နိုင်ငံတွင်း စီးပွားရေးကို အားစိုက် ရုန်းကန်လာနေရမှု၊ လူမှုရေး တင်းမာမှု များ ထွက်ပေါ်လာမှု၊ အမေရိကန် သမ္မတ အဖြစ် ဒေါ်နယ် ထရန့် ရွေးချယ်ခံခဲ့ရမှု များသည် ၂၀၂၅ အတွင်း တရုတ်သမ္မတ ရှီကျင့်ပင် ၏ ခေါင်းဆောင်မှု အား စိန်ခေါ်လာနေပြီ ဖြစ်သည်။ ထို့အပြင် တရုတ်၏ အမြဲလို ရှူပ်ထွေးသော ပြည်တွင်း နိုင်ငံရေး အနေအထားကြောင့်လည်း မထင်မှတ်သည် များ ထွက်ပေါ်လာနိုင်ပေသည်။
ထရန့်သည် တရုတ်အား တုန်ခါသွားအောင် လုပ်လာမည့် အလားအလာများ ရှိလာနေ၍ ကမ္ဘာအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် လတ်တလော စိုးရိမ်စရာ ဖြစ်လာနေသည်။
အဓိက အားဖြင့် အမေရိကန် သမ္မတ သစ် နှင့် ၎င်း၏ တရုတ် အပေါ် စိတ်မာ ခက်ထန်သည့် သဘောထားရှိသော လက်ထောက်များ၏ လုပ်ရပ်များကြောင့် ရှီကျင့်ပင်သည် ကွန်မြူနစ်ပါတီ၏ ဩဇာညောင်းမှု ကျဆင်းလာမည့် အရေးကို စိုးရိမ်လာနေသည်။
ထရန့်သည် တရုတ်ပြည်မှ သွင်းကုန်များကို ၆၀ ရာနှုန်းအထိ အခွန် တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ထားပြီး ဖြစ်သည်။ နှစ်စဉ် အမေရိကန် သောင်းချီ၍ အသက်ဆုံးရှုံးနေသည့် ဘိန်းဆီ တွင် ထည့်သွင်း၍ ရသည့် ဖန်တနော ဆေးရည် တင်သွင်းမှု ကို လျော့မချက နောက်ထပ် ၁၀ ရာနှုန်း တိုးမြှင့်သွားမည်ဟုလည်း ပြောခဲ့သည်။ ထရန့် တကယ်တမ်း လုပ်မည်ဆိုက တရုတ်၏ စီးပွားရေး တိုးတက်မှု နှုန်း ၂ ရာနှုန်းခန့် လျော့ကျသွားမည်ဟု သုတေသီများက ခန့်မှန်းနေကြသည်။
တရုတ်သည် ယခုအခါ စီးပွားရေး ကို မနိုင်ရင်ကာ ရုန်းကန်နေရချိန် ဖြစ်၍ အရှိုက်ကို အထိုးခံရသလို ဖြစ်လာပေမည်။ အိုးအိမ် ဈေးကွက် ကျဆင်းနေ၍ အိမ်ထောင်စုများ နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ယုံကြည်မှု ဆုံးရှူံး နေပြီး အလုပ်အကိုင် များလည်း ရှားပါးနေသည်။
ရှီကျင့်ပင်သည် ထိုအရေး များကို အလွယ်တကူ ဖြေရှင်းနိုင်မည့် ဆေးမြီးတို မရှိ ဖြစ်နေသည်။ ၎င်း အနေဖြင့် ယွမ် ကို ဈေးချပြီး ပို့ကုန်များ ဈေးကျသွားအောင်လုပ်ခြင်းဖြင့် အမေရိကန်၏ အခွန်တိုးကောက်မှု ကို ကြံ့ကြံ့ခံ နိုင်အောင် လုပ်လာနိုင်သည်။ စက်တင်ဘာလ အတွင်း စားသုံးသူ များ နှင့် ကုမ္ပဏီ များ အကြား အဝယ်လိုက်လာအောင် ၎င်းတို့ထံငွေကြေးများ စီးဝင်နိုင်မည့် အစီအစဉ်များ ချမှတ်လာသော်လည်း ရည်ရွယ်သလို ဖြစ်လာမည်ဆိုသည်က မသေချာလှပေ။
