးစစ်တိုင်းလိုလို PDF နှင့် ERO များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်ချည်းသာ ဖြစ်သည်။

 

AA သည် ချင်း PDF များ၏ အကူအညီ ဖြင့် မကွေးမှ ထောက်ပံ့ရေး လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ခဲ့သည်။ ယခုအခါ အနောက်ဖက်မှ တွန်းထိုးလာနေပြီး နိုင်ငံ အလယ်ပိုင်း ရှိ PDF များကို ကူညီပေးလာသည်။

 

AA ၏ ဧရာဝတီ ထိုးစစ်သည်လည်း ဒေသခံ PDF များ နှင့် လက်ချင်းချိတ်နိုင်ခဲ့မှု ကြောင့် ဖြစ်သည်။ ဝ တပ်တော်သည်လည်း တရုတ်ကို အာခံကာ မန္တလေး၊ မကွေး၊ စစ်ကိုင်း ရှိ PDF များကို လက်နက် တပ်ဆင်ပေးနေပြီ ဖြစ်သည်။

 

စစ်တပ်သည် နောက်ပိုင်းတွင် ဒရုန်းများ သုံးပြီး လက်နက်ခဲယမ်းများ ချပေးခြင်း၊ တည်နေရာ ထောက်လှန်းခြင်း၊ ကာမီကာဇေ တိုက်ခိုက်ခြင်းများ တိုး၍ လုပ်လာကြ၍ တော်လှန်ရေး ထိုးစစ်ကို အတိုင်းအတာ တခုထိ ဟန့်တား နိုင်ခဲ့သည်၊ သို့သော်လည်း အချိန်နှောင်းနေပြီ ဖြစ်၍ စစ်မြေပြင် ၏ ရွေ့လျားမှု လားရာကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိတော့ပေ။

 

လေကြောင်းမှ တိုက်ခိုက်မှု အများစုသည် မြေပြင်တပ်များကို ကူညီဖို့ထက် တော်လှန်ရေးတပ်များ သိမ်းပိုက်နယ်မြေ များရှိ လူထုကို ပြစ်ဒဏ်ခတ် နေခြင်း ဖြစ်သည်။ 

 

နယ်ခြား ဂိတ်များ လက်လွှတ်ခဲ့ရမှု ကြောင့် စီးပွားရေး သည် ပို၍ပင် ဆိုးဝါးလာခဲ့သည်။

 

မူဆယ် နှင့် မြဝတီ ဂိတ်များသည် စစ်တပ်လက်ဝယ် ရှိနေဆဲဟု ပြော၍ ရ‌သော်ငြားလည်း ပတ်ဝန်းကျင် နယ်မြေများအားလုံး တိုင်းရင်းသား တပ်များ လက်ဝယ်တွင် ရှိနေသည်။

 

အနှစ်ချုပ်ရမည် ဆိုလျှင် စစ်ခေါင်းဆောင်များ ၎င်းတို့ အုပ်ချုပ်ရေး ကို ငါးနှစ် ရောက်အောင် ဆန့်ထုတ်ထားနိုင်ခဲ့သော်လည်း တိုင်းပြည်၏ သုံးပုံ တပုံကိုသာ ဆုပ်ကိုင်ထားနိုင်တော့သည်။

 

စီးပွားရေး အားလည်း အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲနေမှု ကြောင့် ချွတ်ခြုံကျလာနေပြီး စစ်အင်အား တွင်လည်း စစ်မျက်နှာ အသီးသီး တွင် နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည်။

 

ထိုသို့သော အနေအထားမျိုး နှင့် ၂၀၂၅ တွင် စစ်တပ်သည် မည်သို့မျှ နာလံထူ လာနိုင်စရာ အကြောင်း မရှိတော့။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!