တော်လှန်ရေး ၏ ၂၀၂၄ ရေချိန်

by Hla Soewai - Jan 06 2025

၂၀၂၄ အတွင်း အားပျော့လာနေပြီ ဖြစ်သော အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများ အပေါ် ရက်ရက်စက်စက် ပြုကျင့်လာခဲ့သည်။ သို့သော် ၎င်းတို့ မီးကုန်ယမ်းကုန် ပြုကျင့် ခံခဲ့ရသူများသည် စစ်မက်ရေး ရာ နှင့် မည်သို့မျှ မပတ်သက်သည့် ပြည်သူများ သာ ဖြစ်သည်။ ရှုံးမဲ မဲကာ ၎င်းတို့ ထိန်းချုပ် နိုင်စွမ်း မရှိတော့သည့် နယ်မြေများရှိ ကျေးရွာများ၊ စီးပွားရေး အဆောက်အအုံ များအား မညှာမတာ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။

 

တိုင်းရင်းသား တပ်များ နှင့် ပြည်သူ့ ကာကွယ်ရေး တပ်များ ပူးပေါင်း ပြီး ထိုးစစ်ဆင်ခဲ့ရာ ရှမ်းမြောက် ဒေသ နှင့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တခုလုံး နီးပါး စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ခဲ့ကြသည်။ လူအင်အား မရှိသလောက် ဖြစ်လာသည့် စစ်တပ်သည် ကြံရာမရ ဖြစ်လာသည့် အဆုံး လူငယ်လူရွယ် များကို အတင်းအကျပ် စစ်ထဲ ဆွဲသွင်းပြီး တော်ယုံသင့်ယုံ လေ့ကျင့် ပေးပြီး ဖုတ်ပူ မီးတိုက် ရှေ့တန်း စစ်မျက် နှာ သို့ စေလွှတ်လာကြသည်။

 

ထိုသို့ အကျပ်အတည်း များ ရင်ဆိုင်ရနေသော မင်းအောင်လှိုင် အဖွဲ့သည် နှစ်သိမ့်ဆု ‌အဖြစ် အသက်ရှု ချောင် ဖို့ ဖြစ်လာခဲ့သည်။ ဤသည်ကား တရုတ် မှ ယခင်လို ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ဘဲ ပြည်တွင်းရေးကို ‌ဗြောင် ဝင်စွက်ကာ စစ်ကောင်စီ အား ဖက်လှဲတကင်း လုပ်လာခြင်း ဖြစ်သည်၊ တကမ္ဘာလုံး၏ ဖယ်ကျဉ် ခြင်း ခံနေရသော မင်းအောင်လှိုင် အား အာဏာသိမ်းပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ကူမင်း အထိပင် ဆင့်ခေါ်လာခဲ့သည်။

 

တရုတ် မှ မဖြစ်မနေ ရွေးကောက်ပွဲ လုပ်ရန် ညွှန်ကြားလာပြီး ထောက်ခံ မှု ပုံ‌ အော် လာ၍ မင်း‌ အောင်လှိုင်သည် ရဲတင်းလာသည်၊ အခွင့်အရေး ချောင်းနေသော နိုင်ငံရေး ပါတီများသည် မင်းအောင်လှိုင် ၏ မျက်နှာသာ ရရေး သူ့ထက်ငါ အလုအယက် ဝိုင်းအုံလာကြသည်။ နိုင်ငံ အနှံ့အပြား လုံခြုံ‌ ရေး ကင်းမဲ့နေချိန် တွင် ပင် သန်းကောင်စာရင်း ကောက်သည့် အဓိပ္ပါယ် မဲ့ လုပ်ရပ်ကို အကောင်အထည် ဖေါ်လာခဲ့သည်။ ၎င်းတို့၏ အာဏာ ဆက်၍ ဆုပ်ကိုင် နိုင်ရန် ကြံစည်လာသည့် ရွေးကောက်ပွဲအား လက်တဆုပ်စာ နိုင်ငံများ မှ အပ မည်သူကမျှ အတုအယောင် ဆိုကာ အသိအမှတ် ပြုရန် ပယ်ချ ခဲ့ကြပြီး ဖြစ်သည်။

 

၂၀၂၄ သည် စစ်အာဏာပိုင်များ အား တော်လှန်ဆန့်ကျင့် နေမှု တွင် အထင်ကရ နှစ် တနှစ် အဖြစ် ထွက်ပေါ်လာခဲ့သည်။ အီးအေအို များ နှင့် မဟာမိတ် တပ်များ အကြား ယခင်ကထက် ပူးပေါင်း ဆောင်ရွက်လာကြသည်။ ထို့အတွက်လည်း လားရှိုး မြို့ကြီး နှင့် အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် ရှမ်းမြောက်ဒေသ တခုလုံး နီးပါး သိမ်းယူနိုင်ခဲ့ယုံမက စစ်ကောင်စီ အဖို့ နိုင်ငံတဝှမ်း ထိန်းချုပ်နိုင်ဖို့ အခက်အခဲ ဖြစ်လာခဲ့သည်။ ယခုအခါ နောက်ထပ် တိုင်း စစ်ဌာနချုပ် ဖြစ်သော အမ်း ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုပါ တိုင်းရင်းသား တပ်များက သိမ်းယူ နိုင်ခဲ့သည်။

 

ထိုအောင်ပွဲများ ကြောင့် တော်လှန်ရေး အင်အားစု များ နှင့် ပြည်သူများ အကြား စိတ်အားတက်လာကြသည်။

 

စစ်အာဏာရှင်များ အား အရှက်တကွဲ အရေးနိမ့် သွား‌ စေခဲ့သည့် ၂၀၂၄ အောင်ပွဲများ တွင် အဓိက နေရာ မှ ပါဝင်ခဲ့ကြသူများသည် မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ဝင်များ၊ ကချင်လွတ်လပ်ရေး တပ်၊ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်များ ဖြစ်သည်။

 

ညီနောင်သုံးဖေါ် မဟာမိတ် တပ်များ သည် ၂၀၂၃ အောက်တိုဘာ ၂၇ တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင် ခဲ့ရာ တရုတ်၏ ကြားဝင် ဖိအား ပေးမှု များကြောင့် ဇန်နဝါရီ လ အတွင်း ခေတ္တရပ်နားခဲ့ပြီး ငါးလ အကြာ ဇွန်လ တွင် စစ်တပ်ဖက်မှ ဖေါက်ဖျက်လာ၍ ပြန်လည် ထိုးစစ် ကို စတင်ခဲ့ရာမှ လားရှိုး အပါအဝင် မြို့ပေါင်း ၂၅ မြို့ခန့် သိမ်းယူ နိုင်ခဲ့သည်။

 

TNLA နှင့် မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်များ သည် မန္တလေး မြောက်ဖက်ရှိ မိုးကုတ် အပါအဝင် မြို့ လေး မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြန်သည်။

 

ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ရှမ်းမြောက် ဒေသများတွင် ကချင် လွတ်လပ်ရေး တပ်တော်သည် အောင်ပွဲများ အလီလီ ရရှိခဲ့သည်။ ရှားပါး မြေသား သတ္တုများ ထွက်ရှိပြီး မဟာဗျူဟာ အရ လွန်စွာ အရေးပါသည့် တရုတ်နယ်စပ် နှင့် ကပ်လျက် ရှိသည့် ကချင် အထူး ဒေသ (၁) တခုလုံး ကို ရရှိသွားခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ PDF တပ်များ၊ တိုင်းရင်းသား အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သဖြင့် ကချင်ပြည် နယ် အတွင်း မြို့ပေါင်း ၁၀ မြို့၊ စစ်ကိုင်း မြောက် နှင့် ရှမ်းမြောက် ဒေသများတွင် မြို့ ၆ မြို့ ပါရရှိ သွားခဲ့သည်။

 

အာရက္ခ တပ်တော်သည်လည်း စစ်ကိုင်း၊ မကွေး နှင့် ချင်းပြည်နယ် ရှိ တော်လှန်ရေး အဖွဲ့များ နှင့် လက်တွဲ ဆောင်ရွက် နိုင်ခဲ့မှု ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား တကြောလုံးကို သိမ်းယူ နိုင်ခဲ့သည်။ ယခု အချိန်အထိ မြို့ပေါင်း ၁၇ မြို့ အနက် မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ဂွ မှအပ အားလုံး သိမ်းယူလိုက်နိုင်ပြီ ဖြစ်သည်၊

 

ဧရာဝတီ ၏ ၂၀၂၄ အောင်ပွဲ သုံးသပ်ချက်အား ပြန်လည် တင်ပြခြင်း ဖြစ်သည်။

 

၂၀၂၄ စစ်ရေး စစ်ရာ တွင် စစ်ကောင်စီ ဖက်မှ အောင်မြင်မှု ဟူ၍ အထက်တွင် ဖေါ်ပြခဲ့သော လက်လွှတ်ခဲ့ရသည့် မည်သည့် မြို့ကို မျှ ပြန်လည် သိမ်းယူ နိုင်ခဲ့ခြင်း မရှိဘဲ၊ အားတက်စရာ ကြီးကြီးမားမား အောင်ပွဲ ဟူ‌၍လည်း လက်ဆုပ်လက်ကိုင် ပြနိင်စရာ တခု တလေမျှ မရှိ၊ စစ်မက် ရေးရာ နှင့် မည်သို့မျှ မပတ်သက်‌ သော ဗုံးကြဲ၊ မီးရှို့ နေကြခြင်းသာ ရှိသည်။ တရုတ်အား နားပူနားဆာ လုပ်၍ မြို့များ နှင့် နယ်စပ်ဂိတ်များ ၎င်းတို့အား ပြန်ပေးဖို့ ပြောပေးရန်သာ နားပူနားဆာ လုပ်နေကြသည်ကို သာ တွေ့ရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!