၂၀၂၁ အာဏာသိမ်းပြီး ချိန်ကစ၍ အမေရိကန် သည် မြန်မာ အရေး အပေါ် သတိကြီးကြီး ထားပြီး အခြေအနေများ အပေါ် မူတည်ပြီးသာ တုန့်ပြန်တတ်၍ ထိရောက်မှု မရှိခဲ့၊ နောက်ဆုံး ကွန်ဂရက် က ပြဋ္ဌာန်း ပေးခဲ့သည့် BURMA ACT ကိုပင် အကောင်အထည် ဖေါ်ဖို့ ဝေ့လည် ကြောင်ပတ် လုပ်လာခဲ့သည်။
ထိုအခြေအနေများကို ထရန့် အစိုးရ အနေဖြင့် ပြန်လည် ပြင်ဆင်ကာ မြန်မာ ပဋိပက္ခအား ငြိမ်းချမ်း စွာ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်း အပေါ် လျှောက်လှမ်း နိုင်မည့် မဟာဗျူဟာ ကို ထိရောက်စွာ ချမှတ် လုပ်ဆောင် နိုင်မည့် အခွင့် အရေး ရလာ နေပြီဟု Stimpson Center အတွက် ဩစတေးလျ နေရှင်နယ် တက္ကသိုလ် မှ ပီအိပ်ခ်ျဒီ ကျမ်းပြု ဟန်တား မာစ်တန် မှ ရေးသားလာခဲ့သည်။ ၎င်းသည် မြန်မာ အရေး အပေါ် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီ ကို အထူးပြု လေ့လာခဲ့သူလည်း ဖြစ်သည်။
မြန်မာ နှင့် ပတ်သက်ပြီး ဘိုင်ဒင် အစိုးရမှ လွဲမှားစွာ လက်ခံထားသည့် အချက် နှစ်ချက် ရှိနေသည်ဟု ဆိုသည်။
ပထမ အချက် က အမေရိကန် တို့ ပို၍ ပတ်သက်လာမည် ဆိုက ဘီဂျင်းမှ တားထားသော မျဉ်းနီ တခုခု ကို ကျော်သလို ဖြစ်သွားပြီး ၎င်းတို့ နှင့် ကြားခံ စစ်ပွဲ ဆင်နွှဲရသလို ဖြစ်သွားနိုင်သည်၊ ထိုသို့ မဟုတ်ကလည်း အနည်းဆုံး တရုတ်ဖက်က ယခုထက် ပိုပြီး စွက်ဖက်လာနိုင်သည့် အဖြစ် ရောက်သွားနိုင်သည်။
ဒုတိယ အချက်သည် ထိုသို့ ပို၍ ပတ်သက်လာရမည့် အစား အာဆီယံ အခြေပြု သံတမန်ရေး နည်းအရ ဖြေရှင်း ရေး ကို ထောက်ခံပေးခြင်းဖြင့် တရုတ်၏ မြန်မာကို အခြေပြု၍ အရှေ့တောင်အာရှ တွင် ဩဇာ လွှမ်းလာမည့် အရေး ဟန့်တားနိုင်မည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု မှတ်ယူလာခြင်း ဖြစ်သည်။
ဝါရှင်တန်ဖက် က ခပ်ခွာခွာ နေခဲ့သော်လည်း NUG အား အမေရိကန် လူ ဖြစ်သည်၊ တိုင်းရင်းသား အဖွဲ့များလည်း အနောက်နှင့် နီးစပ်လိုသည့် သဘောထား ရှိနေသည်ဟူသော တရုတ်၏ စိုးရိမ်မကင်း ဖြစ်နေမှု များ လျော့ပါးသွားခြင်း မရှိခဲ့ပေ။
