ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(19)

by Hla Soewai - Jan 19 2025

ကလော့ဒ် ထွက်သွားသည် နှင့် ကျွန်တော်လည်း လေယာဉ် ပေါ် တက်ရန် စောင့်နေသူများ ထံ လျှောက်လာခဲ့သည်။ မရိမ်းစစ်သား တဦးက အော်လံ ကြီး ဖြင့် စနစ်တကျ တန်းစီထားကြရန် ပြောနေသည်။ ကျွန်တော်တို့ နိုင်ငံသား များ အဖို့က တန်းစီ ရခြင်း ဆိုသည်က လုပ်နေကျ အလုပ်မျိုး မဟုတ် ဖြစ်နေသည်။

 

လိုအပ်နေသည်များကို အနည်းအကျဉ်းသာ ရနိုင်သည့် အခြေအနေတွင် တဦးနှင့် တဦး တွန်းကြထိုးကြ တိုးဝှေ့ တတ်ပြီး၊ ထိုသို့ လုပ်၍ မရလျင် ကပ်ပါး ယပ်ပါး မြှောက်ပင့်ပြောရမည်၊ လိမ်ပြောရမည်၊လဒ် ထိုးရမည် ဆိုသည်လောက်သာ နားလည်ထားကြသူများ ဖြစ်သည်။ ထိုသို့သော စရိုက်လက္ခဏာ များသည် မျိုးရိုး ဗီဇ ကြောင့်လား၊ အရိုးစွဲနေသည့် ဓလေ့ထုံးစံ များ ကြောင့်လား၊ သို့တည်းမဟုတ် အခြေအနေ ပေါ် မူတည်ပြီး အလွယ်တကူပင် အလျင်အမြန် ပြောင်းလဲလာမှု များ လား ဆိုသည်ကား ကျွန်တော် အဖို့ တပ်အပ်သေချာ မပြောနိုင်။

 

ကျွန်တော် တို့ ကား ဆယ်နှစ်နီးပါး အမေရိကန် မှ တင်သွင်းလာသော ပစ္စည်းများ ၏ အတက်အကျ ပေါ် မူတည် ပြီး ရှင်သန်နေရသည့် စီးပွားရေး မျိုး နှင့် အသားကျနေခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်း သုံးဆယ် နီးပါး စစ်ပွဲ များ ဖြစ်လိုက်၊ ငြိမ်သွားလိုက်နှင့် အခြေအနေမျိုး လည်း ကြုံခဲ့ရသည်၊ ထိုအထဲတွင် ၁၉၅၄ ခုနှစ် အတွင်း ပြည်ပမှ မျက်လှည့် ပညာရှင်များ၏ တိုင်းပြည် အား လွှ ဖြင့် နှစ် ပိုင်း ပိုင်း ခံ ခဲ့ရပြန်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် တို့၏ ခေတ္တခဏ သိမ်းပိုက်ခြင်းပင် ခံခဲ့ရသည်။ ပြီးခဲ့သည့် ရာစု နှစ် အတွင်းလည်း ပြင်သစ် ဦးကြီးတို့၏ နှောက်ယှက် ခြင်း လည်း ကြုံခဲ့ရသည်။

 

သို့သော် မရိမ်း တပ်သားများက ထိုသို့သော အကြောင်းပြချက်များကို နဲနဲ လေးမျှ ဂရုစိုက်ပုံမရ၊ ၎င်းတို့ကို ကြည့်ပြီး ကြောက်လန့်လာပုံရ၍ နောက်ဆုံးတွင် လူအုပ်ကြီးသည် တန်းစီ လာကြသည်။ မရိမ်းများက လက်နက်များ ပါမပါ စစ်ဆေးလာသည့် အခါတွင်တော့ ကျွန်တော်တို့ အရာရှိများလည်း ပါလာသည့် လက်နက်များကို စိတ်မကောင်းခြင်း ကြီးစွာ နှင့် ထုတ်ပေးလိုက်ရသည်။ ကျွန်တော်လည်း အမြဲလို လျိူ့ဝှက်လုပ်ငန်းများ အတွက် ကိုင်ဆောင်ထားရသည့် ပွိုင့် သာတီအိတ် ခြောက်လုံးပြူး၊ ဘွန်ကလည်း သူ့တွင် ပါလာသည့် ပွိုင့် ဖော်တီဖိုက် ကို့လ် အမျိုးအစား ဆီမီး အော်တိုမက်တစ် ပစ္စတိုကို ထုတ်ပေးလိုက်ရသည်။

 

ထိုသေနတ်က ဖီလစ်ပိုင်ရှိ မိုရို သူပုန် များကို တချက်တည်း နှင့် အသေ ပစ်နိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဟု ကျွန်တော်က ဒပ် ကို ပြောပြခဲ့ဖူးသည်။ ကျွန်တော်သည် ထိုအကြောင်းကို ကလော့ဒ် ထံမှ သိခဲ့ရခြင်း ဖြစ်သည်၊ ကလော့ဒ်သည် ထိုသို့သော လျို့ဝှက် သတင်းမျိုး သိထားတတ်သည့် လူမျိုး ဖြစ်သည်။

