ဒဲရက် မစ်ချယ်သည် ၁၉၉၀ နောက်ပိုင်း မြန်မာ နိုင်ငံ ဆိုင်ရာ ပထမဆုံး အမေရိကန် သံအမတ်ကြီး အဖြစ် ၂၀၁၂ မှ ၂၀၁၆ အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခု အခါ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ အကြီးတန်း အကြံပေး ဖြစ်လာခဲ့သည်။
၎င်း၏ National Public Radio (NPR) တွင် ပါရှိလာသည့် ဆောင်းပါးကို ကောက်နှုတ် တင်ပြသွားပါမည်။
အမေရိကန် သံအမတ် အဖြစ် ထမ်းရွက်ခဲ့သည့် ကာလ အတွင်း ကျွန်တော် အမုန်းဆုံး မေးခွန်းက မြန်မာ နှင့် ပတ်သက်၍ အကောင်းဖက် သို့မဟုတ် အဆိုးဖက်က ရှုမြင်လား ဆိုသည်ပင် ဖြစ်သည်၊ ကျွန် တော် ကတော့ ဘယ်ဖက်ကမှ မမြင်ခဲ့ဘူး၊ ပကတိ အနေအထား အတိုင်း ယထာဘူတ ကျကျ သာ ရှူမြင်သည်ဟု သာ တုန့်ပြန် ပြောဆိုခဲ့သည်ချည်း ဖြစ်သည်။
နိုင်ငံခြားရေး မူဝါဒ ပိုင်းတွင် ရွှင်လန်း ဝမ်းမြောက်ခြင်း၊ ကံစီမံရာ အတိုင်း သာ ဆိုသည်မျိုးကို ရှောင်ရှားရမည် ဖြစ်သည်။ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း တို့အကြား ညပ်နေသော မြန်မာလို နိုင်ငံမျိုး အတွက် ပို၍ သတိထားရမည် ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကြာ ရက်စက် ကြမ်းကြုပ်သော အာဏာရှင် စနစ် အောက်တွင် နေလာခဲ့ရပြီးနောက် ၂၀၁၀ နောက်ပိုင်း တွင် ထိလွယ်ရှလွယ်သော ဒီမိုကရေစီ သိသာ ထင်ရှားစွာ ထွက်ပေါ်လာမှု နှင့် အတူ တံခါး ပွင့်လာခဲ့သည်။
၂၀၁၅ တွင် အများ၏ လေးစား အားကျခြင်း ခံရသည့် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အမျိုးသား လွှတ် တော် တွင် လူများစု နေရာ ရရှိကာ အာဏာရလာခဲ့သည်။
အမေရိကန် ပြည်ထောင်စု နှင့် အကျိုးတူ နိုင်ငံများက ချီးကြူးထောပနာ ပြုခဲ့ပြီး ရည်ရွယ်ချက် ကောင်းဖြင့် ဂုဏ်ယူကြကာ ရှေ့ခရီး ဆက်နိုင်အောင် ကူညီပေးလာခဲ့သည်။ သမ္မတ ဘာရက် အိုဘာမား၊ ဟီလာရီ ကလင်တန်၊ ရီပတ်ဘလီကင် မှ မစ်ခ်ျ မက်ကွန်းနယ်၊ ဂျွန် မက်ကိန်း တို့ကလည်း ဒီမိုကရေစီ အုတ်မြစ် ခိုင်မြဲအောင် နှင့် ကမ္ဘာ အသိုက်အဝန်း ထဲ ပြန်ဝင်ဆန့်အောင် နိုင်ငံရေး အရ စွန့်စားပြီး ကူညီခဲ့ကြသည်။
#ဘာတွေမှားသွားခဲ့သနည်း
ထိုအနေအထား တွင် မြန်မာသည် သွား နေသည့် လမ်း ကြောင်းမှ သိသိသာသာ ဘေးချော်ထွက်လာခဲ့သည်။ ၂၀၁၆-၁၇ တွင် မြန်မာ စစ်တပ်မှ လူနည်းစု ရိုဟင်ဂျာ များ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု များ ကျုးလွန်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမ၏ ဂုဏ်သိက္ခာ ကို အထိ ခိုက်ခံကာ စစ်တပ်၏ မည်သို့မျှ ကာကွယ်၍ မရသော လုပ်ရပ်များ အား ခုခံ လျောက်လှဲ ပေးလာခဲ့သည်။
ထို့နောက်တွင် တော့ စစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူခဲ့ ခြင်းဖြင့် ပို၍ ပင် ဆိုးဆိုးရွားရွား အမှားကို ကျုးလွန်ခဲ့ပြီး နိုင်ငံ အနှံ လူထု အပေါ် အကြမ်းဖက်လာခဲ့သည်။
ထိုမျှအထိ ဖြစ်လာအောင် ဘာ တွေ မှားသွားခဲ့လည်း နှင့် အမေရိကန် ဒစ်ပလိုမေစီ နှင့် ကမ္ဘာအနှံ့ ဒီမိုကရေစီ အရေး အတွက် ဘာကို ညွှန်ပြလာခဲ့သနည်း၊ မည်သို့သော သင်ခန်းစာများ ရခဲ့သနည်း ဆိုသည့် မေးခွန်း မဖြစ်မနေ မေးရဖို့ ဖြစ်လာခဲ့သည်။
ကျွန်တော်၏ အတွေ့အကြုံမရ ဆိုလျှင် အောင်မြင်မှု၊ ကျရှုံးမှု များ ဆိုသည့် ဇာတ် ကြောင်း ကို အလွယ်တကူ ခင်းကျင်းမပြဖို့ သတိထားရမည်ဟု ပထမဦးဆုံး ပြောလိုပေသည်။ နိုင်ငံအားလုံးသည် သူ့အတိုင်းအတာ နှင့် အတွင်းတွင် ရှုပ်ထွေး နက်နဲမှု များ ရှိကြသည်သာ ဖြစ်သည်။ ကျွန်တော် ရှိနေစဉ် တွင် မြန်မာ တွင် နိုင်ငံရေး၊ လူမှု ရေး ကန့်သတ်ချက်များ ဖြေလျော့ပေးမှု များ ရှိခဲ့သော်လည်း အခြေခံ အုတ်မြစ်က အရာမယွင်းပဲ ကျန်နေဆဲပင် ဖြစ်သည်။
စစ်တပ်သည် ပြည်တွင်း လုံခြုံရေးကို ထိန်းချုပ်ထားပြီး စီးပွားရေးအားလည်း လက်ဝါးကြီး အုပ်ထားဆဲပင် ဖြစ်သည်။ အကျင့်ပျက် ခြစားမှုများ၊ တိုင်းရင်းသားများ နှင့် ဘာသာရေး အရ လူနည်းစု ဝင်များအပေါ် အကြမ်းဖက်မှုများက မြန်မာ့ လူ့အသိုက်အဝန်း နှင့် ယဉ်ကျေးမှု မျက်နှာစာတွင် အမြစ်တွယ်နေဆဲ ဖြစ်သည်။
လူမှုရေး နှင့် နိုင်ငံရေး အခြေအနေ အချို့ ပြောင်းလဲသွားခဲ့သော်လည်း စစ်တပ် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံသည် မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။
ရွေးကောက်ပွဲ ပြုလုပ်ခြင်း၊ လူမှုရေး အကန့်အသတ်များ ဖြေလျော့ပေးခြင်းများ ရှိသည် ဆိုသော်လည်း မြန်မာလို ဖွံ့ဖြိုးမှု အတော်နိမ့်ကျနေပြီး ဗျူရိုