မြန်မာ အရေး နှင့် ပတ်သက်၍ လက်တွေ့ကျကျ ဖြေရှင်း နိုင်ရန် ထိုင်းမှ ကမကထ ပြုကာ လူခွဲပြီး အလွတ် သဘော ဆွေးနွေးပွဲ နှစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားရာ ပထမ အသုတ် အဖြစ် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား နိုင်ငံခြားရေး ဆိုင်ရာ အထက်တန်း အရာရှိကြီးများ နှင့် စတင် ဆွေးနွေးခဲ့သည်။
ဒုတိယ အသုတ် အဖြစ် ဒီဇင်ဘာ ၂၀ တွင် လာအိုမှ ကမကထ လုပ်ပြီး အာဆီယံ ဥက္ကဟောင်း အင်ဒိုနီးရှား၊ လက်ရှိ လာအို နှင့် ဥက္ကဌ၊ ဥက္ကဌ အသစ် မလေးရှား၊ စင်္ကာပူ၊ ထိုင်း တို့ နှင့် ဆက်၍ ဆွေးနွေးရန် စီစဉ်ထားသည်။
ပထမ အသုတ် ဆွေးနွေးပွဲတွင် အကြမ်းဖက် စစ်တပ်၏ နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်လာသည် ကို တွေ့ရသည်။
၎င်းမှ အခြား မည်သည့် တိုးတက်မှု မှ ထုတ်မပြောနိုင်ဘဲ ဓါတ်ပြားဟောင်းကြီး ဖြစ်သည့် ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားကြောင်း၊ သန်းကောင်စာရင်းလည်း ကောက်ပြီးနေပြီ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရွေးကောက်ပွဲ တွင် ပါဝင်ရန် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ထားသည့် ပါတီ ၅၃ ပါတီ ရှိကြောင်း ပြောဆိုသွားခဲ့သည်။
ယင်းသည် လက်ရှိ ပြည်တွင်းစစ်ကြီး ကို ရပ်စဲ နိုင်မည့် အဖြေ မဟုတ်ကြောင်း အကျိုးလို၍ ညောင်ရေ သွန်းထားသည့် တရုတ်မှ လွဲ၍ အားလုံးသိထားပြီး ဖြစ်သည်။
နိုင်ငံရေး ပါတီ ၅၃ ပါတီသည်လည်း စစ်တပ်မှ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအား မည်သူမျှ အသိအမှတ်ပြုမည် မဟုတ်သည့် အပြင် ကြံ့ဖွတ် ပါတီသာ နေရာတိုင်း နီးပါး အနိုင်ရမည်ကို သိသိကြီး နှင့် အရိုးအရင်း ရလည်း အမြတ် ဆိုကာ ဝင်ရောက်လာသူ များ ဖြစ်သည်။
အာဆီယံ အပါအဝင် အားလုံး ဖြစ်စေချင်နေသည့် သက်ဆိုင် ပတ်သက်နေသူ များ ပါဝင်မည့် စားပွဲဝိုင်း ဆွေးနွေးပွဲမျိုးက ဖြစ်လာဖို့လည်း မရှိပေ။
ရခိုင်ပြည်နယ် အား ထိန်းချုပ်ထားသော အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်သည်လည်း မီးဟုန်းဟုန်း တောင်လောင်နေပြီး အထဲမှ အလံဖြူထောင်ကာ စုတ်စုတ်ပြတ်ပြတ် နှင့် လူရုပ် မပေါ် ဖြစ်နေသည့် စစ်သားများ တန်းစီ ထွက်လာနေပုံကိုလည်း ဘန်ကောက်သို့ ရောက်ရှိလာကြသည့် ကိုယ်စားလှယ်များ အားလုံး တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။
