လာပြောကြည့် ကြပါ

by Hla Soewai - Jan 06 2025

ကချင် လွတ်လပ်ရေး တပ်တော်၏ ဗန်းမော် မြို့သိမ်း တိုက်ပွဲသည် ပြင်းထန်သည်ထက် ပြင်းထန် လာနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

နေရာတိုင်းတွင် ခံစစ် ဖြင့် ခုခံနေရသော စစ်ကောင်စီ တပ်များသည် ယခုအခါလည်း ၎င်းတို့၏ စစ်ဆင်ရေး ဌာနချုပ် အမှတ် (၂၁) အား ဒရုန်းများ၊ လက်ဖြောင့်တပ်သားများ၊ သံချပ်ကာ တပ်များ အပြင် လေကြောင်းမှလည်း ခုခံ တိုက်ခိုက်လျက် ရှိနေ၍ တိုက်ပွဲ အရှိန် မြင့်တက်လာနေခဲ့သည်။

 

မြို့ခံ လူထု လည်း အလုံးအရင်း နှင့် မြို့ကို စွန့်ခွာလျက် ရှိနေသည်။

 

ရခိုင် ပြည်နယ် အတွင်း တောက်လျောက် ထိုးစစ်ဆင် တိုက်ခိုက်လာနေသော အာရက္ခ တပ်တော်သည် ယခုအခါ မြို့ပေါင်း ၁၇ မြို့ အနက် ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

ဆက်၍ ထိုးစစ် ဆင်ရန် ကို မူ စစ်ကောင်စီ ဖက်မှ တုန့်ပြန်လာမှု အပေါ် မူတည်နေသည်ဟု ပြောခွင့်ရ ဦးခိုင်သုခ မှ ဧရာဝတီကို ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု သိရသည်။

 

လေ့လာသူများကမူ အာရက္ခ တပ်တော်သည် မြန်မာ စစ်တပ် အားကိုးနေသော ဘီဂျင်းထံမှ လိုက်လျောမှု များ ရလာရန် ကြံစည်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

 

မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး စကား တွင်တွင် ပြောနေသော်လည်း လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် မည်မျှပင် အရေးနိမ့်နေစေကာမူ ၎င်း၏ လေကြောင်း တိုက်ခိုက်မှု ကို ကြောက်ရွံ့၍ စားပွဲဝိုင်းသို့ ရောက်လာခြင်းဖြင့် အထက်စီးမှ ‌ဆွေးနွေးနိုင်ရန် ကြံရွယ်ထားပုံရသည်။

 

မင်းအောင်လှိုင်သည် မည်သို့ပင် ဟန်လုပ်နေစေကာမူ မကြာမီ က ထုတ်ပြန်လိုက်သော သန်းကောင်စာရင်းအရ နိုင်ငံတွင်း ၎င်းတို့ ထိန်းချုပ်ထားနိုင်မှု မည်မျှ အတိုင်းအတာ အထိသာ ရှိတော့သည် ဆိုသည်က ဗူးပေါ်သလို ပေါ်သွားခဲ့ရသည်။

 

၎င်းတို့ ထုတ်ပြန်ချက်အရ နိုင်ငံ လူဦးရေ၏ ၄၄ ရာနှုန်း နေထိုင်သည့် မြို့ပေါင်း ၁၄၅ မြို့တွင်သာ ကောက်ယူ နိုင်ခဲ့သည်ကို အထင်အရှား တွေ့လာရသည်။ တော်လှန်ရေး အင်အားစု များ နှင့် တိုင်းရင်းသား တပ်ဖွဲ့များ လက်အောက်ရှိ ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း နှင့် ကရင်နီ ဒေသများရှိ မြို့ အများ အပြားနှင့် မန္တလေး တိုင်း အတွင်းရှိ နွားထိုးကြီး၊ စဉ့်ကူ၊ သပိတ်ကျင်း မြို့ များတွင် ကောက်ယူ နိုင်စွမ်း မရှိတော့သော်လည်း တနိုင်ငံလုံးရှိ လူဦးရေသည် ၅၁ သန်း ကျော် သာ ရှိသည်ဟု ထုတ်ပြန်လာခဲ့သည်။

 