 

လက်နက်များကို စစ်ဆေးပြီးနောက် စားပွဲတွင် ထိုင်နေသည့် ဗျူရိုကရက် ဆန်ဆန် လူငယ်တဦးက စာရွက်စာတမ်း များ ထုတ်ထားရန် ပြော လာ သည်။ သူ့ပုံစံက မျက်နှာ တွင် ဆယ့်ကိုးရာစု နှစ်က ပသိုင်းမွှေးမျိုး နှင့် နှင်းဆီရောင် သန်း‌ နေသည့် နီနီရဲရဲ မျက်မှန် တပ်ထားပြီး ကိုယ်တွင် သနပ်ခါးရောင် ဆာဖာရီ ကုတ် ကို ဝတ်ထားသည်။

 

မိသားစု တစုစီတွင် ပြည်ထဲရေး ဝန်ကြီးဌာနက ကျွန်တော် မတန်တ‌ဆ ဈေး နှင့် ဝယ်ထားရသော ထွက်ခွာခွင့် လက်မှတ်များ ရှိနေပြီး ဖြစ်သည်။ ထို့အပြင် က‌ လော့ဒ် ယူလာပေးသည့် သံရုံးစာရေး မှ တံဆိပ် တုံး ထုပေးထားသည့် သမ္မတ ၏ ခွင့်ပြုမိန့်လည်း ပါရှိနေသည်။ ထိုသို့ သမ္မတ ၏ ခွင့်ပြုမိန့် ကြောင့် ကျွန်တော်တို့သည် လက်ရှိတွင် ကျိုးနွံစွာ တန်းစီနေကြရသော်လည်း ကမ္ဘာတဝှမ်း မှ လွတ်လပ်စွာ အသက်ရှုခွင့်ရရန် တိုးဝှေ့နေကြဆဲဖြစ်သော လူများ ကြားတွင် မူ ရှေ့ဆုံးမှ ရောက်လာခဲ့ရသည်။

 

ဤသည်ကိုပင် ဖြေသိမ့်စရာ တခု အဖြစ် သဘောထားကာ ကိစ္စဝိစ္စ များ ပြီးသည် နှင့် ကျွန်တော် တို့ တင်းနစ်ကွင်း များ ရှိရာသို့ ထွက်လာခွင့် ရခဲ့သည်။ ထွက်ခွာမည့် လူများ အတွက်သာ သတ်မှတ်ပေးထားသည့် တင်းနစ် ကွင်း၏ ပွဲကြည့်စင်များ တွင် နေရာလပ် မရှိအောင် ပြည့်ကျပ်နေပြီ ဖြစ်သည်။ ကျွန်တော်တို့လည်း နောက်ကျနေသူ များ ပီပီ ကစားကွင်း ၏ ကွန်ကရိ ကြမ်းခင်း ပေါ်ရှိ အစိမ်းရောင် မြက်ခင်း ပေါ်တွင် ပင် လဲလျောင်းပြီး စောင့်နေသူများ နှင့် ပူးပေါင်းလိုက်ရသည်။

 

နီကျင့်ကျင့် မီးရောင်များက လူအုပ်ကြီး အပေါ် ထိုးကျနေသည်။ ထိုအထဲတွင် အမေရိကန် များကိုလည်း ကျိုးတို့ကျဲတဲ တွေ့နေရသည်၊ သူတို့အားလုံးသည် ဗီယက်နမ် အမျိုးသမီးများ နှင့် အိမ်ထောင်ကျထားသူ များ ဖြစ်ပုံရသည်။ သို့သော် ကြည့်ရသည်မှာ ဗီယက်နမ် မိသားစု များက သူတို့အား အတူ ခေါ်သွားရန် မည်သို့ မည်ပုံ များတောင်းပန် တိုးလျိုးခဲ့ကြ‌ ရ ပေ သနည်း၊ သို့တည်း မဟုတ် ဗီယက်နမ် အမျိုးသမီး တဦး သည် အမေရိကန် တယောက် လက်အား လက်ထိပ် ဖြင့် ခပ်များ ခပ်ထားလေရော့သလား။

 

ကျွန်တော်လည်း ဘွန် တို့ မိသားစု ‌ဘေး တွင် ဝင်ထိုင်လိုက်သည်။ တဖက်တွင် စကပ်တိုတို နှင့် ငါးဖမ်း ပိုက်ကွန် လို ခြေစွပ်များ ဝတ်ထားသည့် ခေါ်ရင်လိုက်တတ်သော ဗီယက်နမ် မ လေး တသိုက် ရှိနေသည်။ တဖက်တွင် အမေရိကန် တယောက်၊ ဇနီး ဖြစ်သူ နှင့် ကလေးများ ဖြစ်ဟန် တူသော အသက်အားဖြင့် ငါး နှစ် နှင့် ခြောက်နှစ် အရွယ် ခန့် ရှိမည့် ကလေးငယ် နှစ်ဦး တို့ ရှိနေသည်။

 

