နိုင်ငံတကာ ရေးရာ မိတ်ဆက်(99)

by Hla Soewai - Jan 06 2025

နိုင်ငံ တနိုင်ငံ တိုးတက် ဖွံဖြိုးလာရေး အတွက် လုပ်နိုင်သည့် နည်းလမ်းပေါင်းစုံ ရှိနေသော်လည်း လက်တွေ့ တွင် အသုံးတည့်‌ နေသည့် မဟာဗျူဟာ အချို့ ရှိနေသည်။

 

နည်းပညာ အသစ်များ အသုံးချခြင်း၊ ကျွမ်းကျင်သည့် အလုပ်သမားများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးခြင်း များဖြင့် ကုန်ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ပေသည်။ ပြည်ပ ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များ ဝင်ရောက်လာခြင်းသည်လည်း တိုးတက်မှု ကို ဖြစ်ပေါ်စေသည့် မောင်းနှင်အားကြီးလည်း ဖြစ်သည်။

 

စီးပွားရေး လုပ်ကွက်များအား တပိုင်တနိုင် လယ်ယာစိုက်ပျိုးရေး မှ စက်မှု ကုန်ထုတ် လုပ်ငန်းများ ဖက်သို့ ရွှေ့ပြောင်းလာသော နိုင်ငံများသည် မြို့ပြဒေသ ဖွံဖြိုးလာမှု သည်လည်း အတူတွဲ၍ ပါလာပြီး တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။

 

တရားဥပဒေ စိုးမိုး ရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖြင့် တီထွင် ဖန်တီးမှု များ အား အကာအကွယ်ပေးခြင်း၊ ငွေပင်ငွေရင်းများ ရရှိလာအောင် ပြုလုပ်ပေးခြင်း တို့သည်လည်း မရှိမဖြစ် အရေးပါသည်။

 

နိုင်ငံသားများအတွက် လုပ်နိုင်ကိုင်နိုင်မည့် အခွင့် အလန်းများ လိုအပ်နေသည်။ ထို အခွင့်အလန်းများကို အဟန့်အတား ဖြစ်စေမည့် အရာများကို ဖယ်ရှားပေးရပေမည်။ အထူးသဖြင့် ကျားမ ခွဲခြားမှု၊ ဘာသာရေး ၊ လူမျိုးရေး အရ ခွဲခြား ဆက်ဆံခံရနေသူများ အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည် ဆိုက လူနေမှု အဆင့်အတန်း တိုးတက်လာမည်သာ ဖြစ်သည်။

 

ပညာရေး နှင့် စီးပွားရေး အခြေခံ ပိုင်းများ တွင်ရင်းနှီးမြုပ်နှံမှု များ ရှိမည်ဆိုက အကျိုးအမြတ်များ ထွက်ပေါ်လာမည်သာ ဖြစ်သည်။ ပညာရေး အဆင့်အတန်း မြင့်မားလာသည် နှင့် အမျှ ကမ္ဘာကြီး နှင့် တဖြေးဖြေး ရင်ဘောင်တန်းလာမည် ဖြစ်သည်။

 

နိုင်ငံများသည် ၎င်းတို့ စီးပွားရေး ကို မူသေ မထားဘဲ အမျိုးမျိုး ခွဲလုပ် နိုင်မည်ဆိုက အလုပ်အကိုင် အခွင့် အလန်းများ ပေါများလာမည်သာ ဖြစ်သည်။ ကုန်စည် အမျိုးအစား တခုတည်းကို ဇောက်ချ လုပ်ကိုင်ပြီး မှီခိုနေရသည့် အဖြစ်မှ ကင်းလွတ်နိုင်ပေသည်။

 

ဥပမာ ‌ဆိုရက ရေနံ တမျိုးတည်း ကို တင်ပို့ ရောင်းချမှု ကို မှီခိုနေမည် ဆိုက လူတဦးချင်းစီ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ GDP per capita တွင် အဆင်ပြေနေသော်လည်း လက်တွေ့တွင်မူ အကျင့်ပျက် ခြစားမှု များ ဖြစ်ပေါ်လာအောင် အားပေးသလို ဖြစ်လာပြီး စီးပွား‌ ရေး တိုးတက်ရာ တိုးတက်‌ ကြောင်း ဖြစ်‌ စေသည့် အလုပ်အကိုင် အခွင့် အလန်းများ ထွက်ပေါ်လာအောင် ဟန့်တား သလို ဖြစ်နေသည်။

 

မကြာသေးမီ ဆယ်စုနှစ် များ အတွင်းက နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု ပိုင်းတွင် ရည်မှန်းချက်ချပြီး ဆောင်ရွက် နိုင်ရန် ကုလသမဂ္ဂ နှင့် ပူးပေါင်း လာကြသည်။ ကုလသမဂ္ဂ သည် ပွဲဦးထွက် အဖြစ် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် အား သက္ကရာဇ် ၂၀၀၀ တွင် ချမှတ်လာခဲ့သည်။

 