လူပေါင်း ၆,၀၀၀ ကျော်အား သ-တ်ဖြတ်ပြီး အာဏာကို ဆုပ်ကိုင်ထားသူ မင်းအောင်လှိုင်သည် ယခုလို အနေအထားမျိုး နှင့် နောက်နှစ်တွင် ရှိပါဦးမည်လော၊ ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲသည်လည်း ဖြစ်ဦးမည်လော၊ ဖြစ်သည် ဆိုစေဦး နေရာကွက်ကွက် လေးနှင့် ပြီးသွားမည်လော၊ မင်းအောင်လှိုင် နှင့် အဖွဲ့သည် နိုင်ငံကို ပုံမှန် အခြေအနေ ပြန်ရောက်အောင် စွမ်းဆောင်နိုင်မည်လား အစရှိသည့် မရေရာ မသေချာ ဇဝေဇဝါ နှင့် ရောက်လာကြရပြန်သည်။
မင်းအောင်လှိုင်သည် အာဏာရှင် ပီပီ မည်သူကိုပင် အစားထိုး စေကာမူ၊ ၎င်းထက် တော်သူ တတ်သူ ဟု ထင်ပါက ဂျောင်ထိုး ဘေးဖယ် ထားတတ်သူ ဖြစ်၍ အခြေအနေများ မည်သို့မျှ တိုးတက် ကောင်းမွန်လာစရာ မရှိ ဆိုသည်ကိုလည်း တွက်ဆထားကြပြီး ဖြစ်သည်။
သို့ဆိုက အဘယ်အတွက်ကြောင့် ရောက်လာကြသနည်း၊ ဒေါ်နယ် ထရန့်သည် မြန်မာ အရေးကို စိတ်ဝင်စားမှု နည်းပါးသူ ဖြစ်၍ ယခင် ဘိုင်ဒင် လက်ထက်တွင် ဖိအားပေးမှုများကြောင့် မြန်မာအား ဘေးဖယ်ထုတ်ထားခဲ့ရပြီး မည်သို့မျှလည်း တိုးတက်မှု ရှိမလာ၊ သို့ဖြစ်၍ အမေရိကန်၏ စိတ်ဝင်စားမှု လျော့နည်းလာချိန်ကို အခွင့်ကောင်း ယူကာ မြန်မာ အား ၎င်းတို့ အသိုက်အဝန်းထဲ ပြန်သွင်းပြီး နားချ၍ ရကောင်းရဲ့ဟု ကြံဆလာကြပြီ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများသို့ နိုင်ငံတဝက်ကျော်ကျော် အား ထိန်းချုပ်ထားပြီး ဖြစ်သော တော်လှန်ရေး အဖွဲ့များ၏ ကိုယ်စားလှယ် တဦးတလေကိုမျှ ဖိတ်ကြားခဲ့ခြင်း မရှိပေ။
၎င်းတို့ အဖို့ ဒုက္ခသုက္ခများ ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေသော ၅.၅ သန်း သော လူများ အတွက် မည်သို့ လုပ်ပေးနိုင်မည်နည်းဟု ဆွေးနွေးကြဖို့လည်း ရှိနေသည်၊ ထိုအကူအညီများကို အကြမ်းဖက် စစ်တပ် လက်ထဲ ထည့်၍ ဖြစ်ပါမည်လောဟု စဉ်းစားစရာ သတင်းဆိုးက ထွက်ပေါ်လာပြီ ဖြစ်သည်။
ထိုသတင်းဆိုးသည်ကား ရခိုင် ပြည်နယ်ရှိ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသော လူပေါင်း ၂.၂ သန်း အတွက် ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးမှ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အဖြစ် ပေးပို့ထားသော ကုလ အမှတ်တံဆိပ်ပါ ဆန်အိတ် ထောင်ပေါင်းများစွာ အား အမှတ် (၅) နယ်ခြားစောင့် စခန်း ဌာနချုပ် အတွင်းရှိ မြေအောက်ဘန်ကာ ထဲ ထည့်သွင်း သိုလှောင်ထားသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
