မင်းအောင်လှိုင်၏ အဆံမပါသော သင်္ကြန် အမြှောက်ဆံ

by Hla Soewai - Jan 19 2025

စစ်ခေါင်းဆောင် မှ သေနတ် နှင့် တောင်းဆိုလာမှု များကို လက်ခံမည် မဟုတ် ဟု လွတ်လပ်ရေး နေ့တွင် သတိပေး ကြိမ်းဝါးလာသော်လည်း ၎င်း၏ အပြောသည် အဆံမပါသည့် သင်္ကြန် အမြှောက်သံလို ဖြစ်နေသည်။

 

၎င်း၏ တပ်များက တမြို့ပြီး တမြို့ ဆုံးရှုံးလာနေသော်လည်း ယခု အချိန်အထိ ရှမ်းမြောက် ဒေသ အပါအဝင် မည်သည့် နေရာတွင်မှ ထိုးစစ် မဆင် နိုင်သေးသည်ကို တွေ့နေရသည်။

 

သေဆုံးသွားသူများကို ဘွဲ့တံဆိပ်များ ပေးနေသော်ငြားလည်း ၎င်းတို့ သက်ရှိ ထင်ရှား ရှိနေချိန်တွင် အစားအသောက်နှင့် သောက်ရေ ကိုပင် နည်းလမ်းရှာပြီး ပို့ပေး ရန် စိတ်ကူး မရှိဘဲ ပစ်ထားခဲ့သည့် အဖြစ်ကို ဆုလက်ခံသည့် မိသားစုများက မသိဘဲ နေကြမည် မဟုတ်ပေ။

 

၎င်း ဆုပေးသည့် အထဲတွင် ကွယ်လွန်သွားပြီ ဖြစ်သော ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဦးခွန်ထွန်းဦး၊ လက်ရှိ ခေါင်းဆောင် ဦးစိုင်းညွန့်လွင် နှင့် မွန် ခေါင်းဆောင်များ ပါဝင်နေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ သတင်း ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ အာဏာစက်ဝန်းသည် မြို့ပေါင်း ၃၃၀ အနက် ၁၀၇ မြို့သာ ပျံ့နှံ့နိုင်တော့ပြီး နိုင်ငံဧရိယာ၏ ၃၃ ရာနှုန်းသာ ရှိတော့သည် ဟု ပါရှိလာခဲ့သည်။ PDF များ နှင့် ERO အဖွဲ့များက ၄၄ ရာနှုန်းကို အပြီး အပိုင် သို့မဟုတ် အများစု ကိုထိန်းချုပ် နိုင်ခဲ့ပြီး မြို့ပေါင်း ၄၈ မြို့တွင် အုပ်ချုပ်ရေး လုပ်ငန်းများ စတင်လည် ပတ် နေပြီ ဖြစ်သည်ဟု ပါရှိသည်။ မြို့ပေါင်း ၇၉ မြို့နယ်ထဲတွင် တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသည်ဟု ဆိုသည်။

 

ယခုအခါ အာရက္ခ တပ်တော် နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့များက ဧရာဝတီ နှင့် မကွေးတိုင်းသို့ ထိုးစစ်ဆင်ရန် ပြင်ဆင်လာနေပြီ ဖြစ်ပြီး သွေးတိုးစမ်း တိုက်ပွဲများ ဖြစ်ပွားလာနေသည်၊ ၎င်းတို့၏ ဧရာဝတီ မြစ် အနောက်ဖက် ကမ်း ပဲခူး နှင့် မကွေး ဒေသများရှိ လက်နက်စက်ရုံ များလည်း ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ ချက် သုတေသီ အီဂေါ ဗလာစီဗစ် မှ စစ်ကောင်စီသည် ယခု အခါ အင်အား ပြန် တည်ဆောက်ရန် အပူတပြင်း လိုအပ်နေပြီး ၎င်းတို့လက်ဝယ် ကျန်နေသေးသော နယ်မြေများကို အခိုင်အမာ ခုခံ ကာကွယ်ရန် အချိန်လိုအပ်နေသည်။

 

၎င်းတို့၏ တော်လှန်ရေး ကို အပြီးအပိုင် ချေမှုန်းပြီး အပြီးသတ် အောင်ပွဲ ခံနိုင်ရန် ဆိုသည့် ရည်မှန်းချက်သည် မည်သည့် အခါမျှ ပြောင်းလဲမည် မဟုတ် ဆိုသည်ကို သတိချပ်ရန် လိုအပ်နေသည်ဟု ဧရာဝတီ တွင် ဆောင်းပါး သတိပေးလာခဲ့သည်။

