ပျာယာ ခပ်လာသော ထိုင်း

by Hla Soewai - Jan 19 2025

ထိုင်း သို့ လည်ပတ်ရန် တရုတ် ခရီးသွား၏ ယုံကြည်မှု ကျဆင်းလာနေသည်ကို အထိတ်တလန့် ဖြစ်လာနေ၍ ထိုင်း ဝန်ကြီးချုပ်မှ လုံခြုံရေး အစီအစဉ်များအား ကမ်းပိန်း တရပ် အဖြစ် တိုးမြှင့် လုပ်ဆောင်ရန် ညွှန်ကြားလာခဲ့သည်။

 

ထိုင်းတွင် တရုတ် ရုပ်ရှင် မင်းသား လူကုန်ကူး ခံရသည့် အရေးကိုပင် ခရီးသွားများက စိုးရွံ့ထိတ်လန့်လာနေကြချိန်တွင် မြန်မာ ပြည်ကဲ့သို့ တော်လှန်ရေး ကြီး ဖြစ်ပွားနေပြီး စစ်မီးကြီး တဟုန်ထိုး တောက်လောင်လာနေချိန် မျိုး တွင် ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရေး ဆွဲဆောင်ကြရန် စစ်ခေါင်း ဆောင် ၏ ရွှေဉာဏ်တော် စူးရောက်ပုံသည် အံ့ဖွယ်ပင် မဟုတ်ပါလား။

 

ပျောက်ဆုံးသွားသော တရုတ် မင်းသား အား မြဝတီ ရှိ KK Park ထဲမှ ကယ်ထုတ်လာရသည့် အဖြစ်ကိုလည်း သတိမမူမိဘဲ နေကြမည် မဟုတ်။

 

အသက် ၃၁ နှစ် အရွယ်ရှိ ဝမ်ဆင်းအား ရုပ်ရှင်ကား အတွက် လူတွေ့ စစ်ဆေးပြီး အစမ်းရိုက်ကူးရန် ဆိုကာ အွန်လိုင်းမှ တဆင့် ဆက်သွယ် ခေါ်ယူပြီး ဘန်ကောက်ရှိ သုဝဏ္ဍဘူမိ လေဆိပ်မှ ကီလိုမီတာ ၅၀၀ ခန့် ဝေးသည့် မြောက်ပိုင်းသို့ ခေါ်ဆောင်သွားပြီး မဲဆောက်မှ တဆင့် မိုးရေးမြစ်ကို စက်လှေ ဖြင့် ဖြတ်ကာ မြန်မာဖက်ခြမ်းသို့ ခေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်း ဝန်ကြီးချုပ် ပေထုန်တံ မှ ခရီးသွား နှင့် အားကစား ဝန်ကြီးဌာန အား ခရီးသွားများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး အတွက် လုပ်ဆောင်ကြရန်၊ ခရီးသွား များ အား စောင့်ကြည့်ပေးရန် ရဲတပ်ဖွဲ့အား အထူး တာဝန်များ ချပေးခြင်း၊ ဒီဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနအားလည်း တရုတ် အာဏာပိုင်များ နှင့် ပူးပေါင်းပြီး သတင်း အတု အယောင်များကို စောင့်ကြည့် စီစစ်ရန် တို့ကို ပါ ပြောဆိုလာခဲ့သည်။

 

လူကုန်ကူးခံရ၍ ပျောက်ဆုံးနေသော တရုတ် နိုင်ငံသား များ ရာ နှင့်ချီ ရှိနေသည်ကို မသိကျိုးကျွံ ပြုထားပြီး မင်းသား ကျမှ မရမက ရှာဖွေလာသည်ကိုလည်း မိသားစု ဝင်များက မကျေမနပ် ဖြစ်လာပြီး ဆိုရှယ် မီဒီယာ ပေါ်တွင် ပွက်လောရိုက်လာနေ၍ တရုတ် သံရုံး မှ ထိုင်း ရဲချုပ် နှင့် ‌ဆွေးနွေးပြီး ပူးတွဲ ရှာဖွေရန် စီစဉ်လာကြသည်။

 

ပြန်လွတ်လာသူ များ အဆိုအရ တရုတ် နိုင်ငံသား အနည်း ဆုံး ၁,၀၀၀ ခန့် အထိ ရှိနေသည်ဟု သိရသည်။ ၎င်းတို့အား ပြန်လွှတ်ပေးရန် တဦးလျင် ဒေါ်လာ ၃၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ပေးရမည်ဟု ရာဇဝတ်ဂိုဏ်းများက မိသားစုများထံ ဖုန်းဖြင့် ဆက်သွယ် တောင်းဆိုလာကြသည်။ 

 

မြဝတီ မြို့တွင်း မှာပင် အွန်လိုင်း လိမ်လည် မှု လုပ်စားနေသည့် စခန်းပေါင်း ၄၀ ခန့် ရှိမည်ဟု ဆိုသည်။ ယခုအခါ တရုတ် ရုပ်ရှင်မင်းသားပါ မချန် လက်ရဲဇက်ရဲ ကျုးလွန်လာနေပြီ ဖြစ်သည်။ ၎င်းအား မည်သို့မည်ပုံ ကယ်ထုတ်ခဲ့သည် ဆိုသည်ကို ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်၊ ထိုအမှု နှင့် စပ်လျှင်း၍ အဖမ်းအဆီး မရှိဟု သိရသည်။

