၂၀၂၅ နှစ် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ မှ ပြည်ပ အထင်ကရ မီဒီယာ များ သို့ စတင် ထိုးဖောက်လာခြင်းပင် ဖြစ်သည်။
မေး - ၂၀၂၅ အတွက် NUG ၏ မဟာဗျူဟာ
ဖြေ - ၂၀၂၅ မှာ တော်လှန်ရေး ကို အရှိန် မြှင့်သွားဖို့ ရှိနေပါတယ်၊ ပွဲဦးထွက်ကတည်း မရှိမဲ့ ရှိမဲ့ အရင်းအမြစ် တွေနဲ့ ထုတ်နှုတ် စ ခဲ့ရပေမယ့် အခုဆို တော်လှန်ရေး က အင်အား ပိုကောင်းလာနေပါပြီ။
၂၀၂၅ မှာ ပြည်သူ တရပ်လုံးကို ဒုက္ခမျိုးစုံ ပေးနေတဲ့ ဖက်ဆစ် နတ်ဆိုး မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေကို အပြီးအပိုင် ဖယ်ရှားသွားဖို့ ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့ တွေ အားလုံး ပါဝင်ဖို့ အပြင် နိုင်ငံတကာရဲ့ သံတမန်ရေး အရ ပူးပေါင်း ပါဝင် ထောက်ခံလာဖို့လည်း လိုအပ်ပါတယ်။
နောက်ထပ် အရေးပါတဲ့ အချက်တခုက လူထု နဲ့ ဆက်ဆံရေး ကောင်းဖို့ နဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေ မှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ရှိနေဖို့ ပဲ ဖြစ်ပါတယ်။ ဒါတွေ အားလုံး ၂၀၂၅ မှာ တိုးတက် ဖြစ် ပေါ် လာဖို့ ကျွန်တော်တို့ မှာ အစီအစဉ် တွေ ချထားပြီး ဖြစ်ပါတယ်။
မေး - ၂၀၂၅ မှာ ဖြစ်လာနိုင်ခြေ
ဖြေ - အနည်းဆုံး ဆီရီယား မှာ အာဆတ် ထွက်ပြေးရလောက်တဲ့ အထိ အခြေ အနေ တွေ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ စစ်ကောင်စီ ကို အပြီးသတ် ထိုး နှက်ဖို့ပဲ ကျန်ပါတော့တယ်။
အိုင်စီစီ ကလည်း မင်းအောင်လှိုင်ကို တရားစွဲဖို့ လုပ်နေတာ ကိုလည်း ကျွန်တော် တို့ ထောက်ခံပါတယ်။
အခုလို ကာလ မှာ နိုင်ငံတကာ က ပါဝင် ပတ်သက်ဖို့ မရှိမဖြစ် လိုအပ်နေပါတယ်။ ဒီလို မျိုး တပြိုင်တည်း အတူ ပူးပေါင်း သွားမယ် ဆိုရင် စစ်ကောင်စီ ချက်ခြင်းလို ပြိုလဲသွား မှာ ဖြစ်ပါတယ်။
သူတို့ ဆီ စီးမျောနေတဲ့ ဘဏ္ဍာငွေကြေး တွေကို ရပ်သွားအောင် လုပ်ဖို့ လိုပါတယ်။ ဒါ့အပြင် ဓါတ်ငွေ့တွေ ဝယ်နေတာတွေ၊ လေယာဉ်ဆီတွေ ရောင်းပေးနေတာတွေ ရပ်တန့်ကြဖို့ လိုပါတယ်။
နိုင်ငံတကာ အသိုက် အဝန်းကိုလည်း စစ်ကောင်စီ ကို အသိအမှတ် မပြုဖို့၊ မပတ်သက်ဖို့၊ မဆက်သွယ်ဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။
မေး - NUG ကို နိုင်ငံတဝှမ်း ဆင်နွှဲနေတဲ့ တော်လှန်ရေး ရဲ့ ခေါင်းဆောင်လို့ ယူဆပါသလား။
ဖြေ - မြန်မာ လူထု က တော်လှန်ရေး ကို ဦးဆောင်ဖို့ ရွေးချယ်ထားတဲ့ အတွက် ရှေ့ဆုံးကနေ တိုက်ပွဲ ဝင်နေပါတယ်။ နိုင်ငံတကာကလည်း ဒီလို လူထု က ပေးအပ်ထားတဲ့ အခွင့် အာဏာတွေ ရှိနေတယ် ဆိုတာ ကို အသိအမှတ် ပြုဖို့ လိုပါတယ်။
အချို့ ERO တွေက NUG ကို ဗဟို အစိုးရ လို့ အသိအမှတ် မပြုကြသေးပေမယ့် ကျွန်တော်တို့က တော့ ဒီပုံစံ အတိုင်း ဆောင်ရွက်နေပါတယ်။ ERO အဖွဲ့ အသီးသီး နဲ့ အတူတူ ညှိနှိုင်း လုပ်ဆောင်နေပြီး အချို့ ERO တွေက သူတို့ ထောက်ခံမှု ပေးရမယ့် ဗဟို အဖွဲ့အစည်း တခု အဖြစ် သဘောထားကြပါတယ်။ ဒီအတွက် ကျွန်တော်တို့ တာဝန် ကျေဖို့ လိုပါတယ်၊ တော်လှန်ရေး ကို အဆုံးရှူံး ခံလို့ မဖြစ်ပါဘူး။
