အပြောတမျိုး အလုပ်တမျိုး ဖြစ်လာမည့် အမေရိကန်

by Hla Soewai - Jan 19 2025

သမ္မတ ဂျိုး ဘိုင်ဒင် သည် ဇန်နဝါရီ ၁၅ ရက် အမေရိကန် စံတော်ချိန် ည ၈ နာရီ တွင် နိုင်ငံသို့ နှုတ်ဆက် မိန့်ခွန်း ပြောကြားရင်း နိုင်ငံ‌ ရေး စင်မြင့်မှ ပျောက်ကွယ်သွား မှု နှင့် အတူ မြန်မာ အရေး ကိုလည်း ပြီးလွယ် စီးလွယ် ပစ်ထားခဲ့ပြီ ဖြစ်သည်။

 

ကမ္ဘာလူစွာ ကြီး အဖြစ် ပုခုံးချင်း။ယှဉ်လာမည့် နိုင်ငံ မှန်သမျှ ကို ရန်သူ အဖြစ် သဘောထား လေ့ ရှိသည်။ ၎င်းတို့ စီမံဖန်တီးထားသည့် world order ဆိုသော ကမ္ဘာစနစ်ကြီး ဖြင့် ဗိုလ်ကျ စိုးမိုးလာခဲ့သည်၊ ၎င်းတို့ မဟာမိတ်များ ရင်ဆိုင်နေရသော ပြဿနာ များကိုလည်း အမြဲလို ထိတ်တိုက် ရင်ဆိုင်စေသည့် နည်း ဖြင့် ရန်စောင်ခိုင်းထားပြီး တိုက်လေယာဉ်များ၊ လက်နက်ဆန်းများ ရောင်းချ ပေးခြင်း ဖြင့် စီးပွားဖြစ်လာကြသည်။

 

ယခုအခါ အမေရိကန်၏ လူပါးဝမှု က အနည်းငယ် ကမ်းကုန်လာပြီ ဖြစ်သည်ဟု ယူဆမိသည်၊ ပြီးခဲ့သည့် ဇန်နဝါလ ၉ ရက်နေ့ တွင် အမေရိကန် အောက်လွှတ်တော်မှ "Illegitimate Court Counteraction Act" (ICC Act) ကို အတည်ပြု ပြဋ္ဌာန်း ပေးလာခဲ့သည်။ အဆိုပါ ဥပဒေ သည် အိုင်စီစီ အား ဥပဒေမဲ့ တရားရုံး အဖြစ် သတ်မှတ်လိုက်ခြင်း ပင် ဖြစ်ပြီး အမေရိကန် နိုင်ငံသား တဦးဦး သို့မဟုတ် မဟာမိတ် အဖြစ် ရပ်တည်နေသော (ဆိုလိုသည်က အစ္စရေး) နိုင်ငံ၏ နိုင်ငံသား တဦးဦး အား စုံစမ်းစစ်ဆေး ဖမ်းဆီး သူ မည်သည့် နိုင်ငံခြားသား မဆို ဆန်ရှင်း လုပ်သွားမည့် ဥပဒေ ဖြစ်သည်။

 

ဤသည်က ၎င်းတို့ တီထွင် ဖန်တီးထားသော ကမ္ဘာစနစ်ကိုပင် ဖျက်လိုဖျက်ဆီး လုပ်လာသည့် ထင်ရှားသည့် သာဓက ပင် မဟုတ်ပါလော။

 

သို့သော် ယခုလို လူမိုက်များ အလျိုလျို ထွက်လာသည့် ကာလ ကြီးတွင် ၎င်းတို့က မပေါင်းလို့ မဖြစ်သည့် လူမိုက် ကြီး တဦးလည်း ဖြစ်နေပြန်သည်။

 

လက်ရှိတွင် ကမ္ဘာတွင် စံချိန်တင်လောက်အောင် ရှည်ကြာလာနေသည့် မြန်မာ ပြည်တွင်းစစ်ကြီး ၏ ဂယက် ရိုက်ခတ် လာနိုင်မှု အတိုင်းအတာ ကို မှန်မှန်ကန်ကန် ရှူမြင် နိုင်ခြင်း မရှိသေးပဲ နိုင်ငံရေး သမား အများစု က ဆိုဗီယက် ခေတ် အရှေ့ ဥရောပ နိုင်ငံများလို မြန်မာ အားလည်း တရုတ် ဩဇာစက်ဝန်းထဲရှိ နိုင်ငံတခု အဖြစ် သတ်မှတ်ပြီး ပြဿနာ အဖြစ် မခံလိုက လက်ရှောင်ရမည့် အရေးဟု သတ်မှတ်ထားကြသည်။

 

