၂၀၂၄ တလျောက်လုံး ကျွနုပ်တို့ မဂ္ဂဇင်း စာမျက်နှာ များ တွင် လူ့ အနွယ်ဝင်များ ဒုက္ခ သုက္ခ မျိုးစုံ နှင့် ကြုံတွေ့ နေရသည့် အကြောင်းအရာ များ နှင့် ပြည့် နှက် နေခဲ့သည်။ တိုက်ကြီး သုံးတိုက်တွင် စစ်ပွဲကြီးများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ကမ္ဘာကြီးသည် ယူကရိန်း နှင့် ဂါဇာ တွင် ဖြစ်ပွားသော စစ်ပွဲများကိုသာ အာရုံစိုက်ခဲ့ကြသည်။ သို့သော် ထိုစစ်ပွဲ ကြီး များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည့် စစ်ပွဲကြီးက ဆူဒန် တွင် ဖြစ်ပွားနေသည်။
မုန်တိုင်းများ၊ လေပြင်းများ၊ ရေကြီးရေလျံ ခြင်း၊ တောမီးလောင်ခြင်းများ သည် လည်း လူ့အသက် များ နှင့် အိုးအိမ်စည်းစိမ်များကို ဖျက်ဆီး ယူငင် သွားကြပြန်သည်။
တရုတ် နှင့် ၎င်းတို့ဖက် တွင် ရှိနေသော နိုင်ငံများ နှင့် အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများ အကြား ပြိုင်ဆိုင်မှု သည် ပို၍ နက်ရှိုင်းလာနေသည်။ သို့သော် အမေရိကား သည် ၎င်းတို့ဖက်တွင် ရှိနေသည့် မဟာမိတ်များ အပေါ် သံသယ ရှိနေသည့် ပုဂ္ဂိုလ်အား သမ္မတ အဖြစ် ရွေးချယ်လာခဲ့သည်။
ကနဦး တွင် ၂၀၂၄ သည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး အကျအန စီစဉ် ခင်းကျင်းလာသော ကမ္ဘာ နိုင်ငံရေး စီမံခန့်ခွဲမှု စနစ်သည် အလဲလဲ အပြိုပြို ဖြစ်လာနေပြီ ဆိုသည့် အမြင်များ ကို အားဖြည့်ပေးလာခဲ့သည်ဟု ယူဆစရာ ဖြစ်လာခဲ့သည်။ ထိုသို့ အလဲလဲ အပြိုပြို ဖြစ်လာမှု များကို ပင် ဖြစ်သင့် ဖြစ်ထိုက်သည်ဟု မြင်လာသော အစိုးရများ ပို၍ များလာနေသည်။
နိုင်ငံ ကို တဦးတည်း သဘောဖြင့် စီမံ အုပ်ချုပ်နေသူများက နိုင်ငံတကာ စည်းမျဉ်းများကိုပင် အရေးမထား ဖေါက်ဖျက်လာသည်။ ထိုသို့ စည်းမျဉ်း များ လိုက်နာဖို့ အရေးကြီးကြောင်း ဟောပြောနေသည့် အနောက် အင်အားကြီး နိုင်ငံများသည်လည်း လိုသူ အပေါ် တမျိုး မလိုသူ အပေါ် တမျိုး ဆက်ဆံနေသည်။
သို့သော် ကျယ်ကျယ် ပြန့်ပြန့် ရှုမြင်တတ်မည် ဆိုက ၂၀၂၄ သည် မျှော်လင့်ချက် ကောင်းများ ထွက်ပေါ်လာနေသည် ဟု ကောက်ချက်ချ၍ ရပြန်သည်။ အမေရိကန် အပါအဝင် အရင်းရှင် နိုင်ငံ များ၏ ဒီမိုကရေစီသည် ပြန်လည် အားကောင်းလာသည်ကို တွေ့ရမည် ဖြစ်သည်။ တချိန်တည်း မှာပင် တရုတ် အပါအဝင် သူတလူ ငါတမင်း အုပ်ချုပ်နေသော နိုင်ငံများ၏ အားနည်းချက်များလည်း ဗူးပေါ် သလို ပေါ်လာခဲ့ရသည်။
