စစ်ကောင်စီ၏ ပြည်ပ စီးပွားဆက်ဆံရေး ဝန်ကြီး ဆိုသူ ကံဇော် မှ ရုရှား နှင့် ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန် ကျပ်-ရူဘဲလ် လဲလှယ် အသုံးချ နိုင်ရေး ဆွေးနွေးခဲ့သည်ဟု ရုရှား၏ တပ်စ် သတင်းဌာန နှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့သည်။
တကယ်တမ်း တွင် ရုရှား နှင့် တရုတ်သည် ၎င်းတို့အား မစားရ ဝခမန်း အပြောများ နှင့် ကလေး တယောက်လို ဆက်ဆံနေကြခြင်းသာ ဖြစ်သည်။
ရုရှားသည် အယူဝါဒ ဟူ၍ မည်မည်ရရ မရှိဘဲ ကမ္ဘာတွင် ကျင့်သုံးနေသော ဒီမိုကရေစီ စနစ် အပေါ် အယုံအကြည် မဲ့စေရန် အာဏာရှင်များကို ထောက်ခံသယောင် လုပ်နေခြင်းသာ ဖြစ်သည်။ တရုတ်သည်လည်း ၎င်းတို့ အကျိုးစီးပွား အတွက် လက်ကုန်နှိုက်ရန် ဆက်ဆံနေခြင်းသာ ဖြစ်သည်။
ထိုအချက်ကို ထင်ရှားစွာ တွေ့လာရသည်က ရုရှား နှင့် တရုတ် တို့ ဦးစီးနေသော BRICS အဖွဲ့ကြီး၏ ၂၀၂၅ အတွက် ပါတနာအဖြစ် လက်ခံလိုက်သည့် နိုင်ငံ စာရင်း ကိုး နိုင်ငံ စာရင်းတွင် မြန်မာ အား မတွေ့ရခြင်းပင် ဖြစ်သည်။
ပါတနာ အဖြစ် လက်ခံလိုက်သည့် ကိုး နိုင်ငံမှာ ဘဲလာရုစ်၊ ဘိုလစ်ဗီယား၊ ကျုးဘား၊ အင်ဒိုနီရှား၊ ကာဇာတ်စတန်၊ မလေးရှား၊ ထိုင်း၊ ယူဂန်ဒါ၊ ဥဘက်ကီစတန် တို့ ဖြစ်သည်။
အဆိုပါ နိုင်ငံများသည် ပါတနာ အဖြစ်မှ တင်းပြည့်ကျပ်ပြေ့ အဖွဲ့ဝင်များ ဖြစ်လာကြပေတော့မည်။
၂၀၂၄ တွင် အီဂျစ်၊ အီသီယိုပီယား၊ အီရန် နှင့် ယူအေအီး တို့ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံတကာတွင် လူရာဝင်နေပါသည် ဟု ပြသနိုင်ရေး အတွက် BRICS အဖွဲ့သို့ ဝင်နိုင်ရန် ဆရာသမား များ ဖြစ်သော ရုရှား နှင့် တရုတ်တို့ အားကိုးပြီး အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။
ယခုအခါ ၎င်းတို့အား ပါတနာ အဆင့် အတန်း ပင် ပေးအပ်ရန် အဆိုပါ နှစ်နိုင်ငံ စလုံးက ငြင်းဆန်လိုက်ကြခြင်းပင် ဖြစ်သည်။
BRICS အား အမေရိကန် ဩဇာအာဏာကို တန်ပြန် နိုင်ရန် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် တို့နှင့် ကုန်သွယ်ရေး အုပ်စုယောင်ယောင် စတင်ဖွဲ့စည်းပြီး နောက်ပိုင်း တွင် တောင်အာဖရိက ကို ထည့်သွင်းလာခဲ့သည်။
