ငွေဆောင် ဆွေးနွေးပွဲ သဘောတူညီချက် ဆိုကာ ဦးမြအေး ဦးဆောင်ပြီး ထုတ်ပြန်လာသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေး အစဉ်အလာ ရှိသော၊ ဝါရင့်သော နိုင်ငံရေး သမား ဆိုသူ စုစုပေါင်း ၃၉ ဦး တက်ရောက်လာသည်ဟု ဆိုသည်။
စဉ်းစား မရ ဖြစ်နေသည်က ထိုတွေ့ဆုံ ဆွေးနွေးပွဲ သည် စက်တင်ဘာလ အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဘယ်ကြောင့် ယခု မှ ထွက်ပေါ်လာခဲ့ရသနည်း ဆိုသည်ပင် ဖြစ်သည်။
တကယ်တမ်း တွင် ထိုပုဂ္ဂိုလ်များသည် သဘောတူညီချက် ဆိုသည်ကို ဖြစ်မြောက်အောင် ဆောင်ရွက် နိုင်သည့် အခွင့်အလန်း မရှိသည့် အပြင် ၎င်းတို့၏ အမည်များကိုပင် ထုတ်ပြန်ရဲ သည့် အနေအထား မတွေ့ရ၍ ကြေညာစာတမ်းဟု လျော့လျော့ပေါ့ပေါ့ ပြောသင့်ပေသည်။
သဘောတူညီချက် ဆိုသည့် အထဲတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးဘုံသဘောတူညီချက်ရရှိရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး စစ်ပွဲများ ရပ်တန့် ထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ အချိန်ကာလ သတ်မှတ်ရန်နှင့် ဆွေးနွေးပွဲ အထမြောက်စေဖို့ နိုင်ငံတကာ အကူအညီ ရရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေး ယန္တရားတရပ်ကို ပဋိပက္ခနှင့် သက်ဆိုင်သော အစုအဖွဲ့များနှင့် ဖွဲ့စည်း ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကုစားရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည် တို့ ပါဝင်သည်။
အကြမ်းဖျင်း ယူဆရမည် ဆိုက စစ်တပ် နှင့် ဆွေးနွေးကြရန် ပင် ဖြစ်သည်။ ဆွေးနွေး ရာတွင်ပင် စစ်ပွဲ များ အရင် ရပ်တန့်ရေး ကို နံပတ် (၃) တွင် ထားပြီး စစ်အာဏာပိုင်များ အဆင်ပြေသည့် အချိန် သတ်သတ်မှတ်မှတ် လုပ်ပြီး ဆွေးနွေးရန် ဆိုသည်ကို နံပတ် (၅) တွင် ထားရှိနေသည်ကပင် တလွဲ ဖြစ်လာခဲ့သည်၊ စစ်ဗိုလ်ချုပ် များသည် ၂၀၀၈ ဖွဲ့စည်းပုံကိုပင် အမျိုးမျိုး အ ကြောင်းပြ၍ ဆယ်ငါးနှစ် နီးပါး အချိန်ဆွဲ ခဲ့ကြသည် ဆိုသည်ကို ၎င်းတို့အားလုံး မေ့လျော့နေကြပုံ ရှိသည်။ ထိုအတိုင်းသာ ဆိုပါက လူထု သည် အပစ်ရပ်လိုက်၍ အင်အား ပြန်စုစည်းလာမည့် ပို၍ ကြမ်းရမ်းလာမည့် ဖက်ဆစ် နတ်ဆိုးကြီး ကြောင့် မိအေး နှစ်ခါ နာကိန်း ဆိုက်ရပေတော့မည်။
မိမိတို့ အား ဖက်ဆစ် ဂျပန်တို့ထက်ပင် လက်သံ ပြောင်စွာ လေးနှစ် နီးပါး ဒုက္ခ မျိုးစုံ ပေးခဲ့သော အလွန်တရာ မှ ရုန့်ရင်းကြမ်းတမ်းလှသော စစ်အာဏာရှင် များကို ဖယ်ရှားရေး အား "သေရေး ရှင်ရေး" ပြဿနာ ကြီး အဖြစ် ခံယူထားသော ပြည်သူတို့၏ ဆန္ဒ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။
ဦးမြအေး အပါအဝင် ငွေဆောင်သို့ ရောက်လာသူ များသည် စစ် ခေါင်းဆောင်များ မှ စေ့ဆပ်ဆွေးနွေးရန် လိုလားနေကြပြီဟု မှားယွင်းစွာ ယူဆထားကြပြန်သည်။ တဖက် တွင်လည်း ပြည်သူ့စစ် အသွင် ကူးပြောင်းလာသော စစ်ပွဲကြီးသည် အနိုင်ရဖို့ မရှိဟု တွက်ဆခဲ့ပုံရသည်။
နောက်ထပ် သတိပြုမိသည်က လက်ရှိ မြန်မာ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး ဟု ခေါင်းစဉ် တပ်ထားခြင်းပင် ဖြစ်သည်၊ စစ်အာဏာပိုင် များသည် လက်ရှိ အနေအထားကို နိုင်ငံရေး အကျပ်အတည်းဟု သဘောထားခြင်း မရှိသည်က သေချာသည်၊ စစ်ရေး အကျပ်အတည်း လောက် သဘောထားမည်ကိုပင် မသေချာလှပေ။
တိုင်းရင်းသား တပ်များ နှင့် ဆွေးနွေးရန် စကားစ လာခြင်း မှာလည်း လက်ရှိ ပိုနေမြဲ ကြား နေမြဲ ပုံစံမျိုး ဖြင့် ပြေလည်ရေးထက် မျှော့သွေး စမ်း အကျပ်ကိုင်ပြီး ၎င်း ပိုင် ပစ္စည်းကို ပြန်တောင်းဖို့ လောက် သာ ရည်ရွယ်နေခြင်း ဖြစ်သည်။
လက်ရှိ စစ်ပွဲကြီးသည် လူတဦးတယောက်၏ ဒေါသ၊ လောဘ၊ မာန သက်သက်ဖြင့် လက်အောက်ငယ်သား များ၏ အသက်များကို စတေး ကာ ဆက်၍ ဖြစ်ပွား နေခြင်းသာ ဖြစ်သည်။ ထိုသို့သော လူမျိုးသည် စေ့စပ်ဆွေးနွေးခြင်းမျိုး ဖြင့် အညံ့ခံဖို့ မရှိ၊ အခြေအနေ မဟန် ဖြစ်လာလျင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွား နိုင်ရန် အိမ် ပင် ဝယ်ထားပြီးပြီဟု သတင်းများပင် ထွက်ပေါ်နေပြီ ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ ဟစ်တလာ နှင့် အကြိမ်ကြိမ် သွားရောက် တွေ့ဆုံပြီး ကျားကို သတ်သတ်လွတ် စား ရေး နားချခဲ့၍ အရှက်တကွဲ ဖြစ်သွားခဲ့ရသည့် ရွှေပြည်အေး ဝါဒီ ဟု အမည်တွင်ခဲ့သည့် ဗြိတိသျှ ဝန်ကြီး ချုပ် ချိန်ဘာလိန် နှင့် ကော ငွေဆောင် အဖွဲ့သည် မည်သို့များ ခြားနားပေဦးမည်နည်း။
မင်းအောင်လှိုင်မှ သာ အခေါ်တော် ဆင့်မည် ဆိုလျင် အဆို ပါ ပုဂ္ဂိုလ်များ အပြေးအလွှား သွားရောက် ဆွေးနွေးရန် ပြင်ဆင်နေကြချိန်တွင် ပြည်သူ့ ဘက်တော်သား တော်လှန်ရေး တပ်ဖွဲ့များ၏ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့မှု ကြောင့် အကြမ်းဖက် တပ်သားများသည် တနှစ်တာမျှ အခိုင်အမာ ခြေကုပ်ယူထားသော ဘုတလင် ရဲစခန်း ခံတပ်ဝင်း အတွင်းမှ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြရပြီ ဖြစ်သည်။
ပြည်သူ့ ကာကွယ်ရေး တပ်များသည် ယခု အခါ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှိရာနှင့် မိုင် နှစ်ဆယ် ကျော် အကွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ယခုလို စစ်အာဏာရှင် တို့ အဘက်ဘက် မှ အကျပ်အတည်း များ ကြုံလာရသည် အထိ အဖြစ် ရောက်အောင် ပြည်သူ့သားကောင်း ရာပေါင်းများစွာ တိုင်းပြည် အတွက် အသက်စွန့်လွှတ်ခဲ့ကြရပြီး ဖြစ်သည်၊ ၎င်းတို့ ကျေးဇူး ကို သိတတ်သော အားဖြင့် အာဇာနည် ဗိမာန်ပင် ဆောက်ခွင့် မရမည့် သဘောတူညီချက် မျိုး ထွက်လာမည် အရေး အတွက် ငွေဆောင် တွင် အချိန်ကုန်ခံ၊ လေကုန်ခံ ပြောဆိုနေစရာပင် လိုမည် မထင်ပေ။
သမိုင်းဘီး ကို နောက်ပြန် ဆွဲမည့် အရေးထက် ရှေ့သို့ တဝှီးဝှီး နှင့် လည်ပတ် နိုင်ရေးသာ အားထုတ်သင့်သည် မဟုတ်ပါလား။
ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!