စစ်ကောင်စီသည် ၎င်းတို့အား အကာအကွယ် ပေးနိုင်ရန် အရွယ်ရောက်သူတိုင်း တယောက်မကျန် စစ်ထဲဆွဲသွင်းနိုင်ဖို့ ဂမူးရှုးထိုး ကြံစည်လာနေပြီး ယခင်က ကင်းလွတ်ခွင့် ပေးထားသော အသက် ၁၅ နှစ် အထက် ကျောင်းသား ကျောင်းသူ အမည်စာရင်းများကို ပေးပို့ရန် ထွေအုပ်ရုံးများမှ စာနှင့် ပေ နှင့် ညွှန်ကြားလာပြီဟု ဧရာဝတီ မှ သတင်းအရင်းအမြစ်များ ကိုးကား၍ ဖေါ်ပြလာသည်။
ယခင်ကလို လမ်းများပေါ်မှ၊ အိမ်များ၊ ဘတ်စ်ကား ဂိတ် များ မှ ဖမ်းဆီး ခေါ်ဆောင်သွားယုံ နှင့် အားမရတော့ဘဲ တက္ကသိုလ် ကျောင်းတိုက်များ၊ အထက်တန်း ကျောင်း စာသင်ခန်းများ အထိပါ ကျူးကျော် ဝင်ရောက်လာကြပြီ ဖြစ်သည်။
စစ်ခေါင်းဆောင် များ အနား ခစားနေသူများပင် ၎င်းတို့ ရန်ကို ကြောက်လာနေသည်ကို ထိုင်း ကွန်ဒိုများ နိုင်ငံခြားသားများသို့ အရောင်းစာရင်း တွင် မြန်မာ သည် ရုရှားကို ဖြတ်တက်ပြီး တရုတ် နောက်တွင် ဒုတိယ အဖြစ် ကပ်လိုက်လာသည်က ပြဆိုနေသည်။
၂၀၂၄ ပထမ ကိုးလပတ် အတွင်း မြန်မာ နိုင်ငံသားများ အား အမေရိကန် ဒေါ်လာ ၂၅၇.၇ သန်း ဖိုးရှိ ကွန်ဒို အလုံးရေ ၁၀၅၀ ရောင်းချ ခဲ့သည် ဟု ထိုင်း အိုးအိမ် ဌာန မှ ထုတ်ပြန်သော စာရင်းများ တွင် တွေ့လာရသည်။
ထိုအထဲတွင် တိုင်းပြည် ဘဏ္ဍာများ ခိုးဝှက်ယူထားသည့် စစ်ဖက် အရာရှိကြီးများ အများစုပါဝင် နေမည်သာ ဖြစ်သည်။
နောက်ထပ်လည်း ပိုများလာဖို့သာ ရှိနေသည်။ ယခု အခါ ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့ အာရက္ခတပ်တော် (AA) သည် မဟာမိတ် တပ်များနှင့် ပူးပေါင်းကာအနောက်တောင်တိုင်း စစ်ဌာနချုပ် ရှိရာ ဧရာဝတီတိုင်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်သည်။
ထိုသို့ တိုက်ခိုက်ရာတွင် ၎င်းတို့ အခိုင်အမာ ခံစစ် တည်ဆောက်ထားသည့် ငါးသိုင်းချောင်း ဖက်မှ မဟုတ်ဘဲ ကမ်းခြေ ပတ်လမ်းဖက်ရှိ ကျေးရွာ တရွာ မှ နေ၍ ကမ်းတက် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။
အာရက္ခ တပ်တော်သည် စစ်စည်းကမ်း အသေဝတ်ဆုံး နှင့် လေ့ကျင့်မှု အား အကောင်းဆုံး တော်လှန်ရေး အဖွဲ့လည်း ဖြစ်သည်ဟု လေ့လာသူများ၏ ချီးကြူး ခံနေရပြီး အင်အား ၄၅,၀၀၀ အထိ ရှိလာပြီဟု ခန့်မှန်းနေကြသည်။
စစ်ခေါင်းဆောင်များက စေ့စပ် ဆွေးနွေးရန် ကမ်းလှမ်း နေသော်လည်း ၎င်းတို့ အာဏာ ဆက်၍ ကိုင်စွဲထား နိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းမှ သာ ဟု ပြောနေသည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး က ၎င်းတို့ ဆက်၍ ပါဝင် ပတ်သက်နေမည့် အဆိုပါ ဖွဲ့စည်းပုံအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြပြီး ဖြစ်သည်။
၎င်းတို့၏ စေ့စပ် ဆွေးနွေးရန် လမ်းကြောင်းသည် လက်ရှိ ပြည်သူတို့ လိုလားချက် များ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင့်လျက် ရှိနေ၍ တိုက်ယူမှ ရနိုင်မည့် ငြိမ်းချမ်းရေး မျိုး ဖြစ်လာသည်။
ဇန်နဝါရီ ၂၀ နောက်ပိုင်းတွင်တော့ အမေရိကန် တွင် သမ္မတ ဂျိုး ဘိုင်ဒင်၊ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်၊ ၎င်း၏ အကြံပေး ဒဲရက် ရှို လေး ၊ ကုလ သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ် တို့ ပျောက်ကွယ်သွားကြတော့မည် ဖြစ်သည်။
ထရန့် အစိုးရ သစ် လက်ထက်တွင် ဒီမိုကရေစီ အရေး၊ လူ့အခွင့် အရေး များ နှင့် ပတ်သက်၍ စစ်အာဏာပိုင်များ အဖို့ ဖိအားပေးမှု ယခင်ကလောက် မရှိတော့၍ အနည်းငယ် အသက်ရှု ချောင်လာဖို့ ရှိနေသည်။
ယင်းနှင့် အတူ BURMA ACT ၏ အနာဂတ်သည်လည်း မရေရာတော၊ သို့သော် နောက်ဆုံးအကြိမ် ကပ်၍ ဘိုင်ဒင် အစိုးရသည် စစ်တပ်ပိုင် မိုင်တဲလ် ကို အမေရိကန် ၏ အမျိုးသား လုံခြုံရေး နှင့် နိုင်ငံခြားရေး မူဝါဒ အကျိုးစီးပွား များ ကို ဆန့်ကျင် လုပ်ဆောင်နေမှု ဖြင့် နာမည်ပျက် စာရင်းသွင်းကာ ပိတ်ဆို့ ဒဏ်ခတ် ပေးသွားခဲ့ရှာသည်။
မိုင်တဲလ်သည် နိုင်ငံသားများ အပေါ် ထောက်လှန်းပြီး သတင်းအချက်အလက်များ နှင့် ဘဏ္ဍာရေး အရပါ စစ်အာဏာပိုင်များကို ပံ့ပိုးပေးနေ၍ ဖြစ်သောကြောင့်ဟု ဆိုသည်။
ထို့အတွက် မိုင်တဲ သို့ ကုန်ပစ္စည်း များ တင်ပို့မည့် အမေရိကန် ကုမ္ပဏီ များ အဖို့ ၎င်းတို့၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တဆင့် လိုင်စင် လျောက်ဖို့ လိုအပ်လာပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!