တရုတ် နှင့် ရုရှား တို့က အဆိုပါ အဖွဲ့ကြီးအား တိုးချဲ့ ဖွဲစည်းရန် နိုင်ငံ အများအပြားကို ဖိတ်ခေါ်ဖို့ လိုအပ်လာသဖြင့် ဆွမ်းဆန်ထဲ ကြွက်ချေး ရောသည့် အဖြစ် အရောက် မခံနိုင်၍ ဝင်ပါရစေ ဟု အတန်တန် တောင်းဆိုနေသည့် ကြားမှပင် မြန်မာ အား ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာ စစ်ကောင်စီ အား မည်သို့ နှစ်သိမ့်ထားသည်ကို တော့ မသိရပေ။ တကယ်တမ်း ဆိုက အဘယ်ကြောင့် ဆိုသညိကို ကိုယ့်ဖာသာ အဖြေရှာကြည့်လျင်ပင် သိနိုင်ပေသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အား မည်သို့ သဘောထား ဆက်ဆံနေသည်ကို အထင်အရှား တွေ့မြင်ရမည် ဖြစ်သည်။
၎င်းတို့ အဖို့ ရွေးကောက်ပွဲ လမ်းကြောင်း ဖြင့် အနည်းဆုံး တရုတ်၊ အိန္ဒိယ၊ အာဆီယံ တို့ အသိအမှတ် ပြုလာမည့် အရေးကို စောင့်ရတော့မည် ဖြစ်သည်။
ယခု နှစ် အတွင်း ရွေးကောက်ပွဲ လုပ်မည် ဆိုလျင် လက်ရှိ စစ်အုပ်ချုပ်ရေး ကို ၆ လ ကြို၍ ဖျက်သိမ်းရဖို့ ရှိနေ၍ မင်းအောင်လှိုင် မှ မည်သို့ ကြံစည်လာဦးမည် ဆိုသည်ကား မသိနိုင်။
လောလောဆယ် တွင် တော့ ဧရာဝတီ တိုင်း အတွင်းရှိ ငွေဆောင်၊ ချောင်းသာ နှင့် ရခိုင် ပြည်နယ် မြို့တော် စစ်တွေ တို့တွင် ခံစစ် အတွက် စစ်အင်အား အလုံးအရင်း နှင့် ပြင်ဆင်နေကြရပြီ ဖြစ်သည်။
တော်လှန်ရေး တပ်များက အနောက်မြောက်တိုင်း စစ်ဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး များ နှင့် ပစ်ခတ်ခဲ့ကြသည့်အပြင် ဒုစစ်ခေါင်းဆောင် ရောက်ရှိနေသော လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကိုလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှော့တိုက်ဒုံး ပစ်ခတ် နိုင်သည့် အကွာအဝေး အတွင်းကိုပင် လုံခြုံရေး မယူ နိုင်တော့သည့် အခြေအနေ ဖြစ်လာသည်။
လက်ရှိတွင် တတိုင်းပြည်လုံး မှောင်မဲလာနေပြီး စီးပွားရေးလည်း ပြိုလဲကျဆင်းလာနေပြီ ဖြစ်၍ ၎င်းတို့အတွက် အချိန်မရှိတော့၊ စစ်ကို အနိုင်တိုက်ဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်တော့၊ လက်အောက််ငယ်သား တို့၏ အသက်များ ဆုံးရှုံးရဖို့သာ ရှိနေသည်။ ၎င်းတို့အား အသက် နှင့် ရင်း၍ ထောက်ခံ ခိုင်း နေသည်ကပင် ကိုယ်ချင်းစာနာစိတ် မရှိသည်မှာ ပေါ်လွင် နေသည်။ ယခုပင် လူဦးရေ ၏ သုံးပုံတပုံသည် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အပူတပြင်း လိုအပ်နေသည်။
ထို့အတွက် ၂၀၂၅ သည် မြန်မာ အတွက် ပြတ်ပြတ်သားသား အဖြေထွက်လာရတော့မည့် နှစ်လည်း ဖြစ်လာပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!