ပြိုင်တူ တွန်းလျှင် ရုန်းထွက်နိုင်ပေသည်

by Hla Soewai - May 23 2020

ရန်ကုန်မြို့ကြီးသည် ပြန်လည် စည်ကားစပြုလာြပီ ဖြစ်သည်။ ရန်ကုန်မြို့ကြီးသာ မဟုတ် အခြားသော ကမ္ဘာ့နေရာ အနှံ့အပြားတွင်လည်း အလားတူပင် ဖြစ်သည်။ We cannot live this kind of life anymore ဟူသော စိတ်မွန်းကြပ်လာသူများ နှင့် စားဝတ်နေရေး အတွက် ရုန်းကန်ဖို့ လိုနေသူများ ဖြင့် လမ်းပေါ်တွင် ပြည့်လျံနေပြီ ဖြစ်သည်။

ကော်ရိုနာဗိုင်းရပ်စ်၏ အန္တရာယ် သည် မှေးမှိန်စ ပြုလာနေပြီ ဆိုသော အယူ အဆမျိုးမှာ ပျောက်စေ ဆရာ တယောက်၏ ကုထုံးမျိုး ကို ယုံကြည်နေသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ အန္တရာယ်ကြီးက မိမိတို့ ရှေ့နောက် နှင့် ဘေးပတ်ဝန်းကျင် ခြောက်ပေ စည်း အတွင်း အမြဲလို ရှိနေသည်ကို သတိချပ်သင့်ပေသည်။

အမေရိကန် တွင် ယခုအချိန်အထိ သေဆုံးနှုန်း တထောင်အောက် ကျသွားသည့် နေ့ဟူ၍ မရှိခဲ့သေးပေ။ နေ့စဉ်လို ကူးစက်ခံရသူ ၂၅,၀၀၀ ရှိနေသည်။

ထိုသို့သော အဖြစ်မျိုး မိမိတို့နိုင်ငံတွင် ဖြစ်မလာဟု မည်သူမျှ ကံသေကံမ မပြောနိုင်ပေ။ ကိုဗစ် ၏ သဘောသဘာဝ ကို မည်သည့် သိပ္ပံပညာရှင်မှ အတိအကျ ချမပြနိုင်လောက်သည့်အထိ အစွမ်းထက်နေဆဲပင် ဖြစ်သည်။ မိမိတို့ အဖို့ လွန်ခဲ့သော သုံးလေးလ လောက်က ပုံစံအတိုင်း သွားလာနေထိုင်နေခြင်းသည် လွန်စွာ အစဉ်းစား အဆင်ခြင်ဉာဏ် မဲ့ရာ ကျပါလိမ့်မည်။

မည်သူကမျှ နေထိုင်မကောင်းလျှက်နှင့် အပြင်ထွက်ကြမည် မဟုတ်သော်လည်း မိမိတို့ တွင် ကူးစက်နေမှန်း မသိ၊ ရောဂါလက္ခဏာ ထွေထွေထူးထူး မပြသော silent carrier များမှာ များစွာ ရှိနေသည်။ ၎င်းတို့၏ ခုခံအား က အစွမ်းထက်နေသော်လည်း ပတ်ဝန်းကျင်ရှိ လူများ အဖို့ ၎င်းကဲ့သို့ ခံနိုင်ရည် မရှိသူ များ ရှိနေပေလိမ့်မည်။ ၎င်းတို့မှတဆင့် အိမ်ရှိ သက်ကြီးရွယ်အိုများ၊ ကလေးများ ထံ ကူးစက်သွားနိုင်သည်။

ထိုအခါကျလျှက် လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသည့် အဖြစ်ဆိုးကြီးများ နှင့် ကြုံကြရပေလိမ့်မည်။ ပေါက်ခေါင်းရှိ လူနာ ၏ အဖြစ်အပျက် က အထင်အရှား သက်သေခံနေပေသည်။ ကြေကွဲဖွယ်ရာ ကောင်းသည့် ဆေးရုံ မြင်ကွင်းများကို တွေ့လာကြရတော့မည် ဖြစ်သည်။ ဘာသာရေး ပွဲတခုမှ တဆင့် လူအယောက် ၈၀ နီးပါး ကူးစက်သွားသည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်ကိုလည်း သတိတရား ရသင့်သည်။

