အာရက္ခ တပ်တော်သည် အမ်းမြို့ ရှိ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် အား နှစ်လကြာ ထိုးစစ် ဆင်ပြီး နောက် ယမန်နေ့ နေ့လည် မွန်းတည် တွင် အပြီးအပိုင် သိမ်းပိုက် နိုင်ခဲ့ကြောင်း အတည်ပြု နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အတွက် စစ်တိုင်း ဌာနချုပ် ၁၄ ခု ရှိသည့် အနက် မင်းအောင်လှိုင် လက်ထဲတွင် ၁၂ ခုသာ ကျန်ပေတော့သည်။ မကွေးတိုင်း အတွင်း ထိုးစစ်များ ဆင်နိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်ဟု သိရသည်။
နပခ မှ ဗိုလ်မှုး ချုပ် အဆင့်ရှိ တိုင်းဦးစီးချုပ် ကျော်ကျော်သန်း နှင့် ဒုတိုင်းမှုး သောင်းထွန်း တို့ အားလည်း ဖမ်းဆီးရမိထားပြီ ဖြစ်သည်ဟု အာရက္ခ တပ်တော် ပြောခွင့်ရ ဦးခိုင်သုခ မှ ဧရာဝတီ ကို အတည်ပြု ပြောကြားခဲ့ပြီး ၎င်းတို့ ဒူးထောက်ထိုင်နေသည့် သတင်းဓါတ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။
ကစင့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားကြသော မင်းအောင်လှိုင် သစ္စာခံ တပ်သားများ နောက်သို့ လိုက်လံ ချေမှုန်းလျက် ရှိသည်ဟုလည်း ဆိုသည်။
ယခုအခါ ဂွ မြို့ နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ဧရာဝတီ တိုင်း အတွင်း သို့ ကူးစက်လာမည့် အရေးကြောင့် စစ်ကောင်စီ သည် ကျားကုတ် ကျားခဲ ခုခံ နေသည့် အပြင် ၎င်းတို့ လက်ထဲတွင် နောက်ဆုံး ကျန်ရှိ နေဆဲ ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်တို့တွင် စစ်အင်အား များ ဖြည့်တင်းနေကြသည်။
အင်အား ၃၀,၀၀၀ ခန့် အထိ ရှိနေသော အာရက္ခ တပ်တော်သည် ရခိုင် တပြည်လုံး လွတ်မြောက်ရေး အတွက် ဆိုက တရုတ် ရင်းနှီးမြုပ်နှံ မှု ရှိရာ ကျောက်ဖြူကိုပါ တိုက်ခိုက် သိမ်းယူရဖို့ ရှိနေသည်။
အာရက္ခ တပ် တော် ကြောင့် မင်းအောင်လှိုင် အဖို့ နေ့စဉ်လို အရှက်တကွဲ အဖြစ်မျိုး နှင့် ကြုံလာရသည့် အပြင် တပ်တွင်း စည်းလုံးညီညွတ်မှု ပါ ပြိုကွဲလာခဲ့ရသည်။
ကျန်သည့် စစ်တိုင်း ဌာနချုပ်များ ဒိုမီနို ကားချပ်များလို တခုပြီး တခု ပြိုလဲ သွားသည့် ကြမ္မာဆိုး မျိူး နှင့် မကြုံရပါစေနှင့်ဟုသာ မင်း အောင်လှိုင် အဖို့ယတြာချေ ရတော့မည် ဖြစ်သည်။ အရာရှိ အရာခံ အကြပ်တပ်သားများ အားလုံးသည်လည်း ၎င်း၏ ခေါင်းဆောင်မှု ထက် ယတြာအစွမ်း ထက်မြက် နိုင်သည် ဆိုသည့် မျှော်လင့်ချက်ကိုသာ အားပြုနေရပြီ ဖြစ်သည်။
ချင်း ကာကွယ်ရေး တပ်များသည် မင်းတပ်၊ဖလမ်း ရှိ ရဲစခန်း၊ စစ်စခန်းများ အပါအဝင် အစိုးရရုံးများကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။ မင်းတပ်တွင် ရန်သူ တပ်သား ၁၂၃ ဦး၊ ဖလမ်း တွင် ၄၅ ဦး လက်နက်ချ အလင်းဝင်လာသည်ဟု သိရသည်။ (ပုံတွင် တွေ့နိုင်သည်)
