ဂရင်းလန် ကျွန်းသား တို့ အဝယ်ခံရမည့် အရေး

by Hla Soewai - Jan 19 2025

ဒေါ်နယ် ထရန့် ၏ ဂရင်းလန် ကို မျက်စိကျလာမှု နှင့် သား ဖြစ်သူ မှ ကျွန်း သို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်သွား ခဲ့ခြင်း ကြောင့် လွတ်လပ်ရေး ယူဖို့ ကျွန်းသားတို့ နောက်တကြိမ် အခြေအတင် ဆွေးနွေးဖို့ အကြောင်းဖန်လာခဲ့သည်။

 

ဂျုနီယာ ထရန့်သည် ဂရင်းလန် မြို့တော် နုခ် သို့ လေယာဉ် ဆင်းလျင် ဆင်းချင်း အချိန် ဖြုန်း မနေတော့ဘဲ အဖေ လုပ်သူ ၏ ကြံစည်‌ နေမှု အပေါ်ဒေသခံ တို့၏ သဘောထားကို တီးခေါက်ရန် မြို့လယ် ဟိုတယ် ခမ်းမ တွင် လူစု ခိုင်းပြီး တွေ့ဆုံခဲ့သည်။ ၎င်း၏ နောက်လိုက်များက ဂရင်းလန် ရှိ အလွှာ အသီးသီး မှ ကျွန်းသားများ လာရောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးရန်အားပေးခဲ့သော်လည်း သတင်းစာဆရာများ၊ နိုင်ငံရေး သမား များ ကို မူ တဦးတလေမျှ တက်ခွင့် မပြုခဲ့ပေ။

 

တကယ်တမ်း ရောက်လာသူ များထဲတွင် အတော်များများက ဟိုတယ် ပတ်ဝန်းကျင် မှ အိမ်မဲ့ယာမဲ့များ ဖြစ်နေပြီး၊ ထရန့်၏ MAGA အသုံးအဆောင်များ၊ နုခ် ရှိ အကောင်းဆုံး စားသောက်ဆိုင်များ တွင် အခမဲ့ စားသောက်ခွင့် ရမည့် အရေးများ‌ကြောင့် ရောက်လာကြခြင်းလည်း ဖြစ်သည်။

 

ထို့အတွက်လည်း ဂျုနီယာ ထရန့် ၏ စတန့် ထွင်ခဲ့မှု သည် ဖခင် ဖြစ်သူ၏ ခပ်ကြမ်းကြမ်း ပြောဆိုလိုက်မှု အပေါ် ဂရင်းလန် ကျွန်းသား တို့၏ သဘောထား အမှန်ကို သိနိုင်ခွင့် မရခဲ့ပေ။

 

နုခ် မြိုတော်တွင်တော့ စိတ်မဝင်စားသူများ၊ စိတ်ရှုပ်ထွေး နေသူများ နှင့် စိုးရိမ် ထိတ်လန့် ဖြစ်နေသူများ နှင့် အယူအဆ အမျိုး မျိုး ထွက်ပေါ်‌ နေသည်။

 

ဂရင်းလန် ကျွန်းသားများက ဒိန်းမတ် အပေါ်သာ စိတ်ညွတ် နေကြပြီး အမေရိကန် တို့ အလာစကား ရှိ ဌာနေ တိုင်းရင်းသား များ အပေါ် မတော်မရော် ဆက်ဆံခဲ့မှု များကို ကြားသိနေကြ၍ စိုးရိမ်မကင်း ဖြစ်လာကြခြင်းလည်း ဖြစ်သည်။ ဂရင်းလန် တွင် နေထိုင်သူ ၈၉ ရာ နှုန်းသည် အီနူအစ် ခေါ် အက်စကီမိုး များ ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ်အတွင်း ဂရင်းလန် ပြဿနာသည် ကမ္ဘာ၏ အာရုံစိုက်ခြင်း ခံလာရမှု နှင့် အတူ လွတ်လပ်ရေး ယူသင့် မယူသင့် အရေးသည် ရှေ့တန်း ပြန် ရောက်လာခဲ့သည်။

 

ဂရင်းလန် ရှိ လူဦးရေ ၅၆,၀၀၀ ခန့်သည် နှစ်ပေါင်း ၃၀၀ ခန့် ဒိန်းမတ် ၏ ကိုလိုနီ အုပ်ချုပ်ရေး အောက်တွင် နေလာရ၍ စိတ် ကသိကအောက် ဖြစ်လာကြသည့် အတွက်ကြောင့် ၁၉၇၉ တွင် ဒိန်းမတ် မှ ဂရင်းလန်အား နိုင်ငံခြားရေး နှင့် ကာကွယ်ရေး မှ လွဲ၍ ကျန်သည် များကို ကိုယ်ပိုင် စီရင် ဆုံးဖြတ် ပိုင်ခွင့် ပေးလာခဲ့သည်။

 

၂၀၁၉ တွင် ကောက်ယူခဲ့သော လူထု သဘောထား စစ်တမ်းတွင် ကျွန်းသားများ၏ သုံးပုံ နှစ်ပုံ မှ လွတ်လပ်ရေး ကို ထောက်ခံပြီး ကျန်သည် သုံးပုံ တပုံသည် အချိန်မကျသေး ဆိုသည် နှင့် လူနေမှု အဆင့် အတန်း ကျဆင်းလာမည့် အရေး တို့ အပေါ် သဘောထား ကွဲလွဲ နေကြသည်။ ဒိန်းမတ် မှ စီးပွားရေး ကို ရှင်သန်နေအောင် ဂရင်းလန် အစိုးရ ဘတ်ဂျက် တဝက် နီးပါး ငွေစိုက်ထုတ် ပေးထားပြီး အလုပ်အကိုင် ၊ ကျန်းမာ‌ ရေး စောင့်ရှောက်မှု နှင့် ပညာရေး ကဏ္ဍ များအားလည်း ကူညီပေးထားခဲ့သည်။

 

အနည်းစု သာ အမေရိကန် လက်လွှဲယူမည် ဆိုသည်ကို ထောက်ခံကြပြီး အချို့ကလည်း ထရန့် စိတ်ဝင်စား မှု ကို နိုင်ကွက် ကိုင်ပြီး ဒိန်းမတ် ထံမှ အုပ်ချုပ်ရေး အာဏာများ ပိုတောင်းရန် အခွင့်အရေး ဟု ယူဆလာကြသည်။

 

အချို့ကလည်း အမေရိကန် တို့ ရှားပါး သတ္တုများ တူးဖေါ် ထုတ်လုပ်ရေး တွင် ရင်းနှီး မြုပ်နှံလာမည် ဆိုက ဒိန်းမတ်၏ အပေးအကမ်းကို မျှော်နေစရာ မလိုဟု ဆိုကြသည်။ (ဂရင်းလန် တွင် တကမ္ဘာလုံး လိုချင်နေကြသည့် ရှားပါးသတ္တု အမျိူးအစား ၅၀ အနက် ၃၀ ခန့် ရှိနေသည်။) အမေရိကား၊ အီးယူ တို့ နှင့် လည်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ စိတ်ကြိုက် ‌ဆွေးနွေး ပြီး ချုပ်ဆို နိုင်မည်ဟု လည်း တွက်ဆလာသည်။ ယခု ဂျုနီယာ ထရန့် ရောက်လာ၍ ခရီးသွားလုပ်ငန်းများ ပင် တိုးတက်လာနိုင်သည်ဟု လည်း ဆိုသည်။

 

၂၀၂၄ ဒီဇင်ဘာ မှ စ၍ ကောက်ယူခဲ့သော လူထု စစ်တမ်းတွင် အမေရိကား နှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လိုသူ ၆၀ ရာနှုန်း နီးပါး ရှိလာသည်။ ကာကွယ်ရေး နှင့် လုံခြုံရေး ကိစ္စရပ်များ အား အမေရိကန် နှင့် ပူးပေါင်းသွားခြင်းဖြင့် ဂရင်းလန် လွတ်လပ်ရေးကို ကျားကန် ပေးထားနိုင်သည်ဟု လွတ်လပ်ရေး လိုလားသော ပါလီမန် အမတ်တဦး က ဆိုသည်။

 

ဒိန်းမတ်သည် ၎င်းတို့ကျွန်း လုံခြုံရေး အတွက် လုံလောက်အောင် ရင်းနှီးမြုပ်နှံ ထားခြင်း မရှိဟု ကျွန်းသား အများစုက ယူဆထားကြသည်။ ဂရင်းလန် တွင် အမေရိကန် စစ်စခန်း ရှိထားပြီး၊ အာတိတ် လုံခြုံရေး အတွက် အရေးပါသည်ဟု ယူဆထားသည်။

 

ကိုပင်ဟေဂင် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဂရင်းလန် ဝန်ကြီးချုပ် မူတီ အီဂဲလ် က ဂရင်းလန်သည် ရောင်းဖို့မဟုတ်၊ မိမိတို့သည် ဒိန်းတွေလည်း မဖြစ်ချင်၊ အမေရိကန် တွေလည်း မဖြစ်ချင်၊ ဂရင်းလန် များသာ ဖြစ်ချင်သည်ဟု ပြောသွားခဲ့သည်။

 

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဂရင်းလန် ပါလီမန် ရွေးကောက်ပွဲသည် ဧပြီလ အတွင်း ကျင်းပရန် ရှိနေသည်။ မဲဆွယ်ကာလ အတွင်း လွတ်လပ်ရေးကိစ္စ သည် ရှေ့တန်း သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ ထို့အတွက် ဂရင်းလန်များ အဖို့ ကာလ ကြာမြင့်စွာ လျစ်လျု ရှုခံထားရသော အရေးသည် ထရန့်ကြောင့် ပြန်ပေါ်လာ၍ ကျေးဇူးပင် တင်နေကြမည် ဖြစ်သည်။

 

(၂၀၂၅ ဇန်နဝါရီ ၁၁ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ What do Greenlanders think of being bought? ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)