သို့ဆိုလျှင် အိမ်ထဲမှပဲ နေရတော့မည်လော၊ စားဖို့ သောက်ဖို့ အတွက် မစဉ်းစားရတော့ဘူးလားဟု မေးစရာ ရှိနေသည်။ မိမိတို့ အတွက် မဖြစ်လွန်း၍ အပြင်ထွက်လျှင် အနည်းဆုံး နှာခေါင်းစည်းတော့ တပ်ရမည် ဖြစ်သည်။ ဤသည်က မိမိ ကိုယ်သာ မက မိမိပတ်ဝန်းကျင်ကိုပါ ကာကွယ်ပေးရာ ရောက်သည်။

နှာခေါင်းစည်းကို အမြဲတပ်ထားရမည်လား၊ ဤသို့လည်း မဟုတ်ပေ။ လူထူထပ်သည့်နေရာ၊ လူချင်းခွာ၍ မဖြစ်နိုင်သော နေရာမျိုးတွင် တော့ တပ်ကို တပ်ရမည် ဖြစ်သည်။

မိမိတို့ ဖက်မှ ထိုတာဝန်ကို အနည်းဆုံး ယူသင့်လှသည်။ သို့မဟုတ်က ရောဂါကူးစက်နှုန်း ရုတ်ခြည်း မြင့်တက်သွားမည်ဆိုလျှင် အစိုးရအဖို့ ပို၍ ပြင်းထန်သော ပိတ်ဆို့မှုများ ပြုလုပ်လာတော့မည်လည်း ဖြစ်သည်။ အခြားနိုင်ငံများ တွင် ကူးစက်နှုန်းများ ကျဆင်းလာနေချိန်မျိုး ကျမှ မိမိတို့ နိုင်ငံသည် ပြန်လည် မြင့်တက်လာမည် ဆိုက မည်မျှ ရှက်စရာ ကောင်းပေမည်နည်း။ မိမိတို့ အား နေ့စဉ်နှင့် အမျှ ပြောဆို သွန်သင်နေသော ပြည်ထောင်စု မိခင်ကြီး အဖို့လည်း မျက်နှာပန်း လှတော့မည် မဟုတ်။ ဂုဏ်ငယ်သွားရပေလိမ့်မည်။ ဤအချက်ကိုလည်း အလေးအနက် ထည့်သွင်း စဉ်းစားသင့်လှပေသည်။ ယခု ကဆုန်လပြည့်နေ့ ညောင်ရေသွန်း ပွဲတော် ဆိုကာ လူအများ အစုလိုက် အပြုံလိုက် ထွက်လာကြမည့် အရေး အား ပြည်ထောင်စု မိခင်ကြီး အထူး စိုးရိမ်နေသည်မှာ သိသာ ထင်ရှားလှပေသည်။

နောက်တချက် ကျွန်တော်တို့ အထူးသတိထားသင့်လှသည့် လုံခြုံရေး စည်း ကျိုးပေါက်သွားနိုင်သည့် နေရာက သက်ကြီး စောင့်ရှောက်ရေး ဂေဟာများ ဖြစ်ပြီး နိုင်ငံတိုင်းနီးပါး တွင် အကြီးအကျယ် ကူးစက်ခံခဲ့ရ၍ သက်ကြီး အများ အပြား အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်သည်။ ထိုသို့သော နေရာမျိုးအား လော့ဒေါင်း ချထားသင့်ပြီး ပြင်ပ အလှူအတန်းမျိုး လုပ်ချင်သည် ဆိုလျင် ဂေဟာ ဝန်ထမ်းများကသာ လက်ခံ ဆောင်ရွက်သင့်ပြီး အလှူရှင်များအား လောလောဆယ် ဝင်ခွင့် မပေးသင့်ပေ။