တရုတ်ဖက်က အမေရိကန်သည် မြန်မာအပေါ် ယိမ်းနေသည်ဟု ယူဆကာ အဖြစ်မှန်ထက် ကျော်လွန်ပြီး အတွေးချော်နေခဲ့သည်။ အမေရိကန် ကွန်ဂရက်မှ BURMA ACT ကို ပြဋ္ဌာန်းပေးခဲ့သည့် လ မှာပင် ဘီဂျင်းသည် စစ်ကောင်စီ နှင့် တိုက်ရိုက် ဆက်ဆံနေမှု များကို အရှိန်မြှင့် တင်လာခဲ့သည်။
၂၀၂၂ ဒီဇင်ဘာလ ဥပဒေ ပြဋ္ဌာန်း ပေးလုဆဲဆဲ ဖြစ်လာချိန်တွင် တရုတ်မှ မြန်မာအရေး အထူး သံတမန် တိန်ရင်ချွန်းကို ခန့်အပ်ခဲ့သည်။ တိန်သည် နေပြည်တော်တွင် မင်းအောင်လှိုင် နှင့် တွေ့ပြီး၊ နောက်ပိုင်းတွင်လည်း တိုင်းရင်းသား အဖွဲ့များ နှင့် အပစ်အခတ် ရပ်စဲရေး တွန်းတွန်းတိုက်တိုက် လုပ်လာခဲ့သည်။
အမေရိကန် တို့ မူဝါဒ ရေးရာ တိတိကျကျ မရှိဘဲ လှေကြုံစီး လိုက်လာခဲ့မှု ကြောင့် နောက်ဆုံးတွင် ၎င်းတို့ အကြောက်ဆုံး ဖြစ်သည် တရုတ်တို့ ထဲထဲဝင်ဝင် ပတ်သက်လာမှု နှင့် ရင်ဆိုင်လာခဲ့ရသည်။
ယင်းနှင့် အတူ မြန်မာသည် တရုတ် အပေါ် ပို၍ အမှီပြုလာရပြီး ဘီဂျင်း၏ ဩဇာစက်ဝန်းသည်လည်း အရှေ့တောင်အာရှ တခွင် ဆန့်ထုတ်နိုင်ခဲ့သည်၊ အာဆီယံသည်လည်း ၎င်းတို့နှင့် မဆိုင်တော့သည့်အလား ပြုမူလာသည်။
၂၀၂၂ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မြန်မာ အရေး မဟာဗျူဟာ တွင် "နိုင်ငံ ရေရှည် တည်ငြိမ်မှု ရှိရန် အားဖြည့်ပေးရေး နှင့် အမေရိကန် အကျိုး စီးပွား ရှိရေး လမ်းဖွင့် ပေးနိုင်ရန် အတွက် အားလုံး ပါဝင်နိုင်မည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး" ဟူ၍ ဖေါ်ပြထားသည်။ မြန်မာပြည်သူများ နှင့် အပြုသဘော ဆောင်သော ထိတွေ့ ဆက်ဆံခြင်းမျိုး ဖြင့် ပြင်ပမှ ခြိမ်းခြောက် ဩဇာလွှမ်းမိုးလာမှု လျော့ပါးသွားစေနိုင်ပြီး အမေရိကန် ပြည်ထောင်စု အားလည်း ပါတနာ အဖြစ် ရွေးချယ် လက်တွဲလာရေး အာမခံ နိုင်မည် ဖြစ်သည်ဟူ၍လည်း ဆိုသည်။
ဘီဂျင်းသည် တဆင့်ပြီး တဆင့် အာဏာသိမ်း အဖွဲ့ကို တိုး၍ ပံ့ပိုး ပေးလာပြီး ၎င်းတို့၏ မဟာဗျူဟာ နှင့် အကျိုးစီးပွား အား ကာကွယ် နိုင်ရန် မြန်မာ ပြည်တွင်းရေး တွင် တက်တက်ကြွကြွပင် ဝင်ရောက် စွက်ဖက်နေကြပြီ ဖြစ်သည်။