အဓိက အားဖြင့် အလွန်အကျွံ ဆင်းရဲမွဲတေမှု နှင့် ဆာလောင် မွတ်သိပ်နေမှု များ ဖယ်ရှားရန် ဖြစ်သည်။ တကမ္ဘာလုံး အခြေခံ ပညာ အဆင့် တတ်မြောက်ရေး၊ လိင်ခွဲခြား ဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီး များအား လုပ်ပိုင်ခွင့် အာဏာများပေးခြင်း၊ ကလေး သေဆုံးမှု နှုန်း လျော့ချရေး၊ မိခင်လောင်းများ၏ ကျန်းမာရေး ကောင်းမွန်နေရေး၊ HIV/AIDS၊ ငှက်ဖျား၊ အခြား ရောဂါများ တိုက်ဖျက်ရေး၊ ပိုမို ကောင်းမွန်ပြီး ရေရှည်တည်တံနိုင်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ် များ ချမှတ်နိုင်ရေး တို့ ဖြစ်သည်။

 

ထိုလျာထားချက်များအား အလုံးစုံ မပြည့်ဝ နိုင်သည့် တိုင် အနည်းဆုံး ၂၀၁၅ တွင် ထင်သာမြင်သာသည့် တိုးတက်မှုများ ရှိလာစေရန်လည်း ရည်မှန်းထားသည်။ သို့သော် ထွက်ပေါ်လာသော ရလဒ်များသည် ထင်ထားသည့် အတိုင်း အရောရော ‌အနှောနှော ထွက်ပေါ်လာသည်။

 

အလွန် အကျွံ ဆင်းရဲမွဲတေမှု၊ အစာအဟာရ ချို့တဲ့မှု၊ မိခင် နှင့် ကလေး သေဆုံးမှု နှုန်းထားများ ကျဆင်းလာခဲ့သည်။ သို့သော် လူဦးရေ တိုးပွားလာနေမှုကြောင့် အလွန်အကျွံ ဆင်းရဲမွဲတေသည့် စုစုပေါင်းအရည်အတွက် မြင့်မားနေဆဲပင် ဖြစ်သည်။

 

အမျိုးသမီးများ အား ခွဲခြား ဆက်ဆံခံနေရမှု ဆက်ရှိနေဆဲပင် ဖြစ်သည်။ အိုးအိမ်စွန့်ခွာခဲ့ရသူ များ နှင့် ဒုက္ခသည် အရည်အတွက် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဥတုရာသီ ဖေါက်ပြန်လာမှု များ သည် ပို၍ပင် ဆိုးရွားလာခဲ့သည်။ 

 

တရုတ်သည် နိုင်ငံတွင်း အလွန်အကျွံ ဆင်းရဲ မွဲတေမှု များကို သိသိသာသာ လျော့ချ ပစ်နိုင်ခဲ့သည်၊ ယင်း နှင့် ပတ်သက်၍ တိုးတက်မှု ရှိလာသော နိုင်ငံများ တွင် ပြည်ပ အကူအညီသည် မဆိုသလောက်သာ ရှိခဲ့သည်။

 

၂၀၁၅ နောက်ပိုင်းတွင် နောက်ဆက်တွဲ အချက် ၁၇ ချက် အား ရေရှည် ချမှတ် လုပ်‌ ဆောင် သွားရမည့် ရည်မှန်းချက် များ အဖြစ် ထည့်သွင်း ချမှတ်လာခဲ့သည်။ ဆာလောင်မွတ်သိပ်မှု၊ ကျားမ ခွဲခြား ဆက်ဆံရမှု၊ လိင်ကုန်ကူးမှုများ ပပျောက်ရေး နှင့်ရာဇဝတ်မှု မြောက်သည့် အကြမ်းဖက် ခံနေရမှု များမှ နိုင်ငံသားများအား အကာအကွယ်ပေးရေး တို့ ကို အလေးအနက်ထား အကောင်အထည် ဖေါ်ရန် နှင့် တိုးတက်မှု များ ဖေါ်ဆောင်နိုင်ရေး အတွက် ရာသီဥတု ကို ထိခိုက်စေမည့် လုပ်ရပ်မျိုး ရှောင်ကျဉ် ရမည်ဟုလည်း ပါရှိသည်။

 

အစိုးရများ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဖောင်ဒေးရှင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ အင်ဂျီအို များ အားလုံး တက်ညီလက်ညီ ဆောင်ရွက်မှသာ တိုးတက်မှု များ ရရှိလာမည် ဖြစ်သည်။ 

 

ထိုရည်မှန်းချက် များ မှ အစစ်အမှန် တိုးတက်မှု များ လက်တွေ့ ခံစားလာမည့် အချိန်ကို ၂၀၃၀ ‌နှင့် နောက်ပိုင်း ဟု သတ်မှတ်ထားသည်။ ထွက်ပေါ်လာသော ရလဒ်များသည်လည်း ယခင်ကလိုပင် တပြေးညီ ရှိမည် မဟုတ်သော်လည်း ဖွံဖြိုးမှု ဆိုသည်က သမိုင်း ဖြစ်ရပ်မျိုး မဟုတ်ဘဲ အမြဲတစေ ဆက်လက် ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။