အဘယ်ကြောင့် ထရန့် မှ ပနားမား တူးမြောင်းကို သိမ်းပိုက်ချင်နေရသနည်း

by Hla Soewai - Jan 19 2025

၁၉၇၈ တွင် အမေရိကန် သမ္မတ ဂျင်မီ ကာတာ မှ ပနားမား တူးမြောင်းကို ပနားမား အစိုးရ ထံ လွှဲပြောင်းပေးလာခဲ့သည်။ အဓိကအားဖြင့် ကုန်သွယ်ရေး အခွင့်အလန်း များ ဖွံ့ဖြိုး တိုးတက်လာရန် နှင့် လက်တင် အမေရိကား တွင် အမေရိကန် ဆန့်ကျင်ရေး သဘောထားများ လျော့ပါးသွားစေရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

 

၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဂျင်မီ ကာတာ သည် အာရီဇိုးနား တွင် ထရန့်မှ ၎င်းအား ထောက်ခံသူများအား ပနားမား တူးမြောင်းကို လွှဲပြောင်းပေးခဲ့ခြင်းသည် လွန်စွာ မှားယွင်းသော လုပ်ရပ်ဖြစ်ပြီး ယခု အခါ တူးမြောင်း ဖြတ်သန်းခ ကို မတန်မဆ ကောက်ယူ နေခြင်း ဖြင့် အမေရိကန် စားသုံးသူများ အိပ်ကပ်ထဲမှ ငွေများ နှိုက်ယူနေသည်ဟု ပြောခဲ့သည်များကို ၎င်း မကွယ်လွန်မီ ကြားကောင်း ကြားသွား နိုင်ပေသည်။

 

နောက် နှစ်ပတ် ခန့် အကြာတွင် ထရန့်မှ ရေကြောင်းလမ်းကို "တရုတ်စစ်သားများ" စောင့်ကြပ်နေကြောင်း ပြောဆိုပြီး အင်အားသုံးပြီး ပြန်ယူရန် ဝန်မလေး ဟူ၍ပင် ထပ် ပြောလာခဲ့သည်။

 

အဘယ်ကြောင့် ထရန့် ထိုသို့ လုပ်ချင်နေရသနည်း။

 

၁၉၀၃ ခုနှစ်တွင် သမ္မတ သီအိုဒို ရုစ်ဘဲလ်မှ ပြင်သစ် အင်ဂျင်နီယာများ လက်လျော့ထားခဲ့သည့် တူးမြောင်း စီမံကိန်းကို စတင်လာခဲ့သည်။ အဓိက အားဖြင့် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာခဲ့သော ကြောင့်ပင် ဖြစ်သည်။

 

အမေရိကန်ရေတပ်သည် လက်တင် အမေရိကားကို ကွေ့ပတ်သွားစရာ မလိုဘဲ ပစိဖိတ် နှင့် အတ္တလန်တိတ် သမုဒ္ဒရာ အကြား ဖြတ်သန်းသွားချင်လာသည်။ နှစ်ဆယ်ရာစု နှစ် အစောပိုင်းမှာပင် တူးမြောင်းရှိ ၃၀၅ မီတာ ရှည်သော သင်္ဘော များအား အနိမ့်အမြင့် လိုသလို အတင်အချ လုပ်ပေးနေသည့် ရေသွင်း ရေနှုတ် အကန့် ဖြစ်သည့် တူးမြောင်း၏ lock ကို ဖြတ်သန်းနိုင်ရန် ၎င်းတို့၏ ရေတပ်သင်္ဘောများကို ပြင်ဆင်မွမ်းမံလာခဲ့သည်။

 

၁၉၇၇ တွင် ချုပ်ဆိုခဲ့သော တော်ရီဂျို-ကာတာ သဘောတူညီချက်တွင် ရေကြောင်းလမ်းအား ကြားနေ အဖြစ် ထားရှိပြီး နိုင်ငံအားလုံး၏ သင်္ဘောများအား ဝင်ထွက်ခွင့်ပြုရန်၊ ထိုအနေအထားကို ထိန်းသိမ်းနိုင်ရန် လိုအပ်လျင် အမေရိကန် ပြည်ထောင်စု မှ စစ်ရေး အရ ဝင်ရောက်စွက်ဖက် နိုင်ခွင့် ရှိရမည်ဟု ပါရှိခဲ့သည်။