ယခင် စနစ်ဟောင်း ဆီသို့ ပြန်ရောက်ဖို့ မလွယ်ကူ လှသော်လည်း အင်အား ကြီးထွားလာ နေ သော နိုင်ငံများမှ ကျဆင်းစ ပြုလာ နေသော အင်အားကြီး နိုင်ငံများအား ပုခုံးချင်း ယှဉ်လာသည့် အခါတွင်တော့ ကမ္ဘာ တွင် စစ်ပွဲကြီးများ ဖြစ်ပွားလာခဲ့သည်။ အမေရိကန် တို့ အင်အား ကောင်းနေခြင်းသည် အခြားနိုင်ငံများအား ပြဿနာများ ကို ငြိမ်းချမ်းစွာ အဖြေရှာ နိုင်သည့် လမ်းကြောင်းကို ရှာဖွေရန် ဦးတည်စေခဲ့သလိုပဋိပက္ခများ ဖြစ်မလာ နိုင်အောင် ဟန့်တားပေးသလို ဖြစ်လာခဲ့သည်။
ဒီမိုကရေစီ ပြန်လည် အားကောင်းလာမှု ကို တိုင်းတာ နိုင်သည့် အချက်ကား ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေး ကို ဦးတည်စေသည် ရွေးကောက်ပွဲ များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
၂၀၂၄ တွင် ကမ္ဘာလူဦးရေ တဝက်ကျော် နေထိုင်သည့် နိုင်ငံပေါင်း ၇၆ နိုင်ငံ တွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည်။ မဲရုံများသို့ မဲသွားထဲ့သည့် အရေအတွက်သည်လည်း ယခင်ကထက် ပိုများလာခဲ့သည်။ လုပ်ခဲ့သည့် ရွေးကောက်ပွဲ တိုင်းသည် အစစ်အမှန် တော့ ဖြစ်မလာခဲ့၊ ဥပမာ ရုရှား နှင့် ဗင်နီဇွဲလား ရွေးကောက်ပွဲများသည် ရယ်ဖွယ်သက်သက် ဖြစ်ခဲ့ရသည့် အဆင့်မျိုး သာ ရှိခဲ့သည်။ သို့သော် ဗြိတိန် တွင် နှစ်ပေါင်း ၁၄ နှစ်ကြာ ဝန်ကြီးချုပ် ငါးဦး ပြောင်း အုပ်ချုပ်လာသည့် ကွန်ဆာဗေးတစ် အစိုးရကို လူထု က သဘောမကျတော့ကြောင်း ပြသနိုင်ခဲ့သည်။
ရွေးကောက်ပွဲ သည် ဆိုးရွားသော ရလဒ်များ ထွက်ပေါ် မလာနိုင်အောင် ရှောင်ရှားနိုင်သည့် နည်းလမ်း ကောင်း တခုလည်း ဖြစ်သည်။ အိန္ဒိယ တွင် ဆူညံ ပွက်လောရိုက်စွာ ဒီမိုကရေစီ ပွဲတော်ကြီး အလား ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လစ်ဘရယ် မဆန်လှသည့် နာရင်ဒါ မိုဒီ အစိုးရပင် အများစု အနိုင်ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် မဲဆန္ဒရှင်များ စိတ်တွင် ၎င်းတို့ ဖြစ်စေချင်သည့် အစိုးရ ပုံစံမျိုး စိတ်ကူးထားကြပြီး ဖြစ်သည်။ ၎င်းတို့က မိုဒီ အား အမျိုးသားရေး ဝါဒ အသားပေး လာနေမှု ကို လက်ခံလိုခြင်း မရှိကြဘဲ ၎င်းတို့၏ လူနေမှု ဘဝများ တိုးတက်လာရေးကိုသာ အာရုံစိုက်စေချင်၍ မိုဒီသည် ညွှန်ပေါင်း အစိုးရ နှင့် ကျေနပ်ခဲ့ရသည်။
တောင်အာဖရိကတွင်လည်း အာဖရိကန် အမျိုးသား ကွန်ဂရက် ပါတီသည် လူများစု အစိုးရ အဖြစ်မှ ရာထူး လျောကျသွားခဲ့ရပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် ဒီမိုကရက် မဟာမိတ် ပါတီ နှင့် ပူး ပေါင်းလာရ ပြီး ညွှန်ပေါင်း အစိုးရ ဘဝ ရောက်သွားခဲ့ရသည်။ ၎င်းတို့သည် အခြားသော အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့များလို ရွေးကောက်ပွဲ ရလဒ် ကို ငြင်းပယ်ခြင်း မရှိဘဲ လက်ခံခဲ့ကြသည်။
အမေရိကား တွင် ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှုများ ဖြစ်လာမည်ဟု သတိပေးမှု များ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်နယ် ထရန့် သမ္မတ အဖြစ် ရွေးချယ်ခံရမှု နှင့် အတူ အဆိုပါ စိုးရိမ်မှု များ လွင့်ပျောက်သွားခဲ့ရသည်။ ရွေးကောက်ပွဲတွင် လူမည်းများ၊ လက်တင် အမေရိက ဖွားများက ရီပတ်ဘလီကင် ကို မဲပေးခဲ့ကြသည်ကို ကြည့်မည် ဆိုက ဒီမိုကရက် တို့၏ အကွဲအပြဲ နှင့် နိုင်ငံရေး ရပ်တည်ချက် ပျောက်ဆုံးလာ နေမှု ကို ဒဏ်ခတ်ခဲ့ကြခြင်းပင် ဖြစ်သည်။
အမေရိကန် တို့ ဆက်၍ အင်အား ကောင်းနေရန် စီးပွားရေး အနေအထား က ပံ့ပိုးပေးနိုင်ခဲ့သည်။ အမေရိကန် ၏ စီးပွားရေးသည် ၂၀၂၀ မှ စ၍ အခြား G7 နိုင်ငံများထက် သုံးဆ ခန့် လျင်မြန်လာခဲ့သည်။ S&P စတော့ အညွှန်းကိန်းသည် ၂၀ ရာနှုန်း ခန့် မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း တရုတ်သည် စီးပွားရေး အရ အမှီလိုက်လာနိုင်လာခဲ့ သော်လည်း GDP သည် အမေရိကားထက် သုံးပုံနှစ်ပုံ ခန့် ကျဆင်း သွားခဲ့သည်။
အမေရိကား၏ ပုဂ္ဂလိက ကဏ္ဍသည် ကိုဗစ် နောက်ပိုင်း လျင်မြန်စွာ ရွေ့လျားလာပြီး ကြီးမားလှသော ဈေးကွက် ကြီးသို့ ကမ္ဘာအနှံ့မှ ငွေပင်ငွေရင်း များ နှင့် အရည်အချင်း ရှိသူများ တိုးဝင်လာခဲ့ကြသည်။ အထူးသဖြင့် ခေတ်တခေတ် ကို အလှည့်အပြောင်းကြီး ဖြစ်သွားနိုင်သည့် ဇီဝ နည်းပညာ၊ သမာရိုးကျ ထက် သာလွန်ကောင်းမွန်သည့် ကုန်ကြမ်းများ advanced materials များ ထုတ်လုပ်နိုင်သည့် နည်းပညာ နှင့် ဉာဏ်ရည်တု နည်းပညာပိုင်း တွင် ရင်သပ်ရှူမောလောက်အောင် တိုးတက်နေသည့် ဈေးကွက်ကြီး ဖြစ်လာနေသည်။
တရုတ်၏ နိုင်ငံတော်မှ အာဏာရှင် ဆန်ဆန် ထိန်းချုပ်ထားသည့် စီးပွားရေး စီမံ ခန့်ခွဲမှု ပုံစံကို ၂၀၂၄ နောက်ပိုင်းတွင် အားကျ အတုယူလိုသူ များ နည်းသည်ထက် နည်းလာတော့မည် ဖြစ်သည်။
တရုတ်၏ စီးပွားရေး နှေးကွေးလာနေမှု သည် ရှီကျင့်ပင် ၏ နိုင်ငံရေး အယူအဆများက စလာခဲ့ခြင်း ဖြစ်သည်။ ရှီကျင့်ပင်သည် ဝယ်ယူသူ များ အကြိုက် ကုန်စည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရာ တိုးတက်ကြောင်း အထောက်အပံ့ ပေးရမည် အရေးကို ငြင်းဆန်နေသည်။ လက်ရှိ အမေရိကန် နှင့် ယှဉ်ပြိုင်နေမှု မှ လမ်းလွဲသွားမည် ဟု စိုးရိမ်နေသော ကြောင့် ဖြစ်သည်။ လက်ရှိ စီးပွားရေး စွမ်းဆောင်မှု ကျဆင်းလာနေသည် ကို ဆင်ဆာလုပ်၍ ဖုံးအုပ်ထားသဖြင့် ရှေ့လျောက် စီးပွားရေး နှင့် ပတ်သက် သော ဆုံးဖြတ်ချက်များ အလွဲလွဲ အချော်ချော် ဖြစ်လာပေတော့မည်။
အာဏာရှင် စနစ် ကျဆုံးခန်းသည် ရုရှားတွင် ပို၍ သိသာ ထင်ရှားစွာ တွေ့မြင်လာရသည်။ စစ်မြေပြင် တွင် အသာစီး ရလာသော်လည်း လွန်စွာ နှေးကွေးပြီး တန်ဖိုးကြီးကြီး ပေးဆပ်နေရသော အောင်မြင်မှု မျိုး ဖြစ်နေသည်။ ငွေကြေး ဖောင်းပွ မှု နှုန်း မြင့်သည်ထက် မြင့်မားလာနေပြီး နိုင်ငံ အနာဂတ် အတွက် ရင်းနှီး မြုပ်နှံရမည့် အရင်းအမြစ်များအားလည်း စစ်ပွဲ အတွက် ဖြုန်းတီးနေသည်။
ကမ္ဘာကြီးအား အင်အား သုံး၍ ပြောင်းလဲပစ်ရန် ကြိုးပမ်းမှု သည် ကြာရှည် မခံ ကြောင်း အီရန်က သက်သေ ပြခဲ့သည်။ အီရန်သည် ရုရှား နှင့် အတူ ဆီရီယားရှိ အာဆတ် အစိုးရ အား ဒေါ်လာ ဘီလီယံ များစွာ ပံ့ပိုးပေးခဲ့သည်။ ထို့အတွက် အီရန်၏ စီးပွားရေးသည်လည်း ထိခိုက်လာရပြီး ဆီရီယား နိုင်ငံသားများက မည်သို့မျှ လက်မခံ နိုင်တော့သည့် အာဆတ်ကို တီဟီရန်ရှိ မူလာ များလည်း လက်လျော့သွားခဲ့ကြသည်။ အီရန် ၏ လက်ဝေခံ များ အဖြစ် အသုံးတော် ခံနေသော ဟစ်ဘိုလာ နှင့် ဟားမားစ် တို့ အစ္စရေး ကြောင့် မျော့မျော့သာ ရှိသွားခဲ့ခြင်းသည် ဆီရီယား ပြည်သူတို့ အောင်ပွဲခံခဲ့ရသည့် အကြောင်းရင်း တခု အဖြစ် ပါဝင် နေသည်။
ဒီမိုကရေစီ သည်လည်း အန္တရာယ် မကင်း ဖြစ်လာနေသည်ကို ဥရောပ တွင် အတိုင်းသား တွေ့လာရသည်။ အစိုးရများသည် ရုရှား ကျုးကျော်မှု ကို ထိထိရောက်ရောက် ကိုင်တွယ်ရန် ပျက်ကွက်လာမှု နှင့် အနာဂတ် စက်မှု လုပ်ငန်းများ အားပျော့လာနေမှု များ ကြောင့် ဖြစ်သည်။ ဥရောပ၏ ကဏ္ဍ မှေးမှိန်သွားမည် ဆိုလျင် အမေရိကန်သည်လည်း ထိခိုက်နစ်နာသွားမည် ဖြစ်သည်၊ သို့သော် ထရန့်သည် ထိုကဲ့သို့ ရှုမြင် နိုင်စွမ်း မရှိ ဖြစ်နေဆဲပင်။
ထရန့် နှင့် ပတ်သက်၍ မေးခွန်းများစွာ ထွက်ပေါ်လာနေသည်။ အီရန်၏ နောက်သို့ ဆုတ်သွားမှု နှင့် ဂါဇာ တွင် အပစ်အခတ် ရပ်စဲရေး အလားအလာများ ထွက်ပေါ်လာနေမှု ကို အသုံးချ၍ ထရန့်သည် အစ္စရေး နှင့် ဆော်ဒီ အကြား ဆက်ဆံရေး တည်ဆောက်ပေးနိုင်မည်လား၊ အီရန် နှင့် ကော အလားတူ လုပ်ပေးနိုင်မည်လော။ ယူကရိန်းအားလည်း ရုရှား၏ ဩဇာစက်ဝန်းမှ ရုန်းထွက်နိုင်မည့် ငြိမ်းချမ်းရေး မျိုး အကောင်အထည် ဖေါ်ပေးနိုင်မည်လော။
ထရန့်သည် ၎င်း၏ ကျေးဇူးခံ ကျေးဇူးစား ရှိသူများကို ချီးမြှင့်မြှောက်စားခြင်း၊ လူများ အစုလိုက် အပြုံလိုက် နှင်ထုတ်ခြင်း၊ ရန်ညိုး ရန်ဖက်များကို ဖိနှိပ်လာခြင်း၊ ကုန်သွယ်ရေး စစ်ပွဲ ကို ဟန်ပြ သဘောမျိုး မဟုတ်တော့ပဲ အားတက်သရော လုပ်လာခြင်း အစရှိသည် တို့ကိုသာ အာရုံ စိုက်နေမည် ဆိုက ၎င်း၏ သမ္မတ ရာထူး အကြီးအကျယ် ထိခိုက်လာရဖို့ ရှိနေသည်။
ထရန့်သည် ထိုလုပ်ရပ်များကို ရှောင်ရှားမည် ဟု ဆိုပါက ၂၀၂၅ အတွင်း နည်းပညာ နှင့် နိုင်ငံရေးဖက် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် အခွင့်အရေး များ ဆက်လက် ထွက်ပေါ်လာပြီး လူသား တို့ တိုးတက် ကြီးပွားရေး အတွက် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည်။
၂၀၂၄ အတွင်း ဒီမိုကရေစီသည် ထိုသို့ အခွင့်အရေးများ ထွက်ပေါ်နိုင်မည့် ရေခံမြေခံများ ဖန်တီးပေးခဲ့ပြီး ဖြစ်သည်။ မကောင်းသည့် ခေါင်းဆောင်များ အား ဖြုတ်ချနိုင်ခဲ့ခြင်း၊ ခေတ်မမီတော့သည့် အတွေးအခေါ်များ အား စွန့်ပစ်ခဲ့ခြင်း၊ ဦးစားပေး ဆောင်ရွက်စရာ ရှိသည်များ ရွေးထုတ်ပြခဲ့ခြင်း တို့ လုပ်ပြ နိုင်ခဲ့ပြီး ဖြစ်သည်။
(၂၀၂၄ ဒီဇင်ဘာ ၁၉ ရက် ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "What to make of 2024" အယ်ဒီတာ အာဘော် ကို ပြန်လည် တင်ပြသည်။)