ထိုသို့ လက်ရှောင်ထားသည်အတွက်လည်း မိမိတို့ဖက်က အရေး မစိုက်တော့၊ ပြစ်တင်ရှုတ်ချ ပေးဖေါ် ရ သေး သည်ကိုပင် ကျေးဇူး တင်ရပေဦးမည်။

 

အမေရိကန် သည် ကမ္ဘာ စနစ် ကြီးကိုပင် ရှေ့လျောက် အရေးမထားတော့၊ ဒီမိုကရေစီ၊ လူ့အခွင့် အရေး များသည် လည်း နိုင်ငံခြားရေး ဌာန ဗျူရိုကရက်များ၏ ပါးစပ်ဖျား တွင်သာ တတွတ်တွတ် ရေရွတ် ရင်း ကျန်ခဲ့တော့မည် ဖြစ်သည်။

 

ယခုပင် အီလွန် မတ်စ် ဦးဆောင်မည့် Department of Efficiency ခေါ် စွမ်းဆောင်ရေ ပြည့်ဝမှု ရှိရေး ကြီးကြပ်မည့် ဌာနသည် မြန်မာ ကျောင်းသား များ နှင့် အနာဂတ် ခေါင်းဆောင်ကောင်းများ အတွက် စကောလားရှစ် ပေးနေသည့် ပရိုဂရမ်ကို အကျိုးမရှိဟု ဆိုသည့် စာရင်း တွင် ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

 

ထိုကဲ့သို့ အလားအလာများ ထွက်ပေါ်လာနိုင်သဖြင့် ကျွန်တော် အစိုးရိမ်ဆုံးက နောက်တက်လာမည့် သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်အား နည်းမျိုးစုံ ဖြင့် တိုက်ခိုက်နိုင်ရန် ကြံရွယ်ထားပြီး ဖြစ်၍ ဆရာသမား အကြောင်း ရိပ်စားမိသော အကြံပေးများက တရုတ်အား ဒုက္ခပေးနိုင်ရန် မြန်မာ စစ်ခေါင်းဆောင်များ အား လက်ကမ်းပြီး ၎င်းတို့နှင့် ပြန်ပေါင်းထုတ်ရန် တိုက်တွန်းလာကြမည့် အရေးပင် ဖြစ်သည်။

 

ဒေါ်နယ်ထရန့်သည် မြောက်ကိုရီယား ခေါင်းဆောင်ကိုပင် တွေ့ဆုံခဲ့ပြီး မဟုတ်ပါလော။

 

ထိုသို့ လုပ်နိုင်မည် ဆိုက တရုတ်၏ မြန်မာပြည်တွင်းရှိ ဘီလီယံ ချီ‌သော အရင်းအနှီးများ၊ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ရမည့် အရေး ကောငိးစွာ ဒုက္ခပေးလို့ရနေသည်။

 

ထိုသို့ ဖြစ်လာနိုင်ခြေ ရှိမရှိ ကို NUG အနေဖြင့် တီးခေါက် စုံစမ်းထားလောက်ပြီ ဟုလည်း ယူဆမိသည်။

 

တရုတ်သည် စစ်ကောင်စီ ရုတ်ခြည်း ပြိုလဲသွားခဲ့လျင်လည်း တက်လာသော တော်လှန်ရေး အစိုးရကို ၎င်းတို့ အကျိုးစီးပွား အတွက် ဆက်၍ ထောက်ခံ သွားမည်သာ ဖြစ်သည်။

 

အမေရိကန် အနေဖြင့် ၎င်းတို့ အကျိုးစီးပွား နှင့် ဒေသတွင်း ကမောက်ကမ ဖြစ်လာနိုင်မည့် အရေးများကို ကြိုတင် တွက်ချက်ထားရတော့မည် ဖြစ်သည်။

 

လက်ရှိတွင် တော့ အောင်ပွဲအလီလီရ၍ စိတ်အား တက်ကြွလာနေသော တော်လှန်ရေး အဖွဲ့များ နှင့် အခြေအနေမှန် ကို လက်မခံနိုင် ဖြစ်နေသော စစ်ခေါင်းဆောင်များ အကြား နိုင်ငံရေး ဖြေရှင်းချက် ဆိုသည်က ဝေးကွာ နေဦးမည်သာ ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ ရုတ်ခြည်း ပြိုလဲသွား နိုင် မည်လော၊ သို့တည်း မဟုတ် ‌မင်းအောင်လှိုင် လေယာဉ် ပေါ် တက် မပြေးမချင်း ဆက်တိုက်သွားဦးမည်လော ဆိုသည့် ဖြစ်စဉ် နှစ်ခု ထဲက တခုခု ဖြစ်လာတော့မည် ဖြစ်ပြီး အချိန်ကြာမည်၊ မြန်မည် ဆိုသည်ကို မခန့်မှန်း နိုင် ဖြစ်နေရဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - The Economist