 

ပနားမား တူးမြောင်းသည် နှစ်ဆယ့် တရာစုထဲ ဝင်လာသည့်အထိ အရေးပါသော ကုန်သွယ်လမ်းကြောင်း အဖြစ် ရောက်မလာခဲ့ပေ။ ၂၀၁၆ တွင် ပိုမိုကြီးမားသော Lock ကို ဖွင့်လှစ်ပေးနိုင်ခဲ့၍ Neopanamax ဟု ခေါ်သော သင်္ဘောကြီးများ ဝင်ထွက် နိုင်ပြီး ကုန်စည်များ ပိုမိုသယ်ဆောင်လာနိုင်ခဲ့သည်။

 

မကြာသေးမီ နှစ်များ အတွင်း ကမ္ဘာရေကြောင်း ကုန်သွယ်မှု၏ ၅ ရာနှုန်းသည် တူးမြောင်းကို အသုံးပြုခဲ့ကြသည်။ တူးမြောင်းအား အစိုးရ နှင့် မပတ်သက်သော ပုဂ္ဂလိက အေဂျင်စီ တခုမှ တာဝန်ယူ ဆောင်ရွက်ပေးနေပြီး ပနားမား အစိုးရ သည် ဝင်ငွေ အဖြစ် နှစ်စဉ် ဒေါ်လာ ၂.၅ ဘီလီယံ ရရှိနေသည်။

 

အမေရိကန် တို့ နှပ်ချ ခံနေရသည် ဆိုသော ဒေါ်နယ်ထရန့်၏ အပြောသည် အခြေအမြစ် မရှိလှဟု ဆိုရမည် ဖြစ်သည်။ ဖြတ်သန်းခသည် ပုံမှန်အားဖြင့် သင်္ဘော တစင်းလျှင် ဒေါ်လာ ၄၀၀,၀၀၀ ထက် မကျော်ဟု သိရသည်။ ထိုပမာဏ သည် ခရီးစဉ် တခုလုံး ကုန်ကျငွေ၏ ၅ ရာနှုန်းခန့်သာ ရှိသည်။

 

ရေထုတ်ရေသွင်း လုပ်ရန် ‌ရေရှားပါးလာသည့် အချိန်မျိုး တွင် မူ သင်္ဘော အနည်းငယ်သာ ဖြတ်သန်း နိုင်၍ လေလံ ဆွဲရသည် အထိ ဖြစ်လာခဲ့သည်။ ၂၀၂၃ နိုဝင်ဘာလ တွင် ဓါတ်ငွေ့ရည်များ သယ်ဆောင်လာသော သင်္ဘောတစင်းသည် ဖြတ်သန်းခ အတွက် ဒေါ်လာ ၄ သန်း အထိ ပေးခဲ့ရ၍ စံချိန်တင်သွားခဲ့သည်။

 

အမေရိကန် စစ်သင်္ဘောများကတော့ တန်းစီစရာ မလိုပဲ ဦးစားပေး ခံရသည်။ ပြီးခဲ့သည့် ၉ နှစ် အတွင်း ဖြတ်သန်းခ အဖြစ် စုစုပေါင်း ဒေါ်လာ ၁၇ သန်းသာ ပေးခဲ့ရသည်။ ကုန်တင်သင်္ဘောများ ဖြတ်သန်းခ သည် သိသိသာသာ လျော့နည်းနေပြီး ရေတပ်သင်္ဘောများလည်း ဈေးပေါပေါ နှင့် ဦးစားပေး ဖြတ်သန်းခွင့် ရနေသည်။

 

ထိုသို့သော အ‌ခွင့်အရေး မျိုး ရနေပါလျက် နှင့် ဒေါ်နယ် ထရန့် သည် အဘယ်ကြောင့် တူးမြောင်းကို သိမ်းယူမည်ဟု ခြိမ်းခြောက်နေရသနည်း။

 

အလွယ်ဆုံး ‌အဖြေပေးရမည် ‌ဆိုက ‌ထရန့်သည် ဂရင်းလန် ကဲ့သို့ပင် ဘူမိ နိုင်ငံရေး နှင့် ပတ်သက်၍ သူသိ သူတတ် ပြလိုသည့် မာန် ရှိနေ၍ ဟု ဆိုရမည် ဖြစ်သည်။ တူးမြောင်း နှင့် ပတ်သက်၍ တရုတ်ဩဇာ လွှမ်းနေမှု ကို လျော့ချရန် ပနားမား အား ဖိအားပေးလိုပုံလည်း ရသည်။

