အပိုင်း (၄)
ORDER and DISORDER
သမိုင်း ဆိုသည် က ထိုစဉ်က ကမ္ဘာတွင် ပေါ်ပေါက်နေသော အုပ်ချုပ်မှု စနစ်၊ ပျက်စီး ပြိုကွဲသွား မှု နှင့် အခြား ပုံစံ တမျိုးမျိုး နှင့် ပြန်လည် ထွက်ပေါ်လာမှု အဖြစ်သနစ်များကို စုပေါင်း စပ်ပေါင်း တင်ပြထားသော ဇာတ်ကြောင်းသာ ဖြစ်သည်။
အနှစ်ချုပ် အားဖြင့် ကမ္ဘာ စနစ် တရပ် ဆိုသည်ကား အချိန်ကာလ တခု၊ သို့မဟုတ် သတ်မှတ်ထားသော အချိန်အပိုင်း အခြား တခု အတွင်း ဖြစ်ပေါ်နေသော ကမ္ညာ အခြေအနေများကို တိုင်းတာ ဖေါ်ပြခြင်းမျိုး ပင် ဖြစ်သည်။
ဖြစ်ပေါ်နေသော အရှိန် အတိုင်းအတာ နှင့် လားရာ တို့ နှင့်လည်း သက်ဆိုင်နေသည်။ ဥပမာ ဆိုရက လူတဦး၏ ကျန်းမာရေး စစ်ဆေးရာတွင် အကောင်းအဆိုး လက္ခဏာများ ဒွန်တွဲ တွေ့ရခြင်းမျိုး ကဲ့သို့ ဖြစ်သည်။ ယင်းအား လျပ်တပြက် ပုံရိပ် သို့ မဟုတ် ရုပ်ရှင်ကား တကားလို ရှူမြင်နိုင်သည်။
အတိုင်းအတာ ဆိုသည်ကား နိုင်ငံတကာ ဆက်ဆံရေး ကို မည်သို့ မည်ပုံ ကျင့်သုံးသွားသင့်သည် အပေါ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားမှု၊ သို့မဟုတ် ထိုသို့ လက်ခံထားသည့် စည်းမျဉ်း စည်းကမ်း များကို အင်အား ချိန်ခွင်လျှာ ညှိ၍ ကျားကန် ပေးထား နိုင်မှု တို့ အပေါ် ထင်ဟပ်စေသည်။ ထိုသို့ ကျားကန်ပေးထားခြင်းဖြင့် ဖေါက်ဖျက်လိုစိတ် ပေါ်မလာအောင် ဟန့်တား ထားနိုင်ပြီး ဖေါက်ဖျက်မည် ဆိုပါကလည်း ပျက်သုံးသွားမည်သာ ဖြစ်သည်။
ကျင့်သုံးနေသည့် ကမ္ဘာစနစ် တရပ်ကို တိုင်းတာရာတွင် အစီအစဉ် တကျ ရှိမှု၊ ပျက်သုံးလာမှု၊ ထိုဖြစ်စဉ် နှစ်ခု အကြား ညီမျှမှု ရှိမရှိ ဆိုသည့် ဝိသေသ လက္ခဏာ များလည်း မရှိမဖြစ် ပါဝင်လာခဲ့သည်။
ကမ္ဘာတဝှမ်း လုံးဝ ငြိမ်းချမ်းနေသည်မျိုးက မည်သည့် အခါမျှ မရှိခဲ့၊ အလားတူပင် တရားမျှတမှု၊ ညီမျှ မှု များ ပြီးပြည့်စုံ နေသည် ဆိုသည်ကလည်း ပို၍ပင် ဝေးကွာ နေခဲ့သည်။