 

တရုတ် ခရီးသွားများ အလာများသည့် နှစ်သစ်ကူး ရာသီ တွင် တရက်လျင် ပျမ်းမျှ ၃၀,၀၀၀ ခန့် ရောက်လာနေကျ ဖြစ်သော်လည်း ယခုအခါ ၂၀ မှ ၃၀ ရာနှုန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းနေကြသည်။

 

ဟောင်ကောင် အဆိုတော် အီဆန် ချန်း မှလည်း ထိုင်းတွင် ဖေဖေါ်ဝါရီ ၂၂ တွင် ပြုလုပ်မည့် ‌၎င်း၏ ဖျော်ဖြေပွဲ အား လာကြမည့် တရုတ် ပရိသာတ် ၏ လုံခြုံရေး ကို စိုးရိမ်၍ ဆိုကာ ဖျက်သိမ်းလိုက်သည်။

 

တရုတ်မင်းသား မြန်မာ သို့ ဖမ်းဆီး ခေါ်ဆောင်ခံလိုက်ရသည့် သတင်း ကြောင့် လူကုန်ကူးမှု နှင့် အွန်လိုင်း ငွေလိမ် ဂိုဏ်းများ ထိုင်း-မြန်မာ နယ်စပ်တွင် ထကြွ သောင်းကျန်းလာနေသည့် အဖြစ်ကို ကမ္ဘာက အာရုံစိုက်လာကြသည်၊ လူကုန်ကူးခံရသူများထဲ တွင် အာဖရိက ရှိ ကင်ညာ၊ အီသီယိုပီးယား အထိပါ ကျယ့်ပြန့်လာနေသည်။

 

တရုတ်ဖက် မှ ၎င်းတို့ နိုင်ငံသားများ အရှေ့တောင် အာရှ နိုင်ငံများသို့ မသွားရန် တင်းတင်းကျပ်ကျပ် တားမြစ်လာပြီး မကြာသေးမီက အွန်လိုင်းငွေ လိမ် ဂိုဏ်း များ အကြောင်း "No More Bets" ဆိုသည့် ရုပ်ရှင် ရိုက်ကူး ထုတ်လွှင့်လာခဲ့သည်။

 

ဟောင်ကောင်မှ ထိုအရေး အတွက် ကျွမ်းကျင်သူ များ ပါဝင်သည့် အဖွဲ့တဖွဲ့ကို ဘန်ကောက်သို့ စေလွှတ်လာခဲ့သည်။

 

အဆိုပါ ဂိုဏ်းများ သည် ထိုင်း နိုင်ငံထဲတွင်လည်း ရှိနေပြီး ယခု အခါ မြန်မာ သာ မက လာအို နှင့် ကမ္ဘောဒီယား အထိ ပါ ရောက်ရှိလာ၍ ၎င်းတို့ ဝင်ငွေသည် ဒေါ်လာ ဘီလီယံ ချီ ရှိလာနေသဖြင့် ပြဿနာ သည် ပိုမို ကြီးထွားလာ‌ နေသည်ဟု ဗီအိုအေ သတင်းတွင် ဖေါ်ပြထားသည်။ 

 

အဆိုပါ ရာဇဝတ်ဂိုဏ်းများ အား မြန်မာ စစ်တပ် နှင့် ပတ်သက်နေသော Karen National Army က ဦးစီးနေသည်ဟု ကနဦး တွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ် ရာဇဝတ်ဂိုဏ်းများပါ ဦးစီးနေသည်ဟု အီတလီ၏ Asia News တွင် ရေးသားထားသည်။

 

၂၀၂၁ နောက်ပိုင်းမှစ၍ ကမ္ဘာ ရာဇဝတ်ဂိုဏ်းများ အညွန်းကိန်း Organised Crime Index တွင် နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသော ရာဇဝတ်မှု များ တွင် မြန်မာသည် နံပတ် တစ် နေရာ တွင် ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

 

ယခုလို အနေအထား တွင် ထိုင်း နှင့် တရုတ် အထူး တပ်ဖွဲ့များ မှ အဆိုပါ စခန်းများရှိရာသို့ နယ်ခြား ဖြတ်ကျော် စီးနင်း တိုက်ခိုက်လာမည် ဆိုလျင်ပင် အံ့ဩစရာ ရှိမည် မဟုတ်ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

It is certain, in any case, that ignorance, allied with power, is the most ferocious enemy justice can have.

 

James Baldwin

 

မသိနားမလည် မှု အား လုပ်ပိုင်ခွင့် အာဏာ နှင့် မိတ်ဖက်ပေးလိုက်မည် ဆိုလျှင် တရားဥပဒေ သည် ကြမ်းကြုပ်ရက်စက်သည့် နေရာတွင် တဖက်ကမ်း ခတ် လောက်သည့် ရန်သူ ကြီး နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။