 

ထရန့် ပြောသလို တရုတ် စစ်သားများက တူးမြောင်းကို ကြီးကြပ်မနေကြသော်လည်း တရုတ် သံတမန် များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အရှိန်အဝါ ပနားမား တွင် သက်ရောက်နေသည်က အမှန်ပင် ဖြစ်သည်။

 

ထရန် ၏ ပထမ သမ္မတ သက်တမ်း အတွင်း မှာပင် ပနားမားသည် တိုင်ဝမ် နှင့် သံတမန် ဆက်ဆံရေး အဆုံးသတ်ခဲ့ပြီး ဘီဂျင်း နှင့် သံတမန် ဆက်သွယ်လာခဲ့သည်။ ထို့နောက်တွင်တော့ ပနားမား ရှိ အခြေခံ အဆောက်အအုံ ပိုင်း များ အတွက် တရုတ် ၏ ရင်းနှီး မြုပ်နှံ မှု များ ဒလဟော စီးဝင်လာခဲ့သည်။ တူးမြောင်း ထိပ်တွင် တရုတ်သံရုံးအား အပျံစား ဆောက်လုပ်ရန် ကြံစည်ထား မှု သည် အမေရိကန် ဖိအား ကြောင့် ပျက်ပြားသွားခဲ့ရသည်။

 

၂၀၂၁ တွင် ပနမား အစိုးရသည် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီ တခု၏ လက်ခွဲကုမ္ပဏီ မှ လုပ်ကိုင်နေသည့် အရေး ပါသည့် ဆိပ်ကမ်းကြီးတခု လုပ်ပိုင်ခွင့် ကို နောက်ထပ် ၂၅ နှစ် သက်တမ်း တိုးပေးခဲ့သည်။

 

ပနားမား သမ္မတ ဟိုဆေး ရာအူး မူလီနို သည် အမေရိကန် နှင့် ဆက်ဆံရေး အဆင်ပြေရန် ကြိုးစားလာခဲ့သည်။ ၎င်း အာဏာရလာပြီးနောက် ၂၀၂၄ ဇူလိုင်လတွင် ပနားမား ရှိ တောင် နှင့် မြောက်အမေရိကား ကို ကုန်းလမ်း မှ ဝင်‌‌ ရောက် နိုင်သည့် Darien Gap မှ ဝင်ရောက်လာသူများ ကို ကန့်သတ် ပေးမည် ဆိုသည့် သဘောတူညီချက် ကို လက်မှတ်ထိုးပေးခဲ့သည်။ High-speed မီးရထားလမ်း ဆောက်လုပ်ရေး အတွက် အမေရိကန် ကုမ္ပဏီ တခုအား ကန်ထရိုက် ပေးခဲ့သည်။

 

ဒေါ်နယ် ထရန့်က ထိုမျှ နှင့် မကျေနပ်၊ ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ယခုထက် ပို၍ ထိန်းချုပ်ရန်၊ အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြုပ်နှံနိုင်မည့် အခြေအနေများ ဖန်တီးပေးရန်နှင့် တရုတ်ဖက်က မရပ်တည်ရန် တို့အတွက် ဖိအားပေးလာခဲ့သည်။

 

ပနားမားသည် တိုင်ဝမ် အတွက် အထူး ကုန်သွယ်ရေး ရုံး ဖွင့်လာခဲ့သော်လည်း ထရန့်မှ တရုတ် နှင့် သံတမန် အဆက်အသွယ် ဖြတ်သည်အထိ လုပ်စေချင်နေသည်။

 

မည်သို့ပင် ပြောနေစေကာမူ ပနားမား သမ္မတ မှ တူး‌မြောင်း ၏ စတုရန်း မီတာ တိုင်းကို ပနားမားသာ ပိုင်ဆိုင်စေရမည်ဟု အာမခံ လာခဲ့သည်။

 

(၂၀၂၅ ဇန်နဝါရီ ၉ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသည့် What would Donald Trump gain from seizing the Panama Canal? ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)