တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့က စစ် ခေါင်းဆောင်များ နှင့် ဆွေးနွေးရန် လမ်းဖွင့်လာနေ၍ အမျိုးသား ညီညွတ်ရေး အစိုးရ၏ စစ်အာဏာရှင် တွန်းလှန်ရေး စစ်ပွဲ တွင် နှောင့်နှေးမှု များ နှင့် ကြုံလာရသည်ဟု နစ်ကီအေးရှား ရီဗြူးတွင် သုံးသပ်ထားသည်။
NUG ၏ ယာယီ သမ္မတ ကြီး ဒူးဝါး လရှီးလ မှ ယခုလ အတွင်း အာရက္ခ တပ်တော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အထိ သိမ်းပိုက်နိုင်ခဲ့သည့် အောင်မြင်မှု များ အတွက် ဝမ်းသာဂုဏ်ယူကြောင်း ကြေ့ညာချက် ထုတ်ပြန်လာခဲ့သည်။ မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင် အဆုံးသတ်သွားရေး အတွက် ပူးတွဲ တိုက်ပွဲ ဝင်သွားမည်ဟု လည်း ပါရှိလာခဲ့သည်။
NUG သည် လက်နက်ကိုင် တော်လှန်ရေး ကို ၂၀၂၁ စက်တင်ဘာလ တွင် စတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်။
မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့သည် ၂၀၂၃ အောက်တိုဘာလ တွင် စစ်ကောင်စီ တပ်များကို ထိုးစစ်ကြီး စတင် ဆင်နွှဲလာခဲ့သည်။
NUG သည် ၎င်းတို့နှင့် အတူ ပူးပေါင်း လက်တွဲသွားရန် ပြောဆိုလာသော်လည်း အာရက္ခ တပ်တော် နှင့် မူ ဆက်ဆံရေး အေးစက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တွင် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာခံခဲ့ရသည့် အာရက္ခတပ်တော်သည် ယခု အခါ ပြည်နယ် အတွင်း ရှိ မြို့ များကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။
စစ်ကောင်စီ တပ်များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင် မြောက်ပိုင်းရှိ ရိုဟင်ဂျာ များ ဒုက္ခသုက္ခများ ကြုံတွေ့လာရသည်ဟု ကုလသမဂ္ဂ ၏ ဒီဇင်ဘာ လ အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။ အာရက္ခ တပ်တော်မှ တည်ထောင်လာမည့် အုပ်ချုပ်ရေး ယန္တရား မည်သို့မည်ပုံ ထွက်ပေါ်လာမည် ကို ရှင်းရှင်းလင်းလင်း မသိရသေး၍ လည်း ရိုဟင်ဂျာ တို့၏ အနာဂတ် နှင့် အခြေခံ လူ့အခွင့် အရေး များ အတွက် စိုးရိမ်စရာ ဆက်ရှိနေသည်ဟု ဆိုသည်။
ယခုအခါ စစ်ခေါင်းဆောင်များ နှင့် တရုတ် အစိုးရ အကြား နီးနီးကပ်ကပ် ဆက်ဆံလာမှု အနေအထား ကြောင့် NUG သည် အာရက္ခ တပ်တော်အား လက်ကမ်း လာခြင်းလည်း ဖြစ်သည်၊ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ ၏ ကျန် အဖွဲ့ဝင် များသည် စစ်တပ်နှင့် ဆွေးနွေးရန် ပြီးခဲ့သည့် နိုဝင်ဘာလက လမ်းဖွင့်လာခဲ့သည်။ တရုတ်သည်လည်း မြန်မာ သယံဇာတ များ နှင့် ၎င်းတို့ အတွက် စီးပွားရေး အခြေခံ များ တည်ဆောက်နိုင်ရေး အတွက် စိတ်အား တက်လာကြသည်။
NUG နှင့် PDF တပ်များသည်လည်း မန္တလေး နှင့် နေပြည်တော် တဝိုက် နယ်မြေစိုးမိုးနိုင်ရန် လုံးပမ်းလာကြသည်။ ယာယီ သမ္မတ မှ ပြည်ပတွင် ရှိနေကြသော အစိုးရ အဖွဲ့ဝင်များအားလည်း ပြည်တွင်းသို့ ပြန်လာရန် ဆင့်ခေါ်လာခဲ့သည်။
NUG သည် တရုတ်၏ ဖိအားများ တိုးမြင့် လာနေခြင်းကို လျစ်လျုရှုထား၍ မရတော့သည့် အနေအထား ဖြစ်လာ၍ အဝေးရောက် အစိုးရထက် ပြည်တွင်း တွင် စစ်အင်အား တည်ဆောက်ဖို့ လိုအပ်လာသည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။
NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကလည်း အရေးတကြီး မလိုအပ်သည့် အသုံးစရိတ်များ လျော့ချပြီး စစ်အသုံးစရိတ် အတွက် ပုံအော်သွားရမည်ဟု ပြောလာခဲ့သည်။
တနင်္ဂနွေ့နေ့ တွင် အာရက္ခ တပ်တော်မှလည်း နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေးဖို့ တံခါး ဖွင့်ထားဆဲဟု ပြောလာခဲ့သည်။
NUG သည် စစ်ခေါင်းဆောင်များ နှင့် ဆွေးနွေးရန် ငြင်းပယ်ထားပြီး ဖြစ်သည်။ အာရက္ခ တပ်တော်သည် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေ များကို လက်မလွှတ်ပဲ ဆက်လက် ကာကွယ်သွားဖို့ ရှိနေသည်၊ သို့သော် စစ်တပ်အား ဆွေးနွေးရန် လေသံ ထွက်လာမှု သည် NUG ၏ ပူးတွဲ တိုက်ပွဲဝင်ရန် ကမ်းလှမ်းမှု အား ငြင်းပယ်လိုက်သည့် သဘောဆောင်နေသည်။
မြောက်ပိုင်းရှိ အဖွဲ့များကလည်း NUG နှင့် ဖာသိဖာသာ နေ နေဆဲ ဖြစ်၍ ပြည်ပ မှ လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရေး အတွက် ခက်ခဲလာရသည်ဟု အမေရိကန် အခြေစိုက် ကမ္ဘာ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာ နှင့် အဖြစ်အပျက်များ လေ့လာစောင့်ကြည့်ရေး အဖွဲ့က နိုဝင်ဘာလ ကုန်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် နောက်ထပ် ထောက်ပြလာသည့် အချက်ကား တော်လှန်ရေး အဖွဲ့ အသီးသီး မှ အရေးပါသည့် ကုန်သွယ် ရေး လမ်းကြောင်း တလျောက် စစ်ဆေးရေး ဂိတ်များ ချ ပြီး အခွန်ကောက်ယူနေမှု များပင် ဖြစ်သည်။ ယင်းသည် လူထု အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်လာနေပြီး NUG ဦးဆောင်နေသည့် တော်လှန်ရေး ကို ထောက်ခံမှု ကျဆင်းလာနိုင်သည်ဟု ဆိုသည်။
NUG ၏ အနေအထားသည် ပြည်ပတွင်လည်း လျော့နည်း ကျဆင်းလာသည်၊ တောင်ကိုရီယား အစိုးရက မြန်မာ နိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်ဆုံးသည်များကို NUG ကိုယ်စားလှည် ရုံးမှ ပြန်၍ တိုးပေးသည်ကို နားလည် မှု ဖြင့် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ခွင့်မပြု တော့ဟု တောင်ကိုရီယား အစိုးရက ပြောလာခဲ့သည်။
ယခုအခါ အာရက္ခ တပ်တော်သည် ရခိုင်တွင် ဒီမိုကရေစီ အရေးထက် ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်နိုင်မည့် နယ်မြေ ချဲ့ ထွင် နိုင်ရေး ဦးစားပေးနေမှု နှင့် NUG နှင့် လက်တွဲသွားရေး ကို ပြဿနာ အဖြစ် ယူဆလာမှု များကို အနောက်အုပ်စုမှ မည်သို့ တုန့်ပြန်မည် ဆိုသည် အပေါ် အာရုံစိုက်လာကြသည်။
PDF တပ်များ၏ အချို့သော လုပ်ရပ်များကိုလည်း အမေရိကန် နှင့် အနောက်ဥရောပ မှ အမြင် မကြည်လင် ဖြစ်လာသည်။
ရခိုင် သည် ဘီဂျင်း၏ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း များ အတွက် အရေးပါသော ဒေသ ဖြစ်နေ၍ "ပူးတွဲ လုံခြုံရေး ကုမ္ပဏီ" ဆိုသည့် ခြေလှမ်းများ စတင်လာပြီ ဖြစ်သည်။
ထို့အတွက် အာရက္ခ တပ်တော်၏ လှုပ်ရှားလာမှု အနေအထား ပေါ် မူတည်ပြီး အခြေအနေများသည် တရုတ် ပါဝင်ပတ်သက်လာနိုင်သည့် ပဋိပက္ခ အသွင် သို့ ဦးတည်လာနိုင်ပေသည် ဟု နစ်ကီ အေးရှားတွင်ရေးသားထားသည်။
မိမိ ယူဆ မိသလောက်ကမူ တရုတ်သည် အိန္ဒိယ၏ "Look East Policy" နှင့် ကုလားတန် မြစ် စီမံကိန်းကို ဟန့်တား နိုင်ရန် အာရက္ခ တပ်တော်အား ၎င်းတို့၏ ကိုယ်စားလှယ် တော်ကြီး အဖြစ် သတ်မှတ်ထားပုံရသည်။ ထို့ အတွက် ရခိုင် တွင် အပစ်ရပ်ရေး ကို စိတ်မဝင်စား၊ အာရက္ခ တပ်တော်သည် ၎င်းတို့၏ ပရိုဂျက်များကို လက်ဖျားနှင့် ပင် ထိမည်မဟုတ်၊
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခု အခါ ၎င်းတို့၏ ၂၇၁ ကီလိုမီတာ ရှည်လျားသော နယ်ခြား ကို အာရက္ခ တပ်တော်မှ လုံးဝဥသုံ ထိန်းချုပ်ထားပြီး ဖြစ်၍ ဖြစ်ပေါ်လာနိုင်သော ကိစ္စများ အတွက် ၎င်းတို့ နှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရသစ်၏ ပြည်ထဲရေး ဝန်ကြီးဌာ န အကြံပေး အငြိမ်းစား ဗိုလ်ချုပ်ကြီး အလမ် ချောင်ဒရီမှ တရားဝင် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
တရုတ်သည် ၎င်းတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို ပြသလာခဲ့ပြီ ဖြစ်၍ ထဲထဲဝင်ဝင် ပတ်သက် မလာနိုင်မီ NUG အနေဖြင့် စစ်ရေး လှုပ်ရှားမှု များကို အရှိန်မြှင့်ဖို့ လိုအပ်နေပေသည်။ လက်ရှိတွင် မန္တလေး အား ထိုးစစ် ဆင်နိုင်ရန် PDF တပ်များ ဦးတည် လှုပ်ရှားနေသည်ဟု သိရသည်။
ဧရာဝတီ ဆောင်းပါး ကမူ ဘီဂျင်းသည် မြန်မာ စစ်တပ်ဖက်မှ အပြည့်အဝ ရပ်တည်သွားပြီ ဆိုသည့် ယူဆထားချက် သည် ချဲ့ကား လွန်းရာ ကျပြီး ထို အတိုင်း ဆက်၍ ယူဆ ပြောဆိုနေမည် ဆိုက တရုတ် အား စစ်ခေါင်းဆောင်များ နှင့် ပို၍ နီးစပ်အောင် တွန်းပို့ပေးသလို ဖြစ်သွားမည်ဟု သတိပေးလာခဲ့သည်။
NUG သည် ထရန့် အစိုးရသစ် အား လော်ဘီ လုပ်သွားမည်ဟု ပြောလာခဲ့သည်၊ တရုတ် အစိုးရ နှင့် ကော အလားတူ မလုပ်နိုင်ဘူးလားဟု လည်း မေးခွန်း ထုတ်လာခဲ့သည်။ မည်သို့မည်ပုံ စရမည်ကို မသိပါက ပရော်ဖက်ရှင်နယ် လော်ဘီ သမားများ ငှား၍ လုပ်သင့်သည်ဟု ဆိုသည်။
NUG အနေဖြင့် ဘီဂျင်းအား မကျေမချမ်း ဖြစ်နေမည့် အစား ၎င်းတို့အား ထောက်ခံလာအောင် သံခင်း တမန်ခင်း လမ်းကြောင်းကို အာရုံစိုက်သင့်သည်ဟု လည်း အကြံပေးထားသည်။
တရုတ်သည် အိမ်နီးချင်း အဖြစ် အမြဲလို ရှိနေမည့် အတွက် ၎င်းတို့ အား ကိုယ်ဖက် ပါလာအောင် ရေရှည် မူဝါဒ တရပ်အဖြစ် ချမှတ်ဆောင်ရွက်သွားသင့်သည်ဟု အကြံပေးထားသည်။
အမေရိကန် နှင့် အနောက်အုပ်စုသည် မြန်မာ ဒီမိုကရေစီ အင်အားစု များသည် ၎င်းတို့ဖက်တွင် သေချာပေါက် ရှိနေသည်ဟု ယူဆထားကြ၍ အထူး တလည် လုပ်ပေးစရာ မလိုဟု ခံယူထားသည်၊ အကယ်၍ မိမိတို့ဖက်မှ တရုတ် နှင့် ပူးပေါင်းသွားမည့် အလားအလာ များ ထွက်ပေါ်လာပါက လှုပ်လှူပ်ရွရွ ဖြစ်လာကြတော့မည် ဆိုသည်ကို ထည့်သွင်စဉ်းစားရမည် ဖြစ်သည်ဟု မိမိ ယူဆမိသည်။
မကြာမီက "အိမ်ပြန်လှိုင်းစစ် ICO 2" ဆိုကာ ရံပုံငွေ ကောက်ခံမှုသည် တိုတောင်းသော ကာလ အတွင်း ဒေါ်လာ ၁၃ သန်း အထိ အံ့မခန်း ကောက်ခံနိုင်ခဲ့သည်ကို ကြည့်က လူထု ၏ ထောက်ခံမှု သည် ဝေဝါးသွားခြင်း မရှိသည်ကို တွေ့ရသည်။
NUG နိုင်ငံခြားရေး ဝန်ကြီးက လာမည့် ဖေဖေါ်ဝါရီ ၁ ရက် မတိုင်မီ ပိုမို ထိရောက်စွာ ဆောင်ရွက် သွား နိုင်ရေး အတွက် အပြောင်းအလဲ များ ဖေါ်ဆောင်သွားရန် ရှိသည်ဟု ဆိုသည်။
မန္တလေး PDF သည်လည်း စစ်ကိုင်းတိုင်း တပ်မဟာ တခု ကို ထပ်မံ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!