မေး - မကြာသေးမီက NUG ဝန်ကြီးတွေ ပြည်တွင်း ပြန်လာကြဖို့ ခေါ်ယူခဲ့မှု ကို လူထု ကလည်း ကြိုဆို ခဲ့ကြတာ တွေ့ရတယ်၊ ခေါ်တဲ့လူတွေ ပြန်လာကြပြီလား။
ဖြေ - ကျွန်တော်တို့ရဲ့ မူ ကတော့ တော်လှန်ရေး ဟာ တန့် နေလို့ မဖြစ်တဲ့ အတွက် တိုးတက်မှု တွေ ဖေါ် ဆောင် နိုင်မယ့် အပြောင်းအလဲ တွေ လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီအချိန် ဟာ NUG ဝန်ကြီးတွေ မြေပြင်မှာ ပြည်သူနဲ့ တသားတည်း ရှိနေဖို့ လိုအပ်လာပါတယ်၊ အတူတူ ရုန်းကန်ဖို့၊ အကောင်း အဆိုး တွေ အတူတူ မျှဝေ ခံစားကြရမယ့် အချိန်ရောက်လာပါပြီ။ ဒါကြောင့်လည်း ပြန်လာကြဖို့ ခေါ်တာ ပါ။
ဒီကိစ္စ ကို ဝန်ကြီးတွေ အားလုံး ပါဝင်တဲ့ ကော်မတီ ဖွဲ့ပြီး ဆွေးနွေးလာတာ နှစ်လ ရှိနေပါပြီ၊ ကော်မတီထဲမှာ ပါတဲ့ အချို့ ဝန်ကြီး တွေ က ပြန်လာဖို့ ကတိပြုထားပါတယ်။
မေး - NUG က ဝန်ကြီးတွေ ဘယ်တော့ အပြောင်းအလဲ လုပ်ဖို့ ရှိပါသလဲ၊ ဘယ်သူတွေက ဘယ်ကဏ္ဍ ကနေ ပါဖို့ ရည်မှန်းထားတာမျိုး ရှိပါသလား။
ဖြေ - ဒါက လျို့ဝှက်ထားရဦးမယ့် သတင်းမျိုးပါ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က တော့ NUG ကို ပြုပြင်ပြောင်းလဲမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
ဒီလိုရာထူး မျိုး ဆိုတာ အပြီး ယူထားလို့ မရသလို၊ တော်လှန်ရေး အားကောင်းလာဖို့ အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ် တွေကို ကြိုဆိုသွားဖို့ အမြဲလို အဆင်သင့် ရှိနေပါတယ်။ ၂၀၂၅ အစောပိုင်း မှာ စလုပ်သွားဖို့ သဘောတူထားပြီး ပါပြီ။
မေး - စစ်တပ် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ NUG ရဲ့ စည်းကမ်း သတ်မှတ်ချက် တွေ ရှိနေပါလား၊
ဖြေ - NUG ဟာ ဆွေးနွေးဖို့ အမြဲတမ်း တံခါး ဖွင့်ထားပါတယ်၊ ပြဿနာက စစ်ကောင်စီ ဖက်က ကျွန်တော်တို့နဲ့ နိုင်ငံရေး အရ ဆွေးနွေးချင်စိတ် မရှိ ဖြစ်နေတာပါပဲ။
ကျွန်တော်တို့ဖက်က စည်းကမ်းချက် တခု ပဲ ရှိတယ်၊ ဒါကလည်း K3C တိုင်းရင်းသား လက်နက်ကိုင် ညွှန်ပေါင်း အဖွဲ့ နဲ့ ပူးတွဲ ကြေညာချက် မှာ ပါပြီးသား၊ အဲ့ဒီထဲ မှာ ပါတဲ့ ခြောက်ချက် မှာ အနည်းဆုံး သုံးချက်ကို သာ စစ်ကောင်စီက သဘောတူမယ် ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှေ့ဆက်သွားလို့ ရပြီ၊ အဲ့ဒီ သုံးချက် ဆိုတာက အရပ်သား အုပ်ချုပ်ရေး ကို လက်ခံဖို့၊ ပြည်တွင်း နိုင်ငံရေး မှာ နောက်တခါ ဘယ်တော့မှ ဝင်မစွက်တော့ ပါဘူးလို့ ကမ္ဘာကို ကြေညာပေးဖို့ ပါပဲ။
ဒီနေရာမှလည်း ကမ္ဘာအင်အားကြီး နိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေကလည်း နိုင်ငံရေး ကနေ စစ်တပ် ထွက်ခါဖို့ကို စောင့်ကြည့် အာမခံဖို့လည်း အရေးကြီးပါတယ်။
