ယခုအခါ ဂွ မြို့အား အာရက္ခ တပ်တော် မှ အပြီးအပိုင် သိမ်းပိုက် နိုင်ရန် လက်တလုံးသာ လိုတော့ ၍ ဧရာဝတီ တိုင်း သို့ ဆက်လက် ချီတက်လာမည့် အရေး ကြောင့် မင်းအောင်လှိုင်၏ စစ်ရှူံး တပ်မတော်ကြီးသည် ငသိုင်းချောင်း၊ ရေကြည် မြစ်ကူး တံတား များ တွင် အင်အား ဖြည့် တင်း လာနေ၍ အခြေအနေများ က ရှုပ်ထွေးလာနေပြီ ဖြစ်သည်။
တော်လှန်ရေး ကာလတလျောက်လုံး ဧရာဝတီ တိုင်းသည် ငြိမ်းချမ်းနေသယောင် ရှိသည်ဟု ထင်ရသော်လည်း ထိုဒေသမှ လူငယ် အများအပြားသည် တော်လှန်ရေး ထဲ ပါဝင်နေကြပြီး ဖြစ်သည်။ အာရက္ခ တပ်တော်မှလည်း အတော်များများကို လေ့ကျင့်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
သံတွဲ မြို့သိမ်း တိုက်ပွဲ နှင့် နပခ တိုက်ပွဲ များ တွင်လည်း ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များသည် အာရက္ခ တပ်တော် နှင့် လက်တွဲ တိုက်ခိုက်ခဲ့ကြသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။
ထို့ပြင် ကေအင်ယူ နှင့် ကရင်နီ တော်လှန်ရေး အဖွဲ့များ တွင် လည်း ဧရာဝတီ တိုင်းမှ လူငယ် အများအပြား ပါဝင် နေပြီး ပြည်တော်ဝင် နိုင်ရေး ဆွေးနွေး ပြောဆိုနေကြပြီ ဖြစ်သည်။
စစ်ကောင်စီ တပ်များသည် ဂွ နှင့် သံတွဲ မှ ဖနောင့် နှင့် တင်ပါး တသားတည်း ကျအောင် ဆုတ်ပြေး နေသည်ကို အခွင့်ကောင်း အဖြစ် အသုံးချကာ ဧရာဝတီ ပြည်သူ့ ကာကွယ် ရေး တပ်များသည် ရခိုင် နှင့် နယ်စပ်မျဉ်း တလျောက် ခြေကုပ်ယူလာနိုင်ပြီ ဖြစ်သည်။
ဧရာဝတီ PDF တွင် အင်အား တထောင်ခန့် နှင့် လက်နက်ခဲယမ်း အပြည့်အစုံ ရှိပြီး အာရက္ခ တပ်များကလည်း ထောက်ပံ့ ပေးနေသည်ဟု သိရသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ မှလည်း ဧရာဝတီ တိုင်းအား စစ်ဒေသ (၂) ထဲ ထည့်သွင်းခဲ့ပြီး ကရင် ပြည်နယ် နှင့် ပဲခူး ဒေသကြီးများတွင် တိုက်ပွဲ ဝင်ခဲ့ ပြီး ဖြစ်သော ဧရာဝတီ သားများ လက်နက် အပြည့် အစုံ နှင့် ပါဝင်လာကြပြီ ဖြစ်သည်။
ဧရာဝတီ တော်လှန်ရေး သမားများသည် ဒေသအတွင်း လှုပ်ရှားမှု များ ခပ်စိပ်စိပ် ဖြစ်လာနေသည်၊ လက်နက် စက်ရုံ များ ရှိရာ မုံရွာ နှင့် ရေဦး လမ်းများကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်၍ စစ်ကောင်စီ အဖို့ မရှုနိုင် မကယ်နိုင် ဖြစ်လာရသည်။
အမ်း နှင့် ထိစပ်နေသော မကွေးတိုင်း အတွင်း ရှိနေသော လက်နက် စက်ရုံ ၁၆ ရုံ၏ အနေအထားသည် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်သည်။
ပုသိမ် ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်သည်လည်း ရှိသမျှ အင်အားများ ထုတ်နှုတ်ကာ ရခိုင် နှင့် ပဲခူး ဒေသများ သို့ စေလွှတ်ထားရသဖြင့် အင်အားချိနဲ့ နေပြီ ဖြစ်သည်။
ထို့အတွက် ဧရာဝတီ တိုင်း အတွင်း မြို့နယ်များတွင် လူငယ် အများအပြားကို အတင်းအကျပ် စစ်ထဲသွင်း မှု များ စတင်လာနေပြီ ဖြစ်သည်။
ရခိုင် နှင့် နယ်စပ်တွင် စိမ့်ဝင်၍ ရသည့် နေရာ အများ အပြား ရှိနေပြီး ဧရာဝတီ မြစ် အနောက်ဖက် ကမ်း တလျောက်မှ ချဉ်းကပ် လာနိုင်မည့် လမ်းများကို မည်သို့မျှ ကာကွယ်နိုင်စွမ်း မရှိ ဖြစ်နေသည်။
တချိန်က ၂၀၂၁ စစ်အာဏာသိမ်း မှု ကြောင့် တနိုင်ငံလုံး ဒုက္ခပင်လယ်ဝေနေချိန်တွင် အနေအစား မပျက် ရပ်တည် နိုင်ခဲ့သော ဧရာဝတီ တိုင်းသို့ ယခုအခါစစ်ရိပ်စစ်ငွေ့များ တရိပ်ရိပ် နှင့် လွှမ်းခြုံလာနေပြီ ဖြစ်သည်။
နိုင်ငံ မြောက် နှင့် အနောက်မြောက် ပိုင်းတွင် စစ်ကောင်စီ တပ်များ မရှုမလှ အရေးနိမ့်လာနေသည်။
ထိုသို့ ဖြစ်လာနေသော်လည်း မင်းအောင်လှိုင်သည် အခြေအနေများသည် မှုစရာ မလို၊ အချိန်တန်လျင် ၎င်းတို့ အောင်ပွဲခံ နိုင်လိမ့်မည်ဟု စိတ်ဓါတ် စစ်ဆင်ရေး အဖြစ် ရန်ကုန် တွင် ပွဲတက် အခမ်းအနား များ ဆက်တိုက် လုပ်လာနေသည်။
သို့သော် မင်းအောင်လှိုင်သည် ၎င်း၏ မရှုနိုင် မကယ်နိုင် ဖြစ်လာနေမှု ကို ဖုံးဖိနိုင်ရန် နှင့် တပ်တွင်း စည်းလုံးကြပါရန် လိုက်လံ ဝါဒ ဖြန့်ချီနေရသော်လည်း ထင်သလို ဖြစ်မလာမည့် အချက် သုံးချက်ကို တွေ့လာရသည်။ ပထမ အချက် က ၎င်းကိုယ်တိုင် ဖမ်းဝရမ်း ထုတ်ခံရပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်၏ ဖမ်းဆီးပေးရမည့် စာရင်း red notice တွင် ပါဝင်လာမည့် ဝရမ်းပြေး ဖြစ်နေသည်၊ ရုရှား နှင့် အစ္စရေးသည် အိုင်စီစီ၏ ဖမ်းဝရမ်း ကို မှု ချင်မှ မှု မည် ဖြစ် သော်လည်း မြန်မာပြည်၏ လူမှု အသိုက်အဝန်း တွင်မူ "ဝရမ်းပြေး" ဆိုသော အခေါ်အဝေါ် နှင့် ပင် လူတကာ၏ နှာခေါင်းရှုံ့ ခံရတော့မည် ဖြစ်သည်။
ဒုတိယကား စစ်ခေါင်းဆောင်ကြီး သည် နိုင်ငံ၏ လေးပုံတပုံမျှကိုသာ လွတ်လွတ်လပ်လပ် သွားနိုင်လာနိုင် တော့ ပြီး စစ်တပ်၏ အနေအထားသည် နတ်သိကြားများ ပင် ကယ်မ နိုင်စွမ်း မရှိ ဖြစ်နေချိန်တွင် အပြုံးမပျက် ဖြစ်နေသည်ကို ကြည့်၍ စိတ်မှ ကောင်းပါသေး၏ လော ဟု ပင် အတွေးများ ဝင်လာကြမည်သာ ဖြစ်သည်။
တတိယ အချက် အဖြစ် ၎င်း၏ ငါးခူ အပြုံး နှင့် ထိုသို့ ဖြစ်နေသည်ကို ကြည့်၍ ငါတို့၏ အသက်များ ၎င်း အတွက် ပေးဆပ်ရသည်မှာ တန်ပါ၏လော ဟု မည်သူမဆို အတွေးများ ဝင်လာကြမည့် အရေးပင် ဖြစ်သည်။
ထိုသို့ မင်းအောင်လှိုင် နှင့် လက်ပါးစေများ သည် လူအများ၏ ဆင်ခြင်တုံတရားကို ချေမှုန်းဖျက်ဆီး နိုင်ရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်း နေကြချိန်တွင် ၎င်းရှိနေသည့် နေရာအထိ လိုက်လံ ချေမှုန်းရန် ရည်မှန်းထားသည်ဟု မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ဧရာဝတီ နှင့် မေးမြန်းခန်း တွင် ထုတ် ဖေါ် ပြောဆိုသွားခဲ့သည်။ ဤ ကမ္ဘာမြေပေါ်တွင် ၎င်းဘယ် ပြေးပြေး နောက်က လိုက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
စစ်ဆင်ရေးတွေအတွင်းမှာ “သေနတ်တချက်မဖောက်”၊ “ဓားတချက်မဝင့်ဘဲ” အောင်မြင်တဲ့ တိုက်ပွဲတွေ ရှိလာမှာ ဖြစ်ပြီး လက်ရှိတော်လှန်ရေးခရီးဟာ နောက်လှည့်သွားတာ ရပ်တန့်သွားတာမျိုးမရှိဘဲ တော်လှန်ရေး အောင်မြင်မယ်ဆိုတာ အာမခံနိုင်တယ်ဟုလည်း ကတိပေးပြောဆိုသွားသည်။ ဒါ့အပြင် ပြည်သူတွေအတွက် တော်လှန်ရေး အမြန်ပြီးမြောက်ရန် လိုတယ်သည့် ဟုလည်း ပြောသွားခဲ့သည်။
NUG ၏ လက်အောက်ခံတပ်ဖြစ်သည့် မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (MDY-PDF) သည် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြီး ၁၀၂၇ ရှမ်း- မန်း စစ်ဆင်ရေး အတွင်း မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့ များကို ထိန်းချုပ်နိုင်ခဲ့သည်။
ပြည်သူတို၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!