လူသား ကွန်ယက်(11)

by Hla Soewai - Jan 19 2025

ယခင် မျိုးဆက်များ အတွင်း အုပ်ချုပ်ရေး ယန္တရား အပေါ် အကောင်း မမြင်ခဲ့ကြသည့် တဖက်စွန်းရောက် အဖွဲ့များအား စွဲကပ်ခဲ့သည့် ရှေ့နောက်မညီ မှု များသည်လည်း ယနေ့ခေတ် ပေါိပြူလစ် သမား များ ကို ကူးစက်လာခဲ့သည်။

 

အာဏာသည် သာ ပကတိ အမှန်တရား၊ သတင်း အချက်အလက်များ သည် စွဲကိုင်ရမည့် လက်နက် ဆိုလျင် ၎င်းတို့ အဖို့ကော မည်သည့် သဘော သက်ရောက်သွားမည်နည်း၊ ၎င်းတို့ကိုယ်တိုင် အာဏာရရေးသာ စိတ်ဝင်စားပြီး ကျွနုပ်တို့ကို ‌လိမ်ညာနေကြသည်လားဟု မေးရတော့မည် ဖြစ်သည်။

 

ပေါ်ပြူလစ်များကလည်း ထိုသို့ ကျဉ်းထဲကြပ်ထဲ ရောက်လာမည့် အဖြစ်မှ ရုန်းထွက်နိုင်ရန် နည်းလမ်း နှစ်မျိုး သုံး၍ ကြိုးစားလာခဲ့ကြသည်။ အချို့ ပေါ်ပြူလစ်များက ခေတ်သစ် သိပ္ပံပညာ၏ အတွေးအခေါ် အယူ အဆ များ နှင့် မြင်မှ တွေ့မှ ယုံမည်ဟူသော သံသယ ရှိမှု များကိုလည်း အစဉ်အလာ တိုင်း စွဲကိုင် ထားကြသည်။

 

ကိုယ့်ပါတီ ကို ပေါ်ပြူလစ် ပါတီ ဟု ပြောဆိုလာသည့် နိုင်ငံရေး သမားများ ပါ မကျန် မည်သည့် အဖွဲ့အစည်းနှင့် မည်သည့် အာဏာပိုင် များ မဆို အယုံအကြည် မရှိရန် ပြောလာကြသည်။ ၎င်းတို့ကို ယုံကြည် မည့် အစား မိမိတို့ဖာသာ လေ့လာသုတေသန လုပ်ပြီး ကိုယ်တိုင် တိုက်ရိုက် မြင်နိုင် ကြည့်နိုင်မှသာ ယုံကြည်သင့်သည်ဟု ဆိုသည်။

 

ထိုသို့ မြင့်မှ သိမှ ယုံကြည်ရမည်ဟု စွဲကိုင်လာခြင်းသည် နိုင်ငံရေး ပါတီ ကဲ့သို့ အဖွဲ့အစည်းကြီးများ၊ တရားရုံးများ၊ သတင်းစာများ၊ တက္ကသိုလ် ကျောင်းတိုက်ကြီးများ အစရှိသည် တို့ကို မည်သည့် အခါမျှ အယုံအကြည် မရှိရန် ဆိုသည့် သဘော သက်ရောက်နေသည်။ ၎င်းတို့ ပြောသလို ဆိုက ကိုယ့်ဖာသာ လုံ့လ စိုက်ပြီး လေ့လာသူများသာ အမှန်တရားကို သိရှိ နိုင်မည် သဘော ဖြစ်သည်။

 

ထိုသို့ ချဉ်းကပ်မှုသည် သိပ္ပံနည်းကျ သလို ရှိပြီး စိတ်ကို အချူပ် အနှောင် မခံလိုပဲ လွတ်လပ်ပေါ့ပါးစွာ နေလိုသူများ အတွက် သဘောကျစရာ ဖြစ်လာရသည်။ ဤနေရာတွင် မေးစရာ ရှိလာသည်က ထိုသို့သော လူများ နှင့် လူ့အဖွဲ့အစည်းများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ တည်ဆောက်ရန်၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန် မည်သို့ ပူးပေါင်း ဆောင်ရွက်၍ ရပေမည်နည်း။ ထိုကဲ့သို့ လုပ်ရန် အဖွဲ့အစည်း ကြီးကြီးမားမား ရှိထားရန် လိုသည် မဟုတ်ပါလော။

 