မေး - ERO တွေ ကနေ NUG ကို ထောက်ခံလာဖို့
ဖြေ - တော်လှန်ရေး မှာ တိုင်းရင်းသား အားလုံး လက်တွဲ တိုက်ပွဲ ဝင်ခဲ့တဲ့ သမိုင်းကြောင်း ရှိထားပြီးသား ပါ၊ ဥပမာ ဂျပန်ကို တော်လှန်ရာမှာ ကချင်တွေ ပါဝင်ခဲ့သလို၊ ချင်းတွေလည်း ပါခဲ့တာပါပဲ။
အဲ့တုန်းက ဂျပန်ဖက်က ရပ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ မြန်မာ တွေ၊ ဗုဒ္ဓဘာသာ အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။
ကျွန်တော်တို့ကို အနောက်အုပ်စု ဩဇာ လွှမ်း နေတယ်လို့ ရှုမြင်ကြပါတယ်။ ဒါပေမယ့် ဒီတော်လှန်ရေး က လူတိုင်း ပါဝင် ပတ်သက်နေတဲ့ အတွက် တမူ ထူးခြားနေပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ ကြားမှာ လည်း မယုံသင်္ကာမှု တွေ အတိုင်းအတာ တခုထိ ရှိနေပါတယ်၊ ကေအင်ယူ ဆို စစ်အာဏာရှင် တွေကို သူ့ တဖွဲ့တည်း စတင် တွန်းလှန်ခဲ့ရတာပါ။ ရှမ်းက ၁၉၅၉ မှ စတင်ပြီး၊ ကချင်က ၁၉၆၁ ၊ နောက်ပိုင်း ချင်း တွေလည်း ပါလာပါတယ်။ အားလုံးက စစ်အာဏာရှင်တွေကို သူ့နည်းသူ့ဟန် နဲ့ တိုက်လာကြတာပါ။
လက်နက်ကိုင် အဖွဲ့ အတိုင်း မှာ ဗဟို အဆင့် ဦးဆောင် အဖွဲ့တွေ ရှိနေပြီး ဖြစ်တော့ အားလုံး NUG ရဲ့ ကွပ်ကဲမှု COC အောက် စနစ်တကျ ထည့်သွင်းဖို့ စိမ်ခေါ်မှု တွေ ရှိလာပါတယ်။ အဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်တွေ အားလုံး ပူးတွဲ ကွပ်ကဲသွားရမယ့် စနစ်မျိုး ရှိရမှာ ဖြစ်ပါတယ်။
လောလောဆယ်တော့ စစ်ဆင်ရေး တွေ ကို အတူ ညှိနှိုင်း ဆောင်ရွက်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အောင်လည်း အောင်မြင်နေပါတယ်၊ အနာဂတ်မှာ ဖက်ဒရယ် စစ်တပ် နဲ့ အဆင့်ဆင့် အမိန့်ပေး အမိန့်ခံ စနစ်ရှိလာဖို့ ကျွမ်းကျင်သူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ အကူအညီ လိုအပ်နေပါတယ်။
မေး - ၁၉၈၂ နိုင်ငံသား ဥပဒေ ကို အစားထိုးဖို့ NUG က ၂၀၂၃ ဇွန်လ မှ အတည်ပြုခဲ့တာကို အကောင်အထည် ဖေါ်ပြီးပြီလား။
ဖြေ - ဒါကို လုပ်ဖို့ ၂၀၂၁ အာဏာသိမ်းပြီးစ ကတည်းက စဉ်းစားလာတာပါ၊ ဘယ်အချိန် နဲ့ ဘယ်လို အကောင်အထည် ဖေါ်မလဲ ဆိုတာက ဥပဒေ ပိုင်း လိုအပ်ချက် တွေ နဲ့ နိုင်ငံ အခြေအနေ ပေါ် မူတည်နေပါတယ်။
အခြေအနေ တွေ ကောင်းလာပြီး အသွင် ကူးပြောင်းရေး ကာလမျိုး ရောက်လာရင် အောက်ခြေ အဆင့်ဆင့် ပြည်သူတွေရဲ့ သဘောထား တွေ ရယူပြီး ပေးအပ်လာတဲ့ လုပ်ပိုင်ခွင့် နဲ့ အညီ အစိုးရ က ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒါကို အလောသုံးဆယ် လုပ်မယ်ဆိုရင် အားနည်းတဲ့ ဥပဒေမျိုး ဖြစ်လာနိုင်ပြီး နောက်တကြိမ် ထပ်ပြင်ရ ဆင်ရနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားနိုင်ပါတယ်။
မေး - စစ်တပ်ကို တရုတ်က တိုးပြီး ပံ့ပိုးပေးလာနေတာကို ဘယ်လို ဖြေရှင်းမလဲ။