မင်းအောင်လှိုင်ကိုပင် ဒေသတွင်း အစည်းအဝေး တက်ရန် ဆိုကာ ကူမင်းသို့ ဆင့်ခေါ်ခဲ့သည်။ ခရီးစဉ် အပြီး တွင် တရုတ်၏ ပုဂ္ဂလိက ပိုင် လုံခြုံရေး ကုမ္ပဏီများကို နိုင်ငံ အတွင်း လှုပ်ရှား ရန် ခွင့်ပြုသည့် သဘောတူ ညီချက် ရရှိခဲ့သည်ဟု ဘီဘီစီ သတင်း တွင် ပါရှိလာသည်။ စစ်အေး တိုက်ပွဲ ကာလ အတွင်း ကွန်မြူနစ် များကို တရုတ်မှ ထောက်ခံခဲ့မှု ကြောင့် မြန်မာ စစ်တပ်မှ အစဉ်အဆက် မယုံကြည်ခြင်း ခံနေရသည့် ကြားမှ ယခုလို ခေါ်သွင်းရန် အထိ ဖြစ်လာခဲ့၍ အငြင်းပွားစရာ ဖြစ်လာခဲ့သည်။
ထိုအနေအထား ကြောင့် အမေရိကန် အတွက် အရေးပါသည့် သက်ရောက်နိုင်စရာ အချက် နှစ်ချက် ရှိလာသည်။
ပထမ အချက်သည်ကား အာဏာ သိမ်းပြီးနောက် မြန်မာ အပေါ် ချဉ်းကပ်မှု သည် သတိကြီးစွာထားရင်းက အလုံးစုံ လျစ်လျူရှူသလို ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် စစ်တပ်သည် ဒီမိုကရေစီ ဖက် လှည့်မလာတော့ဘဲ တရုတ်၏ ဩဇာအာဏာ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာအောင် ဆီထိုးပေးသလို ဖြစ်လာခဲ့သည်။
ဒုတိယ အချက်က ပို၍ လက်တွေ့ နှင့် ဆိုင်သည်၊ ဝါရှင်တန်သည် တရုတ် ဆွဲထားသော မျဉ်းနီ ကို မကျော်စေဘဲ ဦးဆောင် လုပ်နိုင်သည့် နည်းလမ်းပေါင်း များစွာ ရှိနေသည်။ မျဉ်းနီသည် အဓိကအားဖြင့် တော်လှန်ရေး အဖွဲ့များကို တိုက်ရိုက်လက်နက် တပ်ဆင်ပေးခြင်း၊ အထူးသဖြင့် နိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ဖက်တွင် အနောက်အုပ်စု မှ ခြေလှမ်းလာခြင်း တို့ဖြစ်သည်၊ ၎င်းတို့အား နိုင်ငံ မြောက်ပိုင်းသိူ့ ခရီး မထွက်ရန် တရုတ် သံအမတ် က ဖိအားပေးမှု များ ရှိလာခဲ့သည်ဟု အမေရိကန် သံအမတ်ဟောင်း နှစ်ဦးစလုံးက ပြောခဲ့ဘူးသည်။
ထို့သို့ မျဉ်းနီကို မထိစေရဘဲ နည်းပညာများ အကူအညီပေးခြင်း၊ ဆက်သွယ်ရေး ကရိယာ များ ပေးပို့ခြင်း၊ ကြား နိုင်ငံ တခုခု တွင် တော်လှန်ရေး အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ အား ဖိတ်ခေါ်ပြီး နိုင်ငံ အနာဂတ် အတွက် အမြင်ချင်း ဖလှယ် နိုင်အောင် ဆွေးနွေးပွဲ ပြုလုပ်ပေးခြင်း အစရှိသည်တို့ လုပ်ပေးနိုင်သည်။
ယခုအခါ မြန်မာ မူဝါဒ အပေါ် ပြန်လည် သုံးသပ်ဖို့ အချိန်ကောင်း ဖြစ်သည်။