ကမ္ဘာကြီး၏ အပူချိန် မြင့်တက်လာနေသည်လား၊ သို့ဆိုက မည်သို့ မည်ပုံ လုပ်သင့် သနည်း ဆိုသည်ကို လူပုဂ္ဂိုလ်တဦးတည်းက ရာသီဥတု အချက်အလက်များကို လေ့လာသုတေသန လုပ်ကာ ဆုံးဖြတ်၍ ကော ဖြစ်နိုင်မည်လော၊ ယခင် ရာစု နှစ်များ အတွင်း ရှိထားပြီးသော အချက်အလက်များ ဆိုက ပို၍ ဝေးကွာ သွားမည်သာ ဖြစ်သည်။

 

မိမိကိုယ် တိုင် စုဆောင်း သုတေသန လုပ်သည် ဆိုခြင်းက သိပ္ပံနည်းကျ သယောင် ရှိနေသည်။ လက်တွေ့တွင်မူ ဓမ္မဋ္ဌာန်ကျသော အမှန်တရား မရှိဆိုသည်ကို လက်ခံ ယုံကြည်သလို ဖြစ်နေသည်။ သိပ္ပံပညာ ဆိုသည်က တဦးကောင်း တ‌ယောက်ကောင်း မရ၊ အဖွဲ့ နှင့် အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရသည့် သဘောသဘာဝ မျိုး ဖြစ်သည်။

 

အမှန်တရား ကို ထုတ်ဖေါ် ရှာဖွေပေးမည့် ခေတ်သစ် သိပ္ပံပညာ အယူအဆကို စွန့်လွှတ်ပြီး "ကိုယ်ပိုင် သုတေသန" သာ အားကိုးရမည် ဆိုသော ပေါ်ပြူလစ် သမား တို့၏ အပြောသည် ကောင်းကင်ဘုံမှ နတ်ဘုရား တို့ ကိုယ်ထင် ပြပြီး ပြောဆိုမှု များ၊ ထူးခြား နက်နဲသော ဉာဏ် အမြင် ရှိသူ များ ကို အားကိုးနေကြသည့် ခေတ်ကာလ ကို ပြန်သွားနေသလို မျိုးသာ ဖြစ်ပေလိမ့်မည်။

 

အစဉ်အလာ သက်ဝင်ယုံကြည်သော ဘာသာများ ဖြစ်သည့် ခရစ်ယာန်၊ အစ္စလမ်၊ ဟိန္ဒူ ဘာသာ တို့သည် လူသား မျိုးနွယ်များအား ယုံကြည်စိတ်ချ၍ မရ၊ အာဏာ ငန်းဖမ်း‌တတ်သည့် သတ္တဝါများ သာ ဖြစ်သည်။ ၎င်းတို့အားလုံး အတွက် အမှန်တရား ဆိုသည်ကို ဘုရားသခင် ၏ ဉာဏ်‌ တော် ကြောင့်သာ သိရှိခွင့် ရလာခြင်း ဖြစ်သည် ဟု ပုံဖေါ်ခဲ့ကြသည်။

 

၂၀၁၀ ကျော် ကာလများ နှစ် ၂၀၂၀ ကျော် နှစ်များ အစပိုင်းလောက်တွင် ဘရာဇီး မှသည် တူရကီ၊ အမေရိကန် မှ အိန္ဒိယ အထိ အနှံ့အပြား ရှိနေသော ပေါ်ပြူလစ် ပါတီများသည် အဆိုပါ ဘာသာ များ နှင့် တသွေးတည်း တသားတည်း ဖြစ်အောင် တည်ဆောက်လာကြသည်။

 

ခေတ်သစ် အင်စတီကျူးရှင်း များအပေါ် လွန်လွန် ကျုးကျုး သံသယ ရှိနေကြသော်လည်း ရှေးဟောင်း ပေပရပိုက် များကို မူ အကြွင်းမဲ့ ယုံကြည်ကြောင်း ထုတ်ဖေါ် ‌ပြောဆိုလာကြသည်။ နယူးယောက်တိုင်း နှင့် သိပ္ပံ ဂျာနယ် များတွင် ပါရှိသော ဆောင်းပါးများသည် အထက်တန်းလွှာ လူနည်းစု အာဏာ ရှိအောင် လုပ်ကြံရေးသား ထားခြင်းမျိုးသာ ဖြစ်ပြီး သမ္မာကျမ်းစာ၊ ကိုရမ် နှင့် ဝေဒ ကျမ်းများတွင် ပါရှိသည်များသည်သာ အကြွင်းမဲ့ အမှန်တရား များ ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ ပြောဆိုခြင်းဖြင့် ထရန့် နှင့် ဘော်ဆိုနာရို တို့ကဲ့သို့ ခေါင်းဆောင်များအားလည်း ဘုရားသခင် ၏ တမန်တော်များ အလား ယုံကြည်မှု ရှိရန် ‌၎င်းတို့၏ ထောက်ခံသူ များ အား တိုက်တွန်းချင်သည့် သဘောမျိုး သို့ မဟုတ် ကလည်း ၎င်းတို့ သည် လူများနှင့် ပဋ္ဌာန်းဆက်များအလား ဆက်နွယ် ပတ်သက်လာသည့် သဘောမျိုး ပုံ ဖေါ် လာကြသည်။ ပုံသဏ္ဍန်သာ ကွဲ ကောင်း ကွဲမည် ဖြစ် သော်လည်း ပေးချင်သည့် မက်‌‌ ဆေ့ချ်က တမျိုး တည်းပင် ဖြစ်သည်။

