တရုတ် နှင့် နီးစပ်ပြီး ရုရှား မဟာမိတ် တဦး ဖြစ်သည့် မြန်မာ ပြည်ရှိ စစ်ကောင်စီသည် ရခိုင် ပြည်နယ် အနောက်ခြမ်း နှင့် ချင်းပြည်နယ် တို့ တွင် စစ်ရေး အရ အရေးနိမ့်လာနေမှု နှင့် ဆက်တိုက်ဆိုသလို အကြီးအကျယ် ရင်ဆိုင်နေရ၍ ၎င်းတို့ နိုင်ငံ ကို ထိန်းချုပ်ထား နိုင်မှု ပြေလျော့ လာနေပြီ ဆိုသည်ကို မီးမောင်း ထိုးပြလိုက်ခြင်းလည်း ဖြစ်ပေသည်ဟု နိဒန်းချီ ရေးသားလာသည်။
နိုင်ငံ၏ အရှေ နှင့် မြောက်ပိုင်း တွင်လည်း စစ်ရေး အရ အရေးနိမ့် ဆုတ်ခွာ ပေးနေရ၍ ၎င်းတို့၏ ခြေကုပ်ယူစရာ ခံတပ်များ နည်းသည်ထက် နည်းလာနေသည်။
ဆီရီယား အား နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာသည့် အာဆတ် မင်းဆက် မမျှော်လင့်ပဲ ပြုတ်ကျသွား မှု ကြောင့် တော်လှန်ရေး အဖွဲ့များ အားတက် လာကြသည်။ ၎င်းတို့လည်း စစ်တပ်၏ နှစ် ခုနှစ်ဆယ်ကြာ အုပ်စီးနေမှု ကို အဆုံးသတ် ပေးနိုင်မည်ဟု ယုံကြည်လာကြသည်။
ရုရှား မှ သံတမန်ရေး အရ ရော၊ လက်နက်အင်အား ပါ အခိုင်အမာ ထောက်ခံပေးထားသည့် ကြားမှ ထိုသို့ ဖြစ်လာမည် ဆိုက ဒေသတွင်း ဘူမိ နိုင်ငံ ရေး လှုပ်ရှား ပြောင်းလဲသွား တော့မည် ဖြစ်သည်။ ၎င်းတို့နှင့် နီးနီးကပ်ကပ် ဆက်ဆံနေသော တရုတ် မှလည်း ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းလာဖွယ် ရှိနေသည်။
အာရက္ခ တပ်တော်သည်လည်း အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား ဒီဇင်ဘာ ၂၀ တွင် အပြီးအပိုင် သိမ်းယူနိုင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ သော စစ်တိုင်းမှုး များ ဒူးထောက် ထိုင်ခိုင်းထားသည့် ဓါတ်ပုံများ ထုတ်ပြန်လာခဲ့သည်။
ချင်းတော်လှန်ရေး တပ်များသည်လည်း မင်းတပ်ရှိ ခမရ ၂၇၄ အား သိမ်းပိုက် နိုင်ခဲ့ မှု နှင့် အတူ မြို့ကို သိမ်းယူ နိုင်ခဲ့ကြသည်။ (ယခုအခါ ချင်းပြည်နယ် တောင်ပိုင်း တခုလုံး စစ်ကောင်စီ လက်မှ လွတ် မြောက်လာပြီဟု သတင်းများက ဆိုသည်)
ထိုကဲ့သို့ အောင်ပွဲများ ရမလာမီ ကပင် ဘီဘီစီ ကမ္ဘာသတင်း အစီအစဉ် မှ စစ်ကောင်စီသည် နေပြည်တော်၊ ရန်ကုန် အစရှိသည့် အဓိက မြို့ကြီးများ အပါအဝင် နိုင်ငံ ၏ လေးပုံ တပုံ နီးပါးသာ ထိန်းချုပ် နိုင်တော့သည်ဟု ထုတ်လွှင့်ခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ မိမိတို့သည် လူမှု အသိုက်အဝန်း အားလုံး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားမည် ဖြစ်သည်ဟု ပြောဆိုသည်ကို ၎င်းတို့၏ မီဒီယာ များ တွင် ကိုးကား ဖေါ်ပြလာသည်၊ သို့သော်လည်း မကြာမီက ဖြစ်ပွားနေသည့် တိုက်ပွဲများကို မူ တလုံးတပါဒ မျှ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိပေ။
၎င်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း ဖြင့် ဖြေရှင်းခြင်းဖြင့် တောင်းဆိုနိုင်ပြီး လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်း၍ မဖြစ်နိုင်ဟု ဆိုသည်။ အကြမ်းဖက်မှု ကို လူသားမှန်သမျှ လက်ခံ နိုင်စွမ်း မရှိ၍ ထိုလုပ်ရပ်မျိုးကို လူတိုင်း ဆန့်ကျင်ကြရမည် ဟု ပြောသွားခဲ့ပြန်သည်။
ထိုသို့ ပြောနေသော မင်းအောင်လှိုင်သည် လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှု များ အတွက် အိုင်စီစီ မှ ဖမ်းဝရမ်း ထုတ်ခံရမည့် အနေအထား တွင် ရှိနေသည်။
နိုင်ငံတကာ လေ့လာသူများ အဆို
အမေရိကန် အခြေစိုက် နိုင်ငံခြား ဆက်ဆံရေး ကောင်စီမှ အကြီးတန်း သုတေသီ ဂျို့ ကာလန့်ဇစ်က နိုင်ငံ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထိန်းချုပ် နိုင်တော့သည်ကို ကြည့်မည် ဆိုက စစ်ကောင်စီ အနေအထားသည် အတော် ဆိုးဆိုးဝါးဝါး ဖြစ်လာနေသည်၊ သို့သော် တော်လှန်ရေး အင်အားစု များ အကြား အကွဲကွဲ အပြားပြား ဖြစ်နေမှု နှင့် တရုတ် ဝင်ပါလာမှု ကြောင့် အလျင်အမြန် ပြိုလဲသွား ဖွယ် မရှိဟု ဆိုသည်။
တယ်လီဂရမ် ၏ အာရက္ခ သတင်းပြန်ကြားရေး ဌာန မှ ဖက်ဆစ် စစ်ကောင်စီ တပ်များသည် နေ့စဉ် နှင့် အမျှ အရှုံးကြီး ရှုံးနေပြီး စခန်းများကို တခုပြီး တခု ဆုတ်ခွာ ထွက်ပြေး နေကြသည်။ မိမိတို့ အာရက္ခ တပ်တော်မှလည်း ထိုးစစ်ကို အရှိန်မြှင့် တိုက်ခိုက်လျက် ရှိနေသည်ဟု ဖေါ်ပြထားသည်။
ဟာဝိုင်အီ ရှိ အမေရိကန် ကြည်းတပ် အငြိမ်းစား ဗိုလ်မှုးကြီး ဒေါ်မီမီဝင်းဘတ် မှ ဆီရီးယားရှိ အာဆတ် ကျဆုံးခန်းသည် မြန်မာ တော်လှန်ရေး အင်အားစု များ အကြား မျှော်လင့်ချက်များ မြင့်တက်လာခဲ့ရသည်ဟု ဆိုသည်။ အဓိကကျသည့် နယ်မြေများ နှင့် စစ်တိုင်းဌာနချုပ်များ လက်လွှတ် ဆုံးရှူံးနေသည်၊ တိုက်ပွဲများ လည်း ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေပြီး စွန့်ခွာ ထွက်ပြေးသူ များပြားလာပြီး စိတ်ဓါတ်ရေးရာပိုင်းလည်း ကျဆင်းလာနေပြီ ဖြစ်သည်၊ လက်နက် အင်အား အရ သာလွန် နေသည် ဆိုသော်လည်း စစ်ကောင်စီ သည် ချောက်ကမ်းပါး တွင် တွဲလွဲခို နေဆဲ အနေအထားမျိုး ဖြစ်သည်ဟု သုံးသပ်သွားခဲ့သည်။
ရှေ့ ဖြစ်လာ နိုင်မှု
စစ်တပ်သည် ရခိုင်ပြည် တောင်ပိုင်း၊ ရန်ကုန် နှင့် မိုင် ၁၆၀ အကွာရှိ ဂွ မြို့ အား ခုခံကာကွယ်နေသည်ဟု သိရသည်။ ပြည်သူ့ကာကွယ်ရေး တပ်များ အင်အား ကောင်းလာနေသည့် နိုင်ငံ အလယ်ပိုင်းကိုလည်း ကာကွယ်ရဖို့ ရှိနေသည်။
ထိုသို့ တိုက်ပွဲများ အရှိန်မြင့်လာနေမှု ကြောင့် ၎င်းတို့စီစဉ်ထားသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်လားဟု သံသယ များ ဝင်လာ ကြပြီ ဖြစ်သည်ဟု မဂ္ဂဇင်းကရေးသားထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောခွင့်ရ တဦးမှ ဆွေးနွေးဖို့ ဆိုသည်က ၎င်းတို့ အပေါ် အယုံအကြည် မရှိကြခြင်းသည် အဓိက အဟန့်အတား ဖြစ်နေပြီး နောက်တကြောင်းက ၎င်းတို့ စစ်ရေးအရ အရေးနိမ့်နေချိန်လည်း ဖြစ်၍ဟု RFA အား ပြောပြခဲ့သည်။
ယခုအခါ ဧရာဝတီ တိုင်း အတွင်း လှုပ်လှုပ်ရွရွ ဖြစ်လာနေပြီး ရခိုင်ပြည် တောင်ပိုင်း နှင့် ဧရာဝတီ တိုင်းကို ဆက်သွယ်ထားသည့် လမ်း ရှိ ငသိုင်းချောင်း အဝင် ငဝန် မြစ်ကူး တံတားထိပ်တွင် အမြှောက်တပ်ရင်း တရင်း အလျင်အမြန် ချလာသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
အဆိုပါ လမ်းကြောင်းပေါ်ရှိ စစ်ကြောရေး စခန်း နှစ်ခုကိုလည်း အာရက္ခတပ်များက ထိန်းချုပ်ထားသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်လွှတ်လိုက်ရသည့် အတွက် ဂွ အား ကုန်းလမ်း မှ စစ်ကူ ပို့ဖို့ အခက်အခဲ ဖြစ်လာပြီး ငသိုင်းချောင်း သို့ ကားလမ်းဖြင့် မိနစ် သုံးဆယ်သာ သွားရသည့် အမြှောက်တပ်ရင်း ၃၄၄ တွင်လည်း တပ်အင်အား ဖြည့်တင်းလာခဲ့သည်။
ထိုအနေအထား များ ကြောင့် ငသိုင်းချောင်း ရှိ ငွေကြေး တတ်နိုင်သူများ ရန်ကုန်သို့ စတင် တိမ်းရှောင်နေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!