စစ်တပ်သည် ထိုသို့ အရေးနိမ့်လာလေ ရှူံးမဲ မဲကာ လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်လာလေလေ ဖြစ်သည့် အတွက် ဒေသခံများ အတွက် စိုးရိမ် ပူပန်စရာ ဖြစ်လာရသည်ဟု ဆိုသည်။
ထိုသို့ ဖြစ်ပျက် နေချိန်တွင် "အားကစားပွဲကျင်းပခြင်းသည် နိုင်ငံကို ကာကွယ်နေခြင်း" ဟု စစ်ခေါင်းဆောင်က အမျိုးသား အားကစား ပွဲ ပိတ်ပွဲတွင် ပြောဆိုသွားပြန်သည်ဟု သိရသည်၊ ယင်းကဲ့သို့ အတွေးအခေါ်မျိုး ၎င်းတို့ ခေါင်းထဲ တွင် ရှိနေသည်ကပင် အံ့ဩစရာ ကောင်းနေရသည်။
ဘန်ကောက် ဆွေးနွေးပွဲများ တွင်လည်း စစ်ကောင်စီ သည် ထင်တိုင်း မပေါက် ဖြစ်လာရသည်၊ အိမ်ရှင် ဖြစ်သူ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မှ သက်ဆိုင်နေသူ အားလုံး ပါဝင်လာမည့် ရွေးကောက်ပွဲ မျိုး ဖြစ်ရန် ပြောဆိုလာသည်၊ ထို့အတွက် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆိုသည်အား အာဆီယံ မှပင် အသိအမှတ် ပြုရန် မရေရာသည့် အနေအထား ကြုံလာရသည်။
စစ်ကောင်စီ မှ ထိုင်း ထံမှ ထိုသို့သော စကားမျိုး ထွက်မလာပဲ ၎င်းတို့ ပြောသမျှ ခေါင်းငြိမ့် ထောက်ခံလာရန် ဖမ်းမိထားသော ထိုင်း ငါးဖမ်း သမား လေးဦး အား ဓါးစာခံ လုပ်ထားခြင်း ဖြစ်သည်ဟု ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ပါမောက္ခ သစ်တီနန် ပွန်ဆုဒီရတ် က ထောက်ပြခဲ့သည်။ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာကလည်း အလားတူ ဗီအိုအေ သို့ ပြောခဲ့သည်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပင် လာမည့် အပတ် အတွင်း မြန် မာ ပြည်သို့ လာပြီး ထိုကိစ္စ ကို ဆွေးနွေးရန် ရှိနေသည်။
၂၀၁၅ နောက်ပိုင်း ထိုင်း ငါးဖမ်းသင်္ဘောများအား ယခုလို ပစ်ခတ် ဖမ်းဆီးရလောက်သည်အထိ ကြီးကျယ်ခဲ့ခြင်း မရှိဟု လေ့လာသူများက ထောက်ပြခဲ့သည်။
စစ်ကောင်စီ သည် အရေးနိမ့်သည်ထက် အရေးနိမ့်လာနေပြီ ဖြစ်၍ ၎င်းတို့ နှင့် အဆင့်မြင့် သံခင်းတမန်ခင်း ဖြင့် ဆက်ဆံ သွားဖို့ ထိုင်း အနေဖြင့် ဘေးကျပ်နံကျပ် ဖြစ်လာနေသည်ဟု သစ်တီနန် က ဆိုသည်။
အလွတ် သဘော ဆွေးနွေးပွဲ တက်ရောက်နေ သော စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဆွေးနွေးပွဲအပြီး တောင်းဆိုလိုက်သည်။
ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဟောင်း သုံးဦး မှလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာရန် နိုင်ငံတကာ မှ နယ်ဆင် မင်ဒဲလား ကဲ့သို့ ဝိုင်းဝန်း လှုပ်ရှားပေးရန် ပန်ကြားခဲ့ကြသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!