 

သမာရိုးကျ နိုင်ငံရေး သမားများသည် အာဏာရရာ ရကြောင်း အတွက် လိမ်လည် ပြောဆိုတတ်ကြသော်လည်း လူထု ကို ဆွဲဆောင် နိုင်စွမ်း ရှိသည့် ခေါင်းဆောင်သည် လိမ်ညာသမျှ အားလုံးကို ဖေါ်ထုတ်ပေးတတ်ခြင်းဖြင့် လူများအား အမှားကင်း အောင် ကိုယ်စားပြု သူ ဖြစ်လာ နေသည်။

 

ပေါ်ပြူလစ် ဝါဒ ၏ အပြောတမျိုး အလုပ်တမျိုး ဖြစ်လာသည်က တိုင်းပြည်ကို အုပ်ချုပ်‌ နေကြ‌ သော လက်တဆုပ်စာ လူနည်းစု သည် အန္တရာယ် များ လောက်အောင် အာဏာ ငမ်းဖမ်း သူများ ဟု သတိပေးလာသော်လည်း ၎င်းတို့၏ အပြောများသည် လူတဦးတ‌ယောက်တည်း အ‌ပေါ် အလုံးစုံ ယုံကြည်ထားရန် ဆိုသည့် စကားမျိုးဖြင့် အမြဲလို အဆုံးသတ် သွားခြင်းပင် ဖြစ်သည်။

 

ယခု အချိန်တွင် မနုဿ အနွယ်ဝင်များသည် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှုများ၊ စစ်ပွဲကြီးများ၊ ထိမ်းလို့မရ ဖြစ်လာသည့် နည်းပညာများ နှင့် အမြဲလို ကြုံတွေ့နေရချိန်တွင် ပေါ်ပြူလစ် သမား များသည် အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ အပေါ် ယုံကြည်စိတ်များ ကို တိုက်စားပစ်လာကြသည်။

 

အစိတ်အပိုင်း များစွာ ဆက်စပ် ပါဝင်နေသော လူ အဖွဲ့အစည်းများကို ယုံကြည်ရမည့် အစား ပေါ်ပြူလစ်များသည် ကျွနုပ်တို့အား "ဖာသွန် ဒဏ္ဍာရီ" များ၊ "မှော်ဆရာ၏ စာသင်သား" ကဲ့သို ပုံတိုပတ်စများ ပါ အကြံဉာဏ်များ အတိုင်း ပေးလာကြသည်။ "ဘုရားသခင် ကို ယုံကြည်ပါ၊ မယုံကြည်က မှော်ဆရာ များက ဝင်ရောက်စွက်ဖက်ပြီး အရာရာတိုင်းကို မှန်သည်ဟု လုပ်လာလိမ့်မည်" သဘောမျိုးပင် ဖြစ်သည်။

 

၎င်းတို့ ပေးသော အကြံဉာဏ် များကို လိုက်နာမည် ဆိုက ရေတို တွင် ကျွနုပ်တို့သည် အဆိုးဝါးဆုံးသော အာဏာငန်းဖမ်းနေသည့် ‌လူသား တဦး၏ ခြေဖဝါးအောက် ရောက်ရှိ သွားပေလိမ့်မည်။ ရေရှည်တွင် အသစ် အသစ် ပေါ်လာသော AI သခင်ကြီးများအောက် ဝပ်စင်းကြရ ပေတော့မည်။ သို့မဟုတ်ကလည်း ကမ္ဘာကြီးသည် နေထိုင်ရန် မဖြစ်တော့ လောက် အောင် အနေအထားမျိုး ကြုံလာရသည့် အချိန်မျိုးတွင် ကျွနုပ်တို့သည် လည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်နေကြပြီ ဆိုသည်ကို မသိတော့သည် ဘဝမျိုး ရောက်ကုန်ကြပေမည်။