 

၂၀၁၈ ခုနှစ် အတွင်း ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ယူခဲ့သည့် Su-30SME လေယာဉ် ၆ စင်း မှ နောက်ဆုံး အသုတ် နှစ်စင်း သည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရောက်ရှိလာပြီ ဖြစ်သည်။

 

လက်ရှိ အကျဉ်းသားများ လွှတ်ပေးမှု အပေါ် အပြုသဘော ဆောင်သော တိုးတက်မှု၊ စစ်ကြီးပြီးရန် အခွင့်အလန်းများဟု ဝါဒ ဖြန့် ပြောဆိုလာကြသည့် အုပ်စု သုံး အုပ်စု ရှိနေသည်။

 

ပထမ အုပ်စု တွင် စစ်ကောင်စီ ကျရှုံးပါက ၎င်းတို့ ရရှိနေသော၊ ရရှိလတ္တံ့သော အကျိုးစီးပွား များ ထိခိုက်မည်ကို အထိတ်တလန့် ဖြစ်လာနေသော အိမ်နီးချင်း နိုင်ငံများ၊ ဒုတိယ အုပ်စုသည် ကိုယ်ကျိုးရှာ ငြိမ်းချမ်းရေး ‌လော်ဘီများ ဖြစ်သည်၊ ၎င်းတို့သည် ငြိမ်းချမ်းရေး ကို အကြောင်းပြုပြီး အလှုရှင်များထံမှ ခြူစားကြမည်၊ ဘေးရောက်နေသည့် အဖြစ်မှ နေရာဝင် ယူလာကြမည့်လူများ ဖြစ်သည်၊ တတိယ အုပ်စုသည် စစ်ကောင်စီ ၏ အလိမ်အညာ ရွေးကောက်ပွဲ ကို သိသိကြီးနှင့် ဝင်ရောက်ကာ စစ်တပ် ပါတီ အနိုင်ရရေး အဖြည့်ခံ ပံ့ပိုးပေးကြမည့် လူများ ဖြစ်သည်၊ ထိုအထဲတွင် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် ကြီးသူများ၊ သစ္စာခံ အချို့ နှင့် လက်ဝေခံ ဖေါက်သည်များ ပါဝင်နေ၍ ၎င်းတို့ ခင်းလာသော ဇာတ်ကြောင်းများကို တော်လှန်ရေး အဖွဲ့များ အနေဖြင့် လျစ်လျူ ရှုထားနိုင်မှ ဖြစ်မည်ဟု အီဂေါ ဗလာစီဗစ် က ထောက်ပြထားခဲ့သည်။

 

၎င်းတို့ အာဏာ တည်မြဲစေရန် မတရား ဖိနှိပ် ချုပ်ချယ်သည့် ဥပ ဒေ မျိုးစုံ ပြဋ္ဌာန်းလာယုံမကပြည်သူများကိုပင် ပြန်၍ လေယာဉ်များ၊ လက်နကိကြီး များ ဖြင့် ပစ်ခတ်တိုက်လာ‌ နေသည့် စစ်သည် မည်သည့်ဖက်က ကြည့်ကြည့် မတရားသော စစ် လည်း ဖြစ်သည်။

 

အရှေ့တောင် အာရှ နိုင်ငံများသည် ၎င်းတို့ နိုင်ငံသား များ၏ အသက်အိုးအိမ် စည်းစိမ်ကို လျစ်လျူ ရှု့ကာ အရင်းရှင် ကုမ္ပဏီ ကြီး များ အကျိုး အတွက် ပြည်သူများ အပေါ် စစ်ခင်းနေသော စစ်ကောင်စီ အား ပံ့ပိုးပေးနေသော်လည်း လူကို အသက်အန္တရာယ် ဖြစ်စေသည့် မူးယစ်ဆေးဝါး များ ကြောက်ခမန်းလိလိ ဝင်ရောက်လာနေပြီ ဖြစ်သည်။ ဈေးနှုန်းများပင် ကျဆင်းလာသည်အထိ အလျံပယ် ဖြစ်လာခဲ့သည်ဟု ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး အဖွဲ့ နှင့် ကုလ အစီရင်ခံစာများ ကို ကိုးကား၍ စင်္ကာပူ စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!