သို့သော် ထရန့်အစိုးရ အဖွဲ့တွင် အရေးပါသော အာရှ ရာထူးများ အတွက် မည်သူကို ခန့်ထားမည်ကို တိတိကျကျ မသိရသေး၊ လက်ရှိတွင်တော့ ၎င်းဘေး ပတ်ပတ်လည်ရှိ အမျိုးသား လုံခြုံရေး အကြံပေး မိုက် ဝေါ့ဇ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး မူဝါဒ ပိုင်း တာဝန်ခံ ဂျေကော့ ဟဲဘတ်ခ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို တို့ အားလုံးသည် တရုတ်အပေါ် သဘောထား တင်းမာသူများချည်း ဖြစ်နေသည်။
အားလုံးက တရုတ် နှင့် ထိတ်တိုက်ရင်ဆိုင် တွေ့ရေး လမ်းကြောင်း ပေါ်သို့ တွန်းပို့ကြမည့် လူများ ဖြစ်သည်။ ထိုအထဲတွင် တရုတ်၏ နောက်ဖေး တံခါးပေါက် တွင် ရှိနေသော မြန်မာအထိလည်း ရောက်လာနိုင်သည်။
သို့သော် ပြည်ပ ပဋိပက္ခများ တွင် အမေရိကန် မပတ်သက်စေရ ဟူသော ထရန့် ၏ ကတိကဝတ် ပြုထားမှု များကြောင့် မြန်မာတို့၏ တော်လှန်ရေး အား ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ထောက်ပံ့ပေးလာဖို့ မရှိသော်လည်း တရုတ်ရှိ မြန်မာ စစ်တပ်ကို ပံ့ပိုးပေးနေသော ကုမ္ပဏီများ၊ သယံဇာတများ ထုတ်နှုတ်ယူနေသော ကုမ္ပဏီများ အား ဒဏ်ခတ် ပိတ်ဆို့ရမည့် စာရင်းထဲ ထည့်သွင်း ပစ်လာနိုင်သည်။
သို့သော်ငြားလည်း ထရန့်သည် ရှီကျင့်ပင် နှင့် သဘောတူညီမှု တခုခု ရအောင် လိုလား နေသေယာင် ရှိ၍ အရှေ့တောင် အာရှ ရှိ တရုတ်ဩဇာ စက်ဝန်းကို အပေးအယူ အဖြစ် လွှတ်ပေးလာနိုင်သည်။ (ယနေ့ သတင်းအရ ထရန့် သည် ရှီကျင့်ပင် နှင့် ဖုန်းပြောခဲ့ပြီး ကုန်သွယ် ရေး၊ ဖန်တနော နှင့် တစ်တော့ခ် ကိစ္စများ အဆင်ပြေပြေ ဆွေးနွေးနိုင်ခဲသည်ဟု ပြောလာခဲ့သည်။ တရုတ် ဒုသမ္မတ သည် ထရန့် ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနား တက်ရောက်မည် ဖြစ်သည်)
ထိုသို့ လွှတ်ပေးမည်ဆိုက တော်လှန်ရေး အတွက် အမေရိကန် ထောက်ခံမှု ကျဆင်းသွားနိုင်သည်။
ထရန့် အစိုးရ အဖွဲ့အတွင်း တရုတ်နှင့် ပတ်သက်၍ အမျိုးမျိုး သဘောကွဲလာနိ့င်၍ မြန်မာ အရေး အပေါ် အယူအဆများ ရှုပ်ထွေးလာနိုင်သည်။ ထရန့် အစိုးရ အဖွဲ့၏ အာရှ ရေးရာ အကြံပေးများ အနေဖြင့် ဘိုင်ဒင် အစိုးရ မအောင်မြင်ခဲ့မှု များ ပြန်လည် သုံးသပ်ပြီး အမေရိကန်၏ ရေရှည်ရည်မှန်းချက်များ အတွက် နည်းလမ်းများ ရှာကြံရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!