ထို့အတွက် အားလုံးကို ခြုံပြီး အဓိက ကျသော မေးခွန်း တခု ထွက်ပေါ်လာခဲ့သည်။ တကမ္ဘာလုံး အပေါ် လွှမ်းခြုံသော စနစ် ဆိုသည်ကား အဘယ်ကြောင့် အရေးပါနေရသနည်း ဆိုသည်ပင် ဖြစ်သည်။ ထိုစနစ်သည် နိုင်ငံများ အကြား၊ အထူးသဖြင့် ထိုခေတ် ထိုအခါက ရှိနေသော အင်အားကြီး နိုင်ငံများ အကြား လိုက်နာကျင့်သုံးမှု လျော့နည်းလာမည် ဆိုက လူအသက်များ ဆုံးရှုံးမှု၊ အရင်းအမြစ်များ ကုန်ခမ်းမှု များ လွန်စွာ ကြီးမားလာမည့် အပြင် ကြွယ်ဝ ချမ်းသာရေး နှင့် လွတ်လပ်ခွင့် များလည်း သိသိသာသာ ထိခိုက်သွားမည်သာ ဖြစ်သည်။
နှစ်ဆယ်ရာစု ၏ ပထမ နှစ်ဝက်ကို ပြဋ္ဌာန်းပေးခဲ့သည့် ကမ္ဘာစစ်ကြီး နှစ်ခု ၏ သင်ခန်းစာများလည်း ရှိနေခဲ့ပြီး ဖြစ်သည်။
ဤသည်ကို ကြည့်မည်ဆိုက ကမ္ဘာစနစ် ဆိုသည်က မည်မျှအထိ အခြေခံကျကျ အရေးပါနေသည်ကို သိနိုင်ပေသည်။ အဘယ်ကြောင့် ဆိုသော အဆိုပါ စနစ်မျိုး တည်ရှိနေမှု၊ ပျောက်ကွယ်သွားမှု များက ယခုလို အပြန်အလှန် ထိစပ် ဆက်နွယ်နေသော ခေတ်ကြီး တွင် လူတိုင်း အတွက် အကျိုးရှိမည်၊ ဆုတ်ယုတ်သွားမည် ဆိုသည်ကို သိသာစွာ ထင်ဟပ် လာတော့မည် ဖြစ်သည်။
နိုင်ငံတကာ ဆက်ဆံရေး ဆိုသည်က အောက်စီဂျင် နှင့် အလားသဏ္ဍန်တူပေသည်။ နိုင်ငံတကာ ဆက်ဆံရေး ဖြင့် နယ်ပယ် တိုင်းလိုလိုတွင် ပူးပေါင်း ဆောင်ရွက် နိုင်မှု သည် ဖြစ်နိုင်ခြေ ရှိပြီး ထိုသို့ မရှိက တိုးတက်လာမည့် အလားအလာများ မှေးမှိမ် ပျောက်ကွယ် သွားပေလိမ့်မည်။
ဩစတေးလျှ ပညာရှင် ဟက်ဒလေ ဘူးလ် မှ ၎င်း၏ သုတေသန စာအုပ် The Anarchical Society မင်းမဲ့ လူ့အစည်း အရုံး စာအုပ်တွင် နိုင်ငံတကာ စနစ် နှင့် နိုင်ငံတကာ အဖွဲ့အစည်း များ အကြောင်း ရေးသားခဲ့သည်။ ထိုစာအုပ်တွင် ကွဲပြားမှု များကို အတန်းအစား အလိုက် ဖေါ်ပြထားသည်။
နိုင်ငံတကာ စနစ် ဆိုသည်ကား မူဝါဒ ပိုင်း ဆုံးဖြတ်ထားခြင်း မျိုး သတ်သတ်မှတ်မှတ် မရှိဘဲ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ အင်အားစုများသည် အလွယ်တကူ ဆက်ဆံ ပတ်သက်နေကြခြင်းမျိုး ဖြစ်သည်ဟု ဆိုသည်။ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ ဟူ၍ ရွေးချယ်စရာ မရှိ၊ နိုင်ငံတကာ အဖွဲ့အစည်း နှင့် ကွဲလွဲချက်သည် ကား နိုင်ငံတကာ အဖွဲ့အစည်း များသည် ပါဝင်သည့် နိုင်ငံများ၏ သဘောတူညီချက် များ၊ စည်းမျဉ်းစည်းကမ်းများ၊ တာဝန်ခံချက် များ နှင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ လုပ်ရမည်၊ လုပ်ရန် မကြိုးစား ဆိုသည့် အတိုင်းအတာ ကို ထင်ဟပ်စေသည်။
