ဒေးဗစ်လား အရေး ကနေဒါ သတင်းတွင် ဖေါ်ပြ

by Hla Soewai - May 23 2020

ခရစ်ယာန်ဘာသာ ကို အလေးအနက် ယုံကြည်သူများအဖို့ ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရဖွယ် မရှိဟု ရဲရဲဝံ့ဝံ့ ပြောသွားခဲ့သည့် ကနေဒါ နိုင်ငံသား တရားဟော ဆရာ

တယောက် သူကိုယ်တိုင် ကူးစက်ခံသွားရပြီ ဖြစ်သည်ဟု အစချီထားပါတယ်။

ယခုအခါတော့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ကြိုးပမ်းနေတဲ့ မြန်မာ အစိုးရ၏ လူစုလူဝေး မလုပ်ရန် တားမြစ်ချက်ကို အာခံတဲ့ အတွက် အကျဉ်းထောင် အတွင်း စံမြန်းရဖို့ ဖြစ်လာခဲ့ပါတယ်။

ကနေဒါ တာဝန်ရှိသူများက ၎င်းအား သံရုံးနဲ့ ဆိုင်တဲ့ အကူအညီများ ပေးနေတယ်လို့ အတည်ပြု ခဲ့ကြပါတယ်။ အသက် ၄၃ နှစ် ရှိပြီ ဖြစ်တဲ့ တရားဟော ဆရာ ဒေးဗစ်လားသည် အွန်လိုင်း ခရစ်ယာန် ဗီဒီယို များ ပေါ်မှာ လူသိများလာသူ ဖြစ်ပြီး မြန်မာဘာသာ နဲ့ တိုက်ရိုက်လွှင့်ထုတ်တာတွေ လုပ်လာခဲ့ပါတယ်။ သူ့ကိုယ်ပိုင် David Lah Ministry ဖေ့စ်ဘုတ် အကောင့်မှာ တိုရန်တိုတွင် နေထိုင်သော မြန်မာပြည်ဖွား တရားဟော ဆရာလို့ ဖေါ်ပြထားပါတယ်။

တိုရန်တို မှာ ရှိတဲ့ North York ဘုရားကျောင်းနဲ့ ဆက်ပြီး ၂၀၁၁ ကတည်းက ပြောဟော ပို့ချလာတယ်လို့ ဆိုပါတယ်။ မကြာမီက ဗီဒီယို ဟောပြောမှုတွေက ပိုပြီး အသေးစိတ် လာယုံမက သွေးဆူအောင် ဟောပြောတဲ့ အထိ ဖြစ်လာတာ တွေ့ရပါတယ်။ ဥရောပ၊ အာရှ နဲ့ သြစတေးလျှ အထိ ပျံ့နှံ့ခဲ့ပါတယ်။

၂၀၁၄ မှာ Dream Ministry International Organization ကို တည်ထောင်လာတဲ့ အခါမှာတော့ မြန်မာ အာဏာပိုင်တွေ သတိပြုမိလာပါတယ်။

ဧပြီလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲ နှစ်ခုထဲက လူအများ မျက်ခုံးလှုပ်သွားစေတဲ့ တခုနဲ့ စပ်လျင်းတဲ့ ရဲ မှတ်တမ်းကို ကနေဒါ ရဲ့ CBC သတင်းဌာန က ဖတ်ရှု့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့တာကတော့ ဧပြီ ၇ ရက်နေ့ မရမ်းကုန်းမှာ လုပ်တဲ့ ပွဲ ဖြစ်ပြီး နေ့စွဲအရ ဆို ရင် အစိုးရက လူစုလူဝေး မလုပ်ရလို့ တားမြစ်ထားတာ သုံးပတ်ကျော် ရှိနေပါပြီ။ ကိုဗစ်-၁၉ ကူးစက်မှု စတင်ခဲ့တယ်လို့ အစိုးရက အတည်ပြုပြီးနောက် နှစ်ပတ်အကြာလည်း ဖြစ်ပါတယ်။

ဧပြီ ၁၃ နေ့စွဲနဲ့ မှတ်တမ်းမှာ ဒေးဗစ်လားနဲ့ စတူဒီယို ပိုင်ရှင် ဖြစ်သူက အစိုးရရဲ့ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ကို ချိုးဖောက်ခဲ့ကြလို့ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲထားတာ တွေ့ရပါတယ်။ အလားတူ ပွဲမျိုး လုပ်ခဲ့တဲ့ ဒေးဗစ်လားရဲ့ အပေါင်းအပါ နှစ်ဦးကိုလည်း စွဲချက်တင်ထားပါတယ်။

ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာတွင်၆% မျှသာ ရှိတဲ့ ခရစ်ယာန် ဘာသာဝင် အချို့ အကြားမှာ ​​ သတိထားမိစရာဖြစ်လာပါတယ်၊ ခရစ်ယာန်ဘာသာ သည်သာ

ကော်ရိုနာဗိုင်းရပ်စ် ရန်မှ ကယ်တင်ပေးနိုင်သည်ဟု ဟောပြောလာခဲ့ပါတယ်။

"ဘုရားသခင်ရဲ့ နှုတ်ခါးပတ်တော်တွေကို ကြားနာလို့ ရှိရင် ဗိုင်းရပ် သည် အသင်တို့ထံရောက်မလာဘူး ဆိုတာ ယေရှုခရစ်ရဲ့ နာမတော်နဲ့ ဒီနေရာက ကြေငြာတယ်"လို့ ပြော သွားခဲ့တာကို မတ်လကုန်ပိုင်းမှာ ပြုလုပ်တဲ့ပွဲရဲ့ ဗီဒီယို ဖိုင်မှာ တွေ့လိုက်ရပါတယ်။

ဧပြီလ တွင် ပြုလုပ်သော ပွဲတွင် သမ္မာကျမ်းစာအုပ်ကို လက်က ဝှေ့ရမ်းပြီး ယေရှု့ရဲ့ အဆုံးအမ လက်ခံကျင့်သုံးတဲ့ ချပ်ချ် မှန်သမျှ ရောဂါ မကူးစက်စေရဘူးလို့ အာမခံတယ်ဆိုပြီး ပြောခဲ့ပြန်ပါတယ်။

ရဲအဖွဲ့မှ ၎င်းအား အမှုဖွင့်ဖို့ လှုပ်ရှားလာတဲ့အချိန်မှာ တော့ သူ ကိုယ်တိုင် ပေ့ါစတစ် ဖြစ်ပြီး ဆေးရုံ ရောက်နေပြီ ဖြစ်တဲ့ အတွက် သူ ဟောပြောချက်များ သည် ကမောက်ကမ စကားများသာ ဖြစ်တယ်ဆိုတာ သိသာထင်ရှားသွားခဲ့ရပါတယ်။

CBC သတင်းဌာနက ဧပြီ ၁၃ နေ့စွဲနဲ့ ရရှိခဲ့တဲ့ တောင်ဥက္ကလာ ရဲအဖွဲ့၏ တင်ပြလွှာတွင် ဒေးဗစ်လား နေတဲ့ ရပ်ကွက် အတွင်း ကူးစက်ခံရတဲ့ အတွက် လော့ဒေါင်း ချထားကြောင်းနဲ့ သူ့ကို ဆေးရုံ ခေါ်သွားတဲ့ အရေးပေါ် လူနာတင်ယာဉ် ကားနံပတ်ပါ ဖေါ်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ တင်ပြလွှာမှာပဲ သူ့ကြောင့် နာမည်ကျော် ရော့ခ် ဂီတ အဆိုတော် မျိုးကြီး အပါအဝင် လူ နှစ်ဆယ်ခန့် ကူးစက်သွားပြီဆိုတာလည်း ဖေါ်ပြထားပြန်ပါတယ်။

ဒေးဗစ်လားသည် ခရစ်ယာန် ဘာသာဝင်တဦးဖြစ်တဲ့ နိုင်ငံ၏ ဒုသမ္မတ ပါ သူ၏ အရှုပ်ထဲ ဆွဲခေါ်သွားခဲ့ပြန်ပါတယ်။ ဖေဖေါ်ဝါရီ လ အတွင်း နေပြည်တော်မှာ လုပ်တဲ့ အခမ်းအနားတခု မှာ ဒုသမ္မတ ဗန်သီယူး အား ၎င်းနှင့် အတူ တွေ့လိုက်ရတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာ မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ထို့အတွက် ဦးဗန်သီယူး အပါအဝင် ဆက်စပ်သူ လူ ၃၀ ခန့်အား အလျင်အမြန် ဆေးစစ်ခဲ့ရာ မှာ ပိုးကင်းစင်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။