၎င်းတို့ ဆုတ်ခွာ ထွက်ပြေး ခဲ့သော အဆိုပါ စခန်းအား သွားရောက်ကြည့်ရှုခဲ့သည့် သတင်းထောက်များ က သိရှိသွားခဲ့ကြခြင်း ဖြစ်သည်။
ဒုက္ခရောက် နေသော လူ့အသက်များ ကယ်တင်နိုင်ရန် ရည်ရွယ်လှုဒါန်းထားသော အကူအညီများအား ယခုလို အလွဲသုံးစား လုပ်ထားသည်ကို မည်သို့မျှ လက်ခံ နိုင်စရာ အကြောင်းမရှိ ဟု ကမ္ဘာစားနပ် ရိက္ခာ အဖွဲ့ကြီးမှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေညာချက် တွင် ပြင်းပြင်းထန် ထန် ပြစ်တင် ရှူတ်ချထားသည်။
ပြီးခဲ့သည့် ခြောက်လ ခန့်က မောင်းတော ရှိ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့အတွက် ပေးထားသော ဂိုဒေါင်များအား စစ်ကောင်စီ တပ်များ စီးနင်းလုယက် ကာ မီးရှို့ခဲ့ကြသည့် သတင်း ဗီဒီယို မှတ်တမ်း များ ထွက်ရှိခဲ့ပြီး ဖြစ်သည်။
ထိုသို့ လှုဒါန်းထားသည်များအား စစ်တပ်မှ မိမိတို့ ရိက္ခာ အတွက် ဆိုကာ ခိုးဝှက်ယူငင် ထားသည့် အဖြစ်ကို ကုလ က ပင် ကြေညာချက် ထုတ်ပြီး ရှူတ်ချရသည် အထိ ဖြစ်လာခြင်းသည် လွန်စွာမှပင် ရှက်ဖို့ ကောင်းလှပေသည်။
ထို့အပြင် အမှတ် (၅) နယ်ခြားစောင့် တပ်၏ တပ်မှုး ကြီး တဦး ဖြစ်သူ အောင်နေမျိုး ဆိုသူသည်လည်း တဖက် နိုင်ငံသို့ ထွက်ပြေးရန် ကြံစဉ် မောင်းတော အနီး ရွှေဇာရွာ ရှိ ပုဇွန် မွေးမြူရေး ခြံတခြံထဲတွင် မိုင်းထိ ထားသည့် ဒဏ်ရာဖြင့် သွေးလွန်သေဆုံးနေပြန်သည်၊ ၎င်းနှင့် အတူ ခိုးယူ လုယက် ထားဟန် ရှိသော ရွှေချောင်းများ၊ လက်ဝတ်ရတနာ များ နှင့် ငွေသား ကျပ် သိန်းရှစ်ရာခန့်ကို ပါ တွေ့ရှိခဲ့ရသည်။
တချိန်က ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် မြန်မာ တပ်မတော်သည် ၎င်းတို့လက်ထက် တွင် မည်သို့ အခြေ ဆိုက်နေပြီ ဆိုသည်ကို အားလုံး အသိပင် မဟုတ်ပါလား။
ထို သို့ ဖြစ်လာရခြင်းသည် စစ်တပ်၏ ပြောင်းလဲလာသော စိတ်ဓါတ်ပိုင်း ခံယူချက် mentality ကို ညွှန်ပြလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံကို ကာကွယ်နေရသူ များ ဖြစ်၍ အခွင့်ထူး ခံထိုက်သူများ ဖြစ်ပြီး အောက်ခြေ လူထု သည် ၎င်းတို့ ပိုလျံ၍ ပေးသမျှ ကျွေးသမျှ နှင့် တင်းတိမ်ကြရမည့် sub-human သာသာ များ ဖြစ်သည်ဟု အစဉ် အဆက်သဘောထား လာမှု ပင် ဖြစ်သည်။
ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!