ငွေတန်ဖိုး ချမည်ဆိုက ရင်းနှီးမြုပ်နှံသူများ ထိခိုက်သွားနိုင်ပြီး ငွေကြေးများ နိုင်ငံ တွင်းမှ ထုတ်ယူသွားနိုင်သည်။ အီးယူ နှင့် အခြား ကုန်သွယ်ဖက် နိုင်ငံများသည်လည်း တရုတ်ကုန်ပစ္စည်းများ ၎င်းတို့ ဈေးကွက်သို့ အလျံပယ် ဝင်ရောက်လာနိုင်၍ တင်းမာမှု များ ဖြစ်ပေါ်လာနိုင်သည်။
နိုင်ငံ တွင်း စီးပွား ရေး အဆင်မပြေမှုများကြောင့် ဓါးဖြင့် ခုတ်ခြင်း၊ လူအုပ်ကြားထဲ ကားဖြင့် တိုးဝင်ကာ တိုက်ခိုက်ခြင်း ကဲ့သို့ အကြမ်းဖက်မှုများ တိုးပွားလာ နေသည်။ တရုတ် ကွန်မြူနစ် ပါတီသည်လည်း သိသိသာသာ တုန်လှုပ်လာပြီး ပြင်းပြင်းထန်ထန် အရေးယူရန် ပြောဆိုလာခဲ့သည်။ အောက်ခြေ လူထု အတွင်း အခြေအနေများ ထိန်းချုပ်နိုင်ရန် နှင့် လူမှုရေး လုပ်ငန်းများ အကောင်အထည် ဖေါ်ရန် ရှီကျင့်ပင်သည် နိုဝင်ဘာလ အတွင်း စကားစလာကြသည်။
ယင်းလုပ်ငန်းများ အကောင်အထည် ဖေါ်ရင်း တဖက်တွင်လည်း မငြိမ်မသက် ဖြစ်လာနိုင်သည်များကို နားစွင့် ပြီး သတင်းပို့ရန်လည်း ပြောခဲ့သည်။ လက်ရှိတွင် ကုမ္ပဏီများသည် အလုပ်သမားများ ထပ်မံငှားရမ်းခြင်း မရှိတော့ပဲ၊ လုပ်ခများ လျော့ချခြင်း၊ အလုပ်မှ အနားပေးခြင်းများ လုပ်လာ၍ ကွန်မြူနစ် ပါတီ အဖို့ နားမျက်စိများကို အစွမ်းကုန် ဖွင့်ထားဖို့ အရေးတကြီး လိုအပ်နေသည်။
တရုတ် မီဒီယာများကလည်း အခြေအနေများ မငြိမ်မသက် ဖြစ်လာနေသည်ကို ဝန်ခံ ရေးသားလာကြသည်။ ဒီဇင်ဘာလ အတွင်း ဆင်ဟွာ သတင်းဌာနမှ ပြည်ပ ဖိအားများ နှင့် ပြည်တွင်း အခက်အခဲများ ကြောင့် အခြေအနေများ ရှုပ်ထွေးလာပြီး စိန်ခေါ်မှု များ ထွက်ပေါ်လာနေသည်ဟု ရေးသားခဲ့သည်။
မတ်လ ၅ ရက်နေ့တွင် ကျင်းပမည့် တရုတ် လွှတ်တော်ဖြစ်သည့် အမျိုးသား ပြည်သူ့ ကွန်ဂရက် သို့ တက်ရောက်လာသူများ အနေဖြင့် ထိုအကြောင်းများကို အဆိုးဘက်မှ မရှုမြင်မိအောင် အထူးသတိထားနေကြရတော့မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လက်ရှိ အခက်အခဲများ အပေါ် အောင်ပွဲ ခံရမည်ဆိုသည့် ယုံကြည်ချက်များ အခိုင်အမာ မွေးမြူထားကြရမည်ဟု ရှီကျင့်ပင်က လေသံပစ်ထားခဲ့၍ ဖြစ်သည်။
တက် ရောက်လာမည့် ကိုယ်စားလှယ် ၃,၀၀၀ ကျော်၏ စိတ်ထဲတွင်လည်း နောက်ထပ် ဘဝင်မကျစရာ အကြောင်းက ရှိနေပြန်သည်။ ယင်းသည် တရုတ် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ အကြား ဂဏှာမငြိမ် ဖြစ်လာနေမှု ပင် ဖြစ်သည်။ တက်ရောက်လာမည့် ကိုယ်စားလှယ်များထဲတွင် စစ်ဖက်မှ ၂၈၀ ခန့် ပါဝင်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း စစ်တပ် အတွင်း နံပတ် ၅ အဆင့်ရှိ ရေတပ် အကြီးအကဲ မီယောင်ဟွာ အား အကျင့်ပျက် ခြစားမှု၊ ၎င်းတို့ အခေါ် စည်းကမ်း ဖေါက်ဖျက်မှု ဖြင့် ဖမ်းဆီး ပြီး စုံစမ်းစစ်ဆေးနေသည်။ ဗိုလ်ချုပ်ကြီး မီယောင်ဟွာသည် ရှီ နှင့် နီးစပ်သူ တဦးလည်း ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးကို ပစ်မှတ်ထား အရေးယူလာခြင်းကြောင့် လက်နက်ကိုင် တပ်ဖွဲ့များ အပေါ် ရှီ၏ ထိန်းချုပ်နိုင်မှု သည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။
ထိုကဲ့သို့ ပြစ်မှု မျိုး ဖြင့် ပြီးခဲ့သည့် တနှစ်ခွဲ အတွင်းအရေးယူ ခံရသည့် စစ်ဖက် အထက်တန်း အရာရှိကြီး တဒါဇင်ခန့်ထဲတွင် မီယောင်ဟွာသည် ရာထူး အကြီးဆုံးလည်း ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး ဒေါင်ဂျွန်၏ ကံကြမ္မာ မည်သို့ မည်ပုံ ဖန်လာမည်ကိုလည်း စောင့်ကြည့်နေကြသည်။ ၎င်းသည် မီဟောင်ဟွာ၏ တပည့် တဦး လည်း ဖြစ်သည်၊ လက်ရှိတွင် ဒေါင်ဂျွန်၏ အနေအထား ယိမ်းယိုင်လာနေသော်လည်း နိုင်ငံခြား ဧည့်သည်များကို လက်ခံ တွေ့ဆုံနေဆဲ ဖြစ်သည်။ ၎င်းအယင် ကာကွယ်ရေး ဝန်ကြီး နှစ်ဦး အထိ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးလည်း ဖြစ်သည်။
ရှီသည် ပြည်တွင်းတွင် စိတ်ရှုပ်စရာ များ ရှိလာနေ၍ ပြည်ပ အရေးတွင် စွန့်စားရမည့် အရေး မှန်သမျှ စိတ်ပါလက်ပါ ရှိနိုင်တော့မည် မဟုတ်ဟုလည်း သုံးသပ်နေကြသည်။ ထရန့်သည် ယူကရိန်း တွင် ငြိမ်းချမ်းရေးရရန် လုံးပမ်းလာမည့် အရေးကို ရပ်ကြည့် နေဖို့ ရှိနေသည်။ ယူကရိန်း စစ်ပွဲကြောင့် တရုတ် နှင့် ဥရောပ နိုင်ငံများ ဆက်ဆံရေး ထိခိုက်လာရသည်။ ဆက်ဖြစ်နေမည် ဆိုကလည်း ဥရောပ နိုင်ငံများ၏ အရင်းအမြစ်များ ကုန်ခန်းလာဖို့ ရှိနေ၍ ၎င်း အတွက် ထိခိုက်စရာ သိပ်မရှိလှပေ။
ရှီသည် တိုင်ဝမ်၊ တောင်တရုတ် ပင်လယ် နှင့် ပတ်သက်ပြီး အငြင်းပွားနေသည့် နိုင်ငံများကို မူ ဆက်၍ ခြိမ်းခြောက် မာန်မဲနေဦးမည်သာ ဖြစ်သည်။ သို့သော် အမေရိကား ပါဝင် ပတ်သက်လာနိုင်သည့် အထိတော့ အရောက်ခံဖို့ မရှိပေ။
၎င်းအတွက် ပြည်တွင်း နှင့် ပြည်ပရေးရာများ ဆက်နွယ် ပတ်သက်လာနိုင်သည့် အန္တရာယ်များ ရှိနေသည်။
ဇန်နဝါရီလ၂၉ ရက်နေ့တွင် မြွေ နှစ်သို့ ကူးပြောင်းလာတော့မည် ဖြစ်၍ ရှီကျင့်ပင် သည် ၎င်း အတွက် သတိကြီးစွာ ထားရမည့် နှစ်ဟုလည်း ရှုမြင်ထားပြီး ဖြစ်သည်။
(၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ Xi Jinping has much to worry about in 2025 ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)