ဒေးဗစ်လား အဖို့ က တော့ ပြည်တွင်းမှာနာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ပိုး ကူးစက်ခံရသူ အသစ် တွေ့ရှိကြောင်း သက်ဆိုင်ရာ မှ သတင်းထုတ်ပြန်သည့် အခါတိုင်း သူ့နာမည်က ဆိုရှယ် မီဒီယာ မှာ trend တခုလို ထွက်ပေါ်လာစမြဲ ဖြစ်ပါတယ်။

မေလ အစောပိုင်းမှာ ဒေးဗစ်လား ဆေးရုံမှပြန်ဆင်းလာပါတယ်၊ ဗိုင်းရပ်ပိုး ကင်းစင်သွားပေမယ့် နိုင်ငံတွင်း ရောဂါပိုး ကူးစက်ခံရအောင် လုပ်ခဲ့တဲ့ ဝန်ထုပ်ဝန်ပိုး ကြီး ထမ်းရွက်လိုက်ရတဲ့ ဒဏ်ကတော့ မကင်းစင်သေးပါဘူး၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စည်းကမ်းအတိုင်း ဟိုတယ်မှာ ၁၄ ရက် သီးခြား စောင့်ကြည့်ခြင်းခံနေရပြီး မေလ ၁၉ ရက်နေ့အထိ နေရမယ်လို့ ၎င်းရှိနေတဲ့ ဟိုတယ်၏ နယ်မြေခံ အမတ်ဖြစ်သူ ဒေါ်မေစိုးက ပြောပါတယ်။

ယခု အပတ်ထဲ သူနဲ့ ပတ်သက်ပြီး ဆိုရှယ် မီဒီယာ မှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပြန်ပါတယ်။ ဟိုတယ်ကနေ ဒေးဗစ်လား ထွက်သွားပြီလို့ ပြည်တွင်း သတင်းစာ တစောင်မှာ ဖေါ်ပြခဲ့လို့ ဖြစ်ပါတယ်၊ ဒီသတင်းကို ချက်ခြင်းလိုဟိုတယ်က ငြင်းဆိုခဲ့ပြီး ရဲအဖွဲ့ကလည်း လုံခြုံရေး တင်းကျပ်စွာ ချထားတယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။

CBC သတင်းဌာနမှ ဒေးဗစ်လားနဲ့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခွင့် မရခဲ့ပေမယ့် သူနဲ့သိတဲ့ တိုရန်တိုက မြန်မာ ချပ်ချ် ကျောင်းမှ အရှင် ဆော်လမွန် ဂျိမ်းစ် ကို မေးမြန်းခွင့် ရခဲ့ပါတယ်။ ဒေးဗစ်လားသည် "လူကောင်း" တဦး ဖြစ်ပြီး ချပ်ချ် ရဲ့ တရားဟော ဆရာဟောင်းသာ ဖြစ်တယ် ဆိုတာကို အလေးပေး ပြောဆိုသွားပါတယ်။

ဒေးဗစ်လားသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် တခု လောက်က သူတို့ North York ဘုရားကျောင်းနဲ့ အဆက်အသွယ် ဖြတ်ပြီး new direction ရှာမယ်ဆိုကာ ထွက်သွားပြီးကထဲက မဆုံဖြစ်တော့ဖူးလို့ ဂျိမ်းစ် က ပြောပြခဲ့ပါတယ်။

သူရဲ့ ဧဝံဂေလိ လက်ဆောင်မွန်ကြောင့် ဘုရားသခင်က ဆင့်ခေါ်နေပြီလို့ ဒေးဗစ်လားက ပြောသွားခဲ့ကြောင်း Canada Broadcasting Corporation (CBC) ကသတင်း ရေးသားခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း အစိုးရမှ ဥပဒေ နှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး မှ ပြောကြောင်းနှင့် ၎င်း၏ ဘာသာရေးပွဲမှ တဆင့် ရောဂါ ဖြစ်ပွားသူ ၆၀ ကျော် နှင့် ထိတွေ့သူ ၂၇၀ ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း စံတော်ချိန် သတင်းမှာ လည်း ဖေါ်ပြထားပါတယ်။