ကောက်ယူနိုင်ခဲ့သည့် မြို့ပေါင်း ၁၄၅ မြို့ အနက် ၁၂၇ မြို့တွင်လည်း ၎င်းတို့ တဝက်တပျက်သာ ထိန်းချုပ် နိုင်စွမ်း ရှိနေသည်ကို တွေ့ရသည်ဟု မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

၎င်းတို့၏ မပြည့်မစုံ စာရင်းဇယားများ နှင့် မဲဆန္ဒရှင် စာရင်းပြုစုပြီး ရွေးကောက်ပွဲ ကို ယခုနှစ် အတွင်း ပြုလုပ်ရန် ပြင်ဆင်လာနေသည်။

 

သို့သော် တရုတ်သည် ၎င်းတို့စေခိုင်းသည့် အတိုင်း ရွေးကောက်ပွဲ လုပ်ပြီးသွားက အာဆီယံ အဖွဲ့အား အသိအမှတ်ပြုရန် အကြောင်းပြချက် အဖြစ် ဖိအားပေးလာနိုင်သည်ဟု ဝါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက ဗီအိုအေ အား ပြောပြခဲ့သည်။

 

တရုတ်၏ ငြိမ်းချမ်းရေးသည် အပေါ်ယံ သဘောသာ ဆောင်မည် ဖြစ်သည်ဟု လည်း ဆိုသည်။

 

မြန်မာ စစ်ဗိုလ်ချုပ်များ လက်ရှိ တွင် ချောင်ပိတ်မိနေပြီး ၎င်းတို့ အတွက် အခွင့်အလန်းများ သဲ့ယူ ၍ ရနေပြီဟု တရုတ်ဖက်က ယူဆပြီး အခြေအနေ ကောင်းလာလို ကောင်းလာငြား ရွေးကောက်ပွဲ လုပ်ခိုင်းနေခြင်း ဖြစ်သည်။

 

မြန်မာစစ်ခေါင်းဆောင် ပိုင်းသည် ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် အကြံအစည်များ ချွတ်ခြုံကျနေပြီး ‌လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ အတင်းအကျပ် စစ်အင်အား စုဆောင်းခြင်း နှင့် အတုအယောင် ရွေးကောက်ပွဲ လုပ်ခြင်းဖြင့် မင်းအောင်လှိုင်အား တရားဝင် ဖြစ်လာအောင် သာ လုပ်နိုင်တော့သည်ဟု ဂျေဆင် တာဝါက ဆိုသည်။

 

အာဆီယံသည်လည်း ရွေးကောက်ပွဲ မတိုင်မီ တွင် စစ်ကောင်စီ၏ ဩဇာအာဏာ ကျဆင်းလာမည့် အဖြစ်ကို ရိပ်စားမိလာနိုင်သည်ဟုလည်း ခန့်မှန်းခဲ့သည်။

 

စစ်တိုင်း ဌာနချုပ်ကြီး နှစ်ခု လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီ အဖို့ အခြားရွေးစရာ လမ်းမရှိတော့ပဲ တရုတ် အတွက် အချုပ်အခြာ အာဏာ တစိတ်တပိုင်းကို စွန့်လွှတ်ပေးရတော့မည် ဖြစ်သည်ဟုလည်း ဆိုသည်။ တရုတ်သည် ကမ္ဘာတဝှမ်း ရှိ ၎င်းတို့ ရင်းနှီးမြုပ်နှံထားသမျှ ကို ကာကွယ်သွားရန် မြန်မာ အား စမ်းသပ်ခံ အဖြစ် သဘောထားလာခြင်းလည်း ဖြစ်သည်ဟု ဂျေဆင် တာဝါက ပြောလာခဲ့သည်။

 

အခြား နိုင်ငံများက တရုတ်၏ လုပ်ရပ်များကို ‌အလေး မထားလျင် စစ်ခေါင်းဆောင်များသည် တရုတ် သွားစေချင်သည့် လမ်းကြောင်း ဖက် ယိမ်းလာကြမည်ဟု ဆိုသည်။

 

တရုတ်၏ ဖိအားကြောင့် ဆွေးနွေးရန် ဖြစ်လာပါကလည်း ၎င်းတို့ဖက်မှ လိုက်လျောမှု တစုံတရာ မရက မည်သူမှ အလေးအနက် ပြောဆိုကြမည် မဟုတ်ဘဲ ဆွေးနွေးပွဲ တက်သည် ဆိုယုံမျှသာ ရောက်လာကြ ဖို့ ရှိနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!