အဖွဲ့အစည်း၏ ဝိသေသ လက္ခဏာ များ ကြောင့် အစိုးရများသည် အငြင်းပွားမှု များကို ဖြေရှင်းရာတွင် အင်အားမသုံးဘဲ သံတမန်ရေး နည်းကို အသုံးပြုခြင်း၊ ကုန်သွယ်ရေး နှင့် စပ်လျင်းပြီး သတ်မှတ်ထားသော စည်းမျဉ်းများကို လိုက်နာခြင်း၊ ရာသီဥတု ပြောင်းလဲလာမှု၊ ဒုက္ခသည် ပြဿနာ၊ နျူကလီယား ပြန့်ပွားမှု၊ အကြမ်းဖက် ဝါဒ များ အား အတူတကွ ကျောချင်းကပ် ရင်ချင်းကပ် အဖြေရှာခဲ့ကြသည်။
နိုင်ငံတကာ မျက်နှာစာတွင် ဘူးလ်၏ "အဖွဲ့အစည်း" ဆိုသော အမြင်တွင် တိကျသော အဓိပ္ပါယ်များ ပါရှိလာသည်။ ၎င်း၏ အမြင်တွင် အဖွဲ့အစည်း တွင် အဓိက ပါဝင်သော နိုင်ငံသားများ သည် နိုင်ငံများ သာ ဖြစ်သည်ကို ပထမ အချက် အဖြစ် ဖေါ်ပြထားသည်။ ဒုတိယ အချက်အနေဖြင့် အဖွဲ့အစည်း၏ အခြေခံ ရပ်တည်ချက် တွင် အသင်းဝင် နိုင်ငံများ တွင် အုပ်ချုပ်နေကြသော အစိုးရများသည် ၎င်းတို့၏ နယ်နမိတ် အတွင်း ဆန္ဒရှိသလို စိတ်ကြိုက်လုပ်ပိုင်ခွင့် ရရှိနေခြင်းပင် ဖြစ်သည်။
ထိုသို့ လုပ်ပိုင်ခွင့် အာဏာများကို မွေးရာပါ အခွင့်အရေး အဖြစ် ရရှိခဲ့ကြခြင်း၊ တော်လှန်ရေး ဖြင့်သော်၎င်း၊ ရွေးကောက်ပွဲ ဖြင့်သော်၎င်း၊ သို့မဟုတ် က အခြားနည်းလမ်းများဖြင့် သော်၎င်း မည်သို့ပင် ရရှိကြစေကာမူ အသင်းဝင်ဖြစ်ခွင့် နှင့် သက်ဆိုင်ခြင်း မရှိဟု ဆိုသည်။
တတိယ အချက် အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်း ဝင်များသည် အသင်းဝင် နိုင်ငံများ ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို လေးစားရမည်၊ လက်ခံပေးရမည်၊ အသင်းဝင် အဖြစ် တည်ရှိခွင့်ကို အသိအမှတ် ပြုရမည်။
နိုင်ငံတကာ ဆက်ဆံရေး အပေါ် ထိုသို့ ချဉ်းကပ်မှု အား "live and let live" ဆိုသော မိမိတို့ နှင့် လူနေမှု စနစ် နှင့် ယုံကြည်မှု ကွဲပြားနေသော်ငြားလည်း သည်းငြည်းခံ ပြီး လက်ခံ ပေးနိုင်သည် နယ်ခြား ဖြတ်ကျော် နားလည်မှု မျိုးဟု ဆိုလျှင် မမှားလှဟု ဆိုရမည် ဖြစ်သည်။