ဖြေ - မြန်မာ ပြည် တွင်းက လက်ရှိ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ အနေအထားကို တရုတ်ဖက်က နားလည် လာအောင် အမြဲလို ကြိုးပမ်း နေပါတယ်၊ တရုတ်သာ မကဘူး၊ အိမ်နီးချင်းတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့ကို လည်း ဒီအတိုင်းပဲ ကြိုးစားနေပါတယ်။
တခု ကျွန်တော် နားမလည်တာက ကိုယ်နိုင်ငံ ကိုယ် ပြန် ဖျက်ဆီးနေတဲ့ ရက်စက် ကြမ်းကြုပ်လှတဲ့ စစ်တပ် ကို ဘာလို့ ထောက်ခံနေကြတာလဲ ဆိုတာကိုပါ၊ တရုတ်က ကျွန်တော်တို့ရဲ့ အိမ်နီးချင်း၊ အိမ်နီးချင်း ဆိုတာက ဘယ်သူဘယ်ဝါ လို့ ကျွန်တော်တို့ ရွေးချယ်လို့ မရဘူး၊ သူတို့နဲ့ မနေချင်လို့ ကျွန်းတကျွန်း ကို ပြောင်းသွားလို့လဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်ကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အမြဲ ဆက်သွယ်နေရမှာပဲ။
အိမ်နီးချင်းတွေ ဖက်ကလည်း မြန်မာ ပြည်သူတွေ ဘာလို ချင် နေလဲ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ရှင်းရှင်းလင်းလင်း သိထားရမှာ တခုက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ အတိုင်း မြန်မာ ပြည်သူတွေ ဆန္ဒနဲ့ အညီပဲ ဖြစ်ရမယ် ဆိုတာပါပဲ။ မြန်မာ ပြည်သူတွေက စစ်အာဏာရှင် စနစ်ကို မလိုလားဘူး၊ ဒါပါပဲ။
တရုတ်ကို နားချ နိုင်ဖို့ သံတမန်ရေး နည်း လမ်း ပေါင်းစုံ သုံးပြီး ဆက်သွယ်နေပါတယ်။ တရုတ်က စီးပွားရေး ပဓာန ထားတဲ့ နိုင်ငံမို့ သူတို့ ရင်းနှီးမြုပ်နှံမှုတွေ အာမခံ ပေးပြီး မြန်မာ့ ဒီမို ကရေစီ အစိုးရနဲ့ တရုတ် တို့အကြား ရရှိလာမယ့် နှစ်ဖက် သဘောတူညီချက် တိုင်းကို အာမခံ သွားမယ်လို့လည်း အကြောင်းကြားထားပါတယ်။
မေး - စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်နေတာတွေ ကို NUG အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။
ဖြေ - ဒီအတွက် လေယာဉ်ပစ် လက်နက်တွေ အပူတပြင်း လိုအပ်နေပါတယ်လို့ ကျွန်တော်တို့ မီဒီယာ ချန်နယ် တွေ က နေ တဆင့် အမြဲလို ပြောနေခဲ့ပါတယ်။ သာမန် အမျိုးအစား လက်နက် လောက်နဲ့ ရုရှား လုပ် ဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့ မဖြစ်နိုင်ပါဘူး။
ဒီအတွက် လေယာဉ်ပစ် ဒုံးကျည်တွေ လိုနေတယ်၊ ဒါတွေကို ရဖို့ကလည်း ကန့်သတ်ချက်တွေ အမျိုးမျိုး ရှိနေတယ်။ ယူကရိန်း လိုသာ ရမယ် ဆိုရင် စစ်တပ် တတပ်လုံး ခြောက်လ နဲ့ ကို ဖြိုပစ်နိုင်ပြီး တော်လှန်ရေး ကို ချက်ခြင်းလို အဆုံးသတ် နိုင်ပါတယ်။
အခုထိ လူ ၆,၀၀၀ နီးပါး အသက်ဆုံးနေပြီ၊ လူထု ရဲ့ အိုးအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်း တွေ ပျက်စီးကုန်တာလဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီး ပစ်နေလို့ ပဲ။
ကျွန်တော် အနေနဲ့ နောက်တကြိမ် နိုင်ငံတကာကို ပန်ကြားချင် တာကတော့ မြန်မာ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ပြည်သူတွေရဲ့ တော်လှန်ရေး ကို ထောက်ခံကြပါလို့ ပြောလိုပါတယ်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!