တချိန်က ကျောက်ဆိုင် ကျောက်သား ကြီး အလား ခိုင်မာ တောင့်တင်းလှပေသည်ဟု ယူဆခံထားရသော မြန်မာ စစ်တပ်သည် ယခုအခါ အတွင်း လှိုက်စား မှု များ ဖြင့် ချိနဲ့ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။
"ဖရဲသီး" ဟု ခေါ်ကြသည့် စစ်တပ်တွင်း စပိုင်များ၏ ကွန်ယက်သည် ကြီးမား ကျယ်ပြန့်လာနေသည်။ ထိုသို့ ကျယ်ပြန့်လာခြင်းမှာလည်း လူထု ကို ရန်သူ သဖွယ် ပြုမူ နေမှု များ ကြောင့် စစ်တပ် အတွင်း ဂုဏ်သိက္ခာ ဟူ၍မရှိတော့ပဲ ကျင့်ဝတ်၊ စာရိတ္တများများ ပျက်ပြား လာနေမှု ကို လက်မခံနိုင် ဟု ယူဆလာနေခြင်း၊ မိမိတို့ ဆက်၍ ရှင်သန် ရပ်တည် သွားလိုသည့် စိတ်ရင်း နှင့် နိုင်ငံရေး အရ အတွက်အချက်များ အစရှိသည် တို့ က လှုံ့ဆော်လာခြင်း ကြောင့် ဖြစ်သည်။ ၎င်းတို့၏ အခန်းကဏ္ဍ သည် မြန်မာတို့၏ ဒီမိုကရေစီ အရေး လှုပ်ရှားမှု တွင် ထိရောက်မှု ရှိသည့် တော်လှန်ရေး အသွင်သစ် ကို ဖေါ်ဆောင်လာခဲ့သည်ဟု အစချီကာ အိန္ဒိယ ရှိ The Statesman သတင်းစာကြီး ၏ အယ်ဒီတာ အာဘော်တွင် "Myanmar Fracture" ခေါင်းစဉ် ဖြင့် ခရစ်စမတ်နေ့က ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။
အာဏာသိမ်း စစ်တပ်သည် ယခုအခါ နိုင်ငံ၏ လေးပုံတပုံ ခန့်ကို သာ ပိုင်ပိုင် နိုင်နိုင် ထိန်းချုပ် ထားနိုင်တော့သည်။ စစ်မြေပြင် တွင် အရေးနိမ့်လာခဲ့မှု အတိုင်းအတာကို ထင်ဟပ်စေခဲ့သည်သာမက ၎င်းတို့အား နိုင်ငံကို အုပ်ချုပ် ပိုင်ခွင့် ရှိနေသည်ဟူ သော ယူဆထားမှု များ ပါ တနေ့တခြား ပျောက်ကွယ်လာခဲ့ရသည်။
ထိုသို့ အရေးနိမ့်လာလေလေ လူထု ကို ကာကွယ်ရမည့်အစား ရန်သူလို ရက်ရက်စက်စက် ပြုကျင့်လာလေလေ ဖြစ်လာ၍ တပ်တွင်း တွင်း ၎င်းတို့အား ဆန့်ကျင်မှု များ တိုးပွားလာ နေခြင်းလည်း ဖြစ်သည်။
ဖရဲသီး များက လွန်စွာ အရေးပါသော ထောက်လှန်းရေး သတင်းများကို တော်လှန်ရေး အဖွဲ့များကို ပေးပို့ခဲ့ကြသည်။ ထို့အတွက် စစ်တပ်အား ခြုံခို တိုက်ခိုက်နိုင်ခြင်း၊ ၎င်းတို့ ထိုးစစ်ဆင်မည့် လမ်းကြောင်းကို ရှောင်ရှား နိုင်ခဲ့ခြင်း၊ စစ်ကောင်စီ၏ အကြံအစည်များ ပျက်ပြားအောင် လုပ် နိုင်ခဲ့ခြင်း အစရှိသည် တို့ကို မဟာဗျူဟာ ကျကျ လှုပ်ရှား နိုင်ခဲ့ကြသည်။
ဖရဲသီးများ ကြောင့် တပ်ရွှေ့ပြောင်းမှု နှင့် စစ်ဆင်ရေး ကဲ့သို့ အရေးပါသော စစ်သတင်းများ အပြင်သို့ ပေါက်ကြားလာ၍ တော်လှန်ရေး အဖွဲ့များ အဖို့ စစ်တပ် ၏ အသာစီး ရနေမှု ကို စိန်ခေါ်လာနိုင်ပြီး နယ်မြေ စိုးမိုးမှု များ ရရှိလာခြင်း ဖြစ်သည်။
ဖရဲသီး တို့ အဖို့လည်း ထိုသို့ အလွယ်တကူ လုပ်၍ မရ၊ ၎င်းတို့ တဦးချင်းစီ၏ အရဲကိုး၍ ဖိနှိပ်အုပ်ချုပ် နေ သော အာဏာရှင် စနစ် ကို အတွင်းမှ နေ၍ ပြောင်းလဲရမည့် ဟူသော ခံယူချက်ဖြင့် စွန့်စားရဲသော သတ္တိ ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
၎င်းတို့၏ စွမ်းဆောင်ချက်များကြောင့် တော်လှန်ရေး ၏ အရွေ့ သည် အချင်းချင်း ညှိနှိုင်းပြီး ထိထိ ရောက်ရောက် လှုပ်ရှားနိုင်ခဲ့သဖြင့် နယ်မြေ အမြောက်အမြား သိမ်းယူ နိုင်ခဲ့သော ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ရသည်။
၎င်းတို့ စွန့်စားဆောင်ရွက် ခဲ့မှုသည် နဲနဲနောနော မဟုတ်၊ မိသားစု များ အပေါ် အန္တရာယ်ကျရောက်လာနိုင်သည်ကို သိသိကြီး နှင့် လုပ်ခဲ့ကြရခြင်း ဖြစ်သည်။ မိသွားပါက ရက်ရက်စက်စက် လက်တုန့်ပြန် ခံကြရမည် ဖြစ်သည်။
ထိုသို့သော အခြေအနေများ ရှိနေသည့်ကြား မှ စွန့်စား ရဲသည်ကို ကြည့်မည်ဆိုက စစ်တပ် အတွင်း မည်မျှ အထိ အက်ကြောင်းထလာနေသည်ကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်မည် ဖြစ်သည်။ စစ်ခေါင်းဆောင်များလည်း တပ်တွင်း ညီညွတ်ရေး ကို ထိမ်းသိမ်းထား နိုင်စွမ်း မရှိတော့သည့် အဖြစ်လည်း ပေါ်လွင်ထင်ရှားလာခဲ့ရသည်။
စစ်သား အများအပြားသည် အလုပ်အကိုင် အတည်တကျ နှင့် ဂုဏ်သိက္ခာ ရှိသည့် အလုပ်မျိုးဟု ယူဆ၍ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခု အခါ တွင်တော့ ၎င်းတို့ ၏ ရန်သူများသည် ပြည်သူများ သာ ဖြစ်နေသည် ဆိုသည့် ထိတ်လန့် တုန်လှုပ် ဖွယ် အနေအထား နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာခဲ့ကြရသည်။
ထိုသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်ယွင်းလာခဲ့မှု ကြောင့် တော်လှန်ရေး အတွက် အတွင်းသတင်းပေး များ ထွက်ပေါ်လာအောင် ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့ရပြီး ၎င်းတို့၏ စစ်ဆင်ရေးများ မအောင်မမြင် ဖြစ်လာခဲ့ရသည်။
စစ်တပ်သည် မြို့ကြီးပြကြီးများ၊ စီးပွားရေး အခြေခံ အဆောက်အအုံများ၊ ဝင်ငွေရရာ ရကြောင်းများကို ဆက်၍ ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။ ထိုသို့ အနေအထား များ ရရှိထားသော်လည်း လူထု အပေါ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်မှ ဖြစ်မည် ဟု မူကို စွဲ ကိုင်ထားဆဲ ဖြစ်၍ တပ်တွင်း ညီညွတ် ရေး ကို ထိမ်းသိမ်း နိုင် ရေး တွင် အခက်အခဲ များ နှင့် ဆက်၍ ရင်ဆိုင်နေရသည်။
၎င်းတို့အဖို့ အတိုက်အခံ များ ထိန်းချုပ်ထားသော နယ်မြေ များအား လေကြောင်း နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက် နိုင်မှု တွင် ပြတ်ပြတ်သားသား အသာရနေဆဲပင် ဖြစ်သည်။ ထို့အပြင် တော်လှန်ရေး အင်အားစုများ အကြားလည်း အကွဲအပြဲများ ရှိနေပြန်၍ မဟာဗျူဟာ ပိုင်း နှင့် ရည်မှန်းချက် ပိုင်းတွင် စုစည်း တည်ဆောက်၍ မရ ဖြစ်နေသည်။
သို့သော်လည်း ဖရဲသီးများ ရှိနေခြင်းကပင် အာဏာကို အကြောက်တရား နှင့် ခြိမ်းခြောက်မှု များ ဖြင့် ရာသက်ပန် ဆုပ်ကိုင်ထား၍ မဖြစ်နိုင်ဟုသော အချက်သည် ပေါ်လွင် ထင်ရှားသွားခဲ့သည်။ လက်ရှိတွင်ပင် ၎င်းတို့ ထိန်းချုပ်ထားနိုင်မှု လက်လွှတ်ပေးလာရခြင်းကပင် လက်ရှိ ပုံစံ အတိုင်း ရေရှည် မခံတော့ ဆိုသည်ကို ပြဆိုနေပေသည်။
တဖက်တွင် ဒီမိုကရေစီ အင်အားစုများသည်လည်း အားပျော့သွားသည်ဟူ၍ မရှိဘဲ တဖြေးဖြေး နှင့်အချင်းချင်း ပိုမို စည်းလုံးလာ နေပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လာကြကာ ကြံ့ကြံခံနိုင်လာကြသည်။
တော်လှန်ရေး ဆက်လက် ဖြစ်ပွား နေသည်နှင့် အမျှ ဖရဲသီးများ၏ အခန်းကဏ္ဍသည် တော်လှန်ရေး အဆုံးသတ် နိုင်ရေး အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် အရေးပါလာမည် ဖြစ်သည်။
အာဏာရှင် တို့၏ ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်နေသည့် ယန္တရားကြီး အတွင်းမှာပင် သတ္တိပြောင်မြောက်စွာ ဆောင်ရွက်နေမှုကပင် စစ်တပ် အတွင်းဆန့်ကျင်သူများ ထွက်ပေါ်လာနိုင်သည့် အလားအလာ ရှိနေခြင်းပင် ဖြစ်သည်။
၎င်းတို့၏ စွန့်လွှတ် အနစ်နာ ခံမှုသည် တရားမျှတမှု နှင့် ဒီမိုကရေစီသည် အဆုံးတွင် အောင်ပွဲခံရမည်ဟု မျှော်လင့်ချက်များ ရှင်သန်လာခဲ့ရသည်။
စစ်တပ်သည် အာဏာကို လက်ရှိတွင် ဆုပ်ကိုင်ထား နိုင်ဆဲ ဖြစ်သော်လည်း တပ်တွင်း တွင် အကွဲအပြဲများ ဖြစ်လာနေခြင်းကပင် ၎င်းတို့ ဆုပ်ကိုင်ထားနိုင်မှု ပြေလျော့လာနေသည် ကို ပြဆိုနေပေသည်ဟု ရေးသားထားသည်။
လက်ရှိ စစ်ရေး သတင်းများတွင် KIA နဲ့ တော်လှန်ရေးပူးပေါင်း တပ်များသည် ဒီဇင်ဘာ ၄ ရက်နေ့မှ စ၍ စစ်မျက်နှာ ခုနစ်ခုနှင့် ဗန်းမော်၊ မံစီဒေသကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ ယခုအခါကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မံစီမြို့ကြား ရှိ မြို့စောင့်တပ် ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ ၃၁၉ ၊ ခမရ ၆၀၁ နဲ့ အမြှောက်တပ်ရင်း (အမတ ၅၂၃) တပ် များ သည် တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ များ ရှိလာ နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အတည်ပြု ပြောဆိုခဲ့သည်။
If you are neutral in situations of injustice, you have chosen the side of the oppressor.
(တရားမျှတ မှု ကင်းမဲ့နေသည့် အခြေအနေ တွင် သင်သည် ကြားနေမည် ဆိုက ဖိနှိပ်အုပ်ချုပ်သူများ ဖက်က ရပ်တည်လိုက်ခြင်းပင် ဖြစ်သည်။)
Desmond Tutu
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!