အမျိုးသားသည် မျက်လုံးပေါ် လက်တင်ပြီး အိပ်နေသည်။ လက်မောင်းကြွက်သား ကြီးများ ကြောင့် သူ့မျက်နှာ ပေါ်ရှိ သစ်ကြာသီးရောင် နှုတ်ခမ်းမွှေး၊ ပန်းရောင် နှုတ်ခမ်း နှင့် ကျိုးတိုးကျဲတဲ ဖြစ်နေသော သွား များကိုသာ မြင်နေရသည်။ အမျိုးသမီး ကတော့ သူ့ ပေါင်ပေါ် ခေါင်းတင်အိပ်နေသော ကလေး နှစ်ယောက်၏ ဆံပင် ညိုညို လေးများကို ပွတ်သပ်ပေးနေသည်။

 

လင်း က ရှင်တို့ ရောက်နေတာ ကြာပြီလား ဟု မေးလိုက်ရာ အမျိုးသမီးက တနေ့လုံးပဲ ဟု ပြန်ဖြေ လိုက်ရင်း ပူလိုက်တာ၊ ဘာမှလည်း စားဖို့ သောက်ဖို့ မရှိ၊ တနေကုန် လေယာဉ် နံပတ်တွေ တခုပြီး တခု ခေါ်နေလည်း ကျမတို့ လေယာဉ် နံပတ် မပါတော့ စောင့်နေရတာပဲ။ 

 

လင်း က သူ မ အပြောကို စာနာသည့် ပုံဖြင့် ခေါင်းတငြိမ့်ငြိမ့် ရှိနေသော်လည်း ဘွန် နှင့် ကျွန်တော်တို့က တော့ တကမ္ဘာလုံးရှိ စစ်တပ်များ၏ ငြီး‌ ငွေ့ ဖွယ်ရာ ထုံးစံ တခု ဖြစ်သည့် အရာရာတိုင်း တက်သုတ်ရိုက်၊ ပြီးလျင် စောင့်ပေဦးတော့ ဆိုသည့် အထဲ စောင့်ရတော့မည် အပိုင်း တွင် စောင့်နိုင် ဖို့ ကိုယ်ကိုကိုယ် နေသားကျအောင် ပြင်ဆင်လိုက်သည်။

 

ကျွန်တော်တို့လည်း စီးကရက် ကို မီးညှိ သောက်လိုက်ရင်း မှောင်မဲနေသော ကောင်းကင်ယံသို့ မော့ကြည့်နေမိသည်။ မကြာခဏ ဆိုသလို ကျလာသော လေထီး တစင်း တွင် ထွန်းညှိထားသော အချက်ပြ မီးအလင်းရောင် တန်း သည် အောက်ကို စိုက်ဆင်းလာပြီး နောက်တွင် ကပ်ပါလာသော မီးခိုးတန်းများ ကို မြင်နေရသည်။

 

ဝန်ခံတော့မှာလား ဟု ဘွန်က စကားစလာသည်။ သူသည် သေနတ်ကို တချက်ခြင်း ပစ်တတ်သလို စကားကိုလည်း တလုံးချင်း ပြောတတ်သူ ဖြစ်သည်။

 

ကျွန်တော်က ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ သိပြီးသား ဟု ခပ်တိုးတိုး ပြောလိုက်သည်။ ဒီမတိုင်မီ က လက်မခံနိုင်သေးဘူးပေါ့ဟု ပြောလာ၍ ကျွန်တော်က ခေါင်းပဲ ငြိမ့်ပြလိုက်သည်။ ဒါကလည်း မင်း တင် မဟုတ်ဘူး၊ ဆိုင်းဂုံမှာ ရှိတဲ့လူတိုင်းလိုလို အပြစ်မကင်းဘူး၊ ငါတို့ အားလုံး သိသိကြီး နဲ့ ဘာမှ မလုပ်နိုင်ခဲ့ကြဘူး၊ တွေးနေခဲ့တာမျိုးပဲ ရှိတယ်။ တခုခု ဖြစ်လာနိုင်တာပဲ ဆိုပြီး မျှော်လင့် နေကြတာပဲ မဟုတ်လား ဟု ကျွန်တော်က ပြောလိုက်၍ ဘွန်က ပုခုံး တွန့်ပြလိုက်ရင်း ဘာမှ မပြောဘဲ သူ့လက်ထဲရှိ မီးလောင်နေသော ကုန်ကာနီး စီးကရက် ကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေသည်။ တအောင့်အကြာတွင် မျှော်လင့်ချက် က ပါးပါးလျားလျားပဲ ရှိနေပေမယ့် စိတ်ပျက်လက်ပျက် ခံစားချက်တွေက ထုနဲ့ ထယ်နဲ့ ရှိ နေတာမျိုးကွ။

 

ထို့နောက် စီးကရက်ကို ကိုင်ထားသော သူ့လက်ရှိ လက်ဖဝါး ပေါ်က ဓါးနှင့် ခြစ်ထား‌ သော အမာရွတ် ကို ပြလိုက်ရင်း မှတ်မိလားဟု မေးလာသည်။