လူသား ကွန်ယက်(10)

by Hla Soewai - Jan 06 2025

သတင်း အချက်အလက်များ အပေါ် ပေါ်ပြူလစ် တို့၏ အမြင်

 

၎င်းတို့၏ အမြင်သည် ပို၍ အစွန်းရောက်သည်၊ ပေါ်ပြူလစ် ဝါဒ သည် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရား ဟူ၍ မရှိ၊ လူတိုင်းတွင် "ကိုယ်ပိုင် ခံယူချက် အမှန်တရား များ" သာ ရှိသည်ဟု လက်ခံထားကြသည်။ ထိုအချက်ကို စွဲကိုင်၍ ပြိုင်ဖက်များကို ပျောက်ကွယ်သွား အောင် လုပ်တတ်ကြသည်။ ၎င်းတို့၏ ကမ္ဘာ အမြင် ခံယူချက်သည်လည်း အာဏာသာလျင် လက်တွေ့ဆန်သည် ဟူ၍ ဖြစ်သည်။

 

လူမှုရေး ပိုင်းအရ အပြန်အလှန် ထိတွေ့ဆက်ဆံမှု များသည် အင်အား ပြိုင်ဆိုင်မှု သာ ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော မနုဿ လူသား မှန်သမျှ အင်အား ကိုသာ စိတ်ဝင်စားကြသော ကြောင့် ဖြစ်သည်ဟု ယူဆလာသောကြောင့် ဖြစ်သည်။

 

၎င်းတို့ အမြင်တွင် အမှန်တရား နှင့် တရားမျှတမှု ဆိုသည်အား စိတ်ဝင်စားခြင်းသည် အင်အား ကြီးလာရေး အတွက် ပရိယာယ် ဆင်ခြင်း သာ ဖြစ်သည်ဟု ဆိုကြသည်။

 

မည်သည့် နေရာ၊ မည်သည့် အချိန်တွင် ဖြစ်စေ ပေါ်ပြူလစ် ဝါဒီများ ဖက်မှ သတင်းအချက်အလက်များကို လက်နက် အဖြစ် သဘောထား ဖြန့်ချီရာတွင် အောင်မြင်သွားသည့် အခါတိုင်း အသုံးပြုသော ဝေါဟာရများ၏ အဓိပ္ပါယ်သည် တိုက်စားခံရစမြဲ ဖြစ်သည်။ "အချက်အလက်များ" ဆိုသည့် နာမ်များ၊ "တိကျသော"၊ "မှန်ကန်မှု ရှိသော" ဆိုသည့် နာမဝိသေသန များ ပျောက်ကွယ်နေတတ်သည်။

 

ထိုကဲ့သို့သော စကားရပ်များအား အများ လက်ခံထားသော ဓမ္မဓိဋ္ဌာန်ကျသည့် အမှန်တရား အဖြစ် ရည်ညွှန်း သုံးစွဲလေ့ မရှိကြ။ အဘယ်ကြောင့်ဆိုသော "အချက်အလက်များ"၊ "အမှန်တရား" ဟု အသုံးပြု ဖေါ်ပြလာက "ဘယ်သူဘယ်ဝါ၏ အချက်အလက်၊ အမှန်တရား" လဲ ဆိုသည့် မေးခွန်းမျိုး ထွက်ပေါ်လာရန် တွန်းအား ပေးသလို ဖြစ်မည်ကို စိုးရွံ့‌သော ကြောင့် ဖြစ်သည်။

 

အင်အား ကြီးထွားလာရေး အခြေပြုထားပြီး သတင်းအချက် အလက် များ အပေါ် သံသယ ဝင်နေချင်း မျိုးသည် ယခု မှ အသစ် အဆန်း အဖြစ် ထွက်ပေါ်လာခြင်း မဟုတ်၊ ကာကွယ်ဆေး ထိုးခြင်းကို ဆန့်ကျင်သည့် anti-vaxxer များ၊ ကမ္ဘာကြီး ပြားသည် ဆိုသူများ၊ ထရန့် ပရိသတ်များ က တီထွင်ခဲ့ခြင်းလည်း မဟုတ်ဆိုသည်ကို အလေးအနက် ပြောလိုပေသည်။

 

ထိုကဲ့သို့ သော သတင်းအချက်အလက်များက ၂၀၁၆ မတိုင်မီ ကတည်းက ပျံ့နှံ့နေပြီး ဖြစ်သည်၊ ထိုသို့ ပြောသူများ ထဲတွင် ထိတ်တန်း ပညာရှင်များလည်း ပါဝင်နေသည်။

 

နှစ်ဆယ်ရာစု နှစ် အကုန်ပိုင်းလောက်တွင် လက်ဝဲစွန်း သမားများ ဖြစ်သော မီချယ် ဖူကိုး၊ ,အက်ဒွပ် ဆာအိ တို့မှ ဓါတ်ခွဲခန်းများ နှင့် တက္ကသိုလ် ကျောင်းတိုက်များသည် ဓမ္မဓိဋ္ဌာန် ကျကျ နှင့် ထာဝရ အမှန်တရားကို လေ့လာရှာဖွေနေကြခြင်း မဟုတ်၊ အရင်းရှင် များ နှင့် ကိုလိုနီဝါဒ သမား ရေပေါ်ဆီ လူနည်းစု များ၏ "ပြောဆို ရေးသားမှု" များကို အမှန်တရား အဖြစ် သက်သေပြနိုင်ရန် ကြိုးပမ်းနေကြခြင်းသာ ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့ကြဘူးသည်။ နိုင်ငံရေး တန်ခိုးအာဏာ များကို သိမ်းပိုက်ထားသူ များသည် အမှန် တရားကို တကယ်တမ်း စိတ်ဝင်စားကြသူ များ မဟုတ်၊ ၎င်းတို့ အမှားများကိုလည်း သိမြင် သဘောပေါက် ပြင်ဆင်လာကြလိမ့်မည်ဟု ယုံစား၍ မရသူများ ဖြစ်သည်။

 

အစွန်းရောက် လက်ဝဲ သမားများ၏ အတွေးအခေါ်များသည် ကားလ်မတ်မှ ဆင်းသက်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ကားလ်မတ်သည် ဆယ့်ကိုးရာစု နှစ် အလယ်ပိုင်း လောက်မှာပင် အာဏာသည်သာ လက်တွေ့ အမှန်တရား၊ သတင်းအချက်အလက်များသည် လက်နက်၊ အမှန်တရား နှင့် တရားမျှတမှု အတွက် ထမ်းရွက်နေပါသည် ဆိုသော ထိတ်တန်း အဆင့် လူများသည် တကယ်တမ်းတွင် ၎င်းတို့၏ ကျဉ်းမြောင်းသော အခွင့်ထူးခံ လူတန်းစား အကျိုး ရှိရာ ရှိ ကြောင်း ပြုမူနေကြခြင်းသာ ဖြစ်သည်ဟု ဟောပြောလာခဲ့သည်။

 

၁၈၄၈ ကွန်မြူနစ် ကြေညာစာတမ်းတွင် "လက်ရှိ လူ့အဖွဲ့အစည်း အားလုံး၏ သမိုင်းစဉ်သည် လူတန်းစား ပဋိပက္ခ မှ ပေါက်ဖွားလာခြင်းသာ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

 

လွတ်လပ်သော လူများ၊ ကျေးကျွန်များ၊ မြင့်မြတ်သော အမျိူး အနွယ်မှ ဆင်းသက်လာသည်ဆိုသော လူများ၊ အောက်ဆုံးအလွှာ ရှိ လူတန်းစားများ၊ မြေပိုင်ရှင်ကြီးများ၊ မြေကျွန်များ၊ ကုန်သည်၊ ကြီးများ လက်မှု ပညာရှင်များ အစရှိသည် တို့ကို စကားလုံး တလုံးတည်း နှင့် ဖေါ်ပြရလျင် ဖိနှိပ်သူ နှင့် ဖိနှိပ်ခံရသူ ဟူ၍ နှစ်မျိုး နှစ်စားသာ ရှိသည်။ ထိုလူတန်းစား နှစ်ရပ်သည် ဆန့်ကျင်ဖက် အသွင် ဖြင့် အမြဲလို ရပ်တည်နေကြသည်။ အမြဲလိုပင် ပုန်းလျိုး ကွယ်လျိုး ရော ‌ဗြောင်ကျကျ ပါ တိုက်ခိုက်နေကြသည်။

 

ထိုသို့ သမိုင်းတွင် ဆန့်ကျင်ဖက် အသွင် ဆောင်နေသူများဟု အဓိပ္ပါယ် ဖွင့်ဆိုသည်ကို ကြည့်မည် ဆိုက လူသားတိုင်း အချင်းချင်း ထိတွေ့ ဆက်ဆံ နေမှူ တိုင်းအား ဖိနှိပ်သူ နှင့် ဖိနှိပ်ခံရသူများ အကြားရှိ လူတန်းစား ပဋိပက္ခ ကြီးပင် ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်ကို တွေ့နိုင်သည်။

 

လက်ယာ ပေါ်ပြူလစ် ဝါဒီများ ဖြစ်‌သော ထရန့် နှင့် ဘော်ဆိုယာနို တို့သည် ဖူကိုး နှင့် မတ်စ် တို့ကဲ့သိူ့ မဟုတ်ယုံမက မတ်စ်ဝါဒ ကို ဆန့်ကျင်ကြသူများ ဖြစ်သည်။ ၎င်းတို့၏ သ‌ ဘောထားသည် အခွန် ကောက်ခံခြင်း၊ လူမှု ဖူလုံရေး ကိစ္စများ တွင် မက်စ် ဝါဒီများ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိသည်။ သို့သော်လည်း လူ့အစည်းအရုံး နှင့် သက်ဆိုင်သည်များ၊ သတင်း အချက်အလက် များ တွင်မူ မက်ဝါဒီ များ နှင့် အံ့အားသင့်စရာ ကောင်း‌ လောက်အောင် အခြေခံ အားဖြင့် တသဘောတည်း ရှိနေကြသည်။

 

မက်စ် ဝါဒီ များ ကဲ့သို့ပင် လူအချင်းချင်း ဆက်ဆံ ပတ်သက်မှု တိုင်းသည် ဖိနှိပ်သူ နှင့် ဖိနှိပ်ခံရသူ များ အကြား အသာရ ရေး အတွက် တွန်းထိုးရုန်းကန် မှုများသာ ဖြစ်သည် ဟူ၍ ခံယူထားသည်။

 

ဥပမာ ဆိုရက ထရန့်သည် ၎င်း၏ ၂၀၁၇ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား မိန့်ခွန်းတွင် "မိမိတို့ နိုင်ငံ မြို့တော်ရှိ အုပ်စုငယ်လေး တစုသည် အုပ်စိုးသူ လူတန်းစား အဖြစ် အကျိုးအမြတ် များ ခံစားနေရချိန်တွင် လူထု သည် ၎င်းတို့ ဇိမ်ခံယစ်မူး နေသမျှ ကုန်းရုန်း ပေးဆပ်နေရသည်" ဟု ထည့်သွင်း ပြောဆိုသွားသည်။

 

ထိုကဲ့သို့ သော ‌အပြောများသည် ပေါ်ပြူလစ် ဝါဒ၏ အသက်သွေးကြောပင် ဖြစ်သည်။ နိုင်ငံရေး သိပ္ပံ ပညာရှင် ကပ်စ် မူဒါ့ မှ လူ့အစည်းအရုံး ကြီး အား တသွေးတည်း တသားတည်း ရှိ ကျန် နေမည့် အပိုင်း နှင့် ရန်မူ ဆန့်ကျင်လိုသော အပိုင်းဟူ၍ ခွဲခြားပေးလိုက်သည့် အိုင်ဒီယိုလိုဂျီ တခုသာ ဖြစ်သည်ဟု ပြောခဲ့သည်။ "သန့်ရှင်းသော လူများ" နှင့် "အကျင့်ပျက် အာဏာပိုင် လူနည်းစု" ဟူ၍ ဖြစ်သည်။

 

မက်စ်ဝါဒီ များကလည်း မီဒီယာများသည် အရင်းရှင် လူတန်းစား၏ အာဘော်များသာ ထုတ်လွှင့်ရေးသား နေကြပြီး တက္ကသိုလ် ကျောင်းတိုက်များကဲ့သို့ သိပ္ပံဆိုင်ရာ အဖွဲ့အစည်း များသည်လည်း အရင်းရှင် တို့ အရပ်ရပ် အာဏာ ပိုင်စိုးမှု အမြဲလို တည်တံ့နေစေရန် မမှန်သတင်းများကို လုပ်ကြံ ဖန်တီး နေကြခြင်းသာ ဖြစ်သည်ဟု ပြောခဲ့ကြသည်။

 

ပေါ်ပြူလစ် ဝါဒ သမားများကလည်း ထိုအဖွဲ့အစည်းများသည် လူထု၏ အကျိုးကို မငဲ့ကွက်ပဲ ဖေါက်ပြန်နေသော လက်တဆုပ်စာ လူနည်းစု၏ တိုးတက်ကြီးပွားရာ ကြီးပွားကြောင်း ဖေါ်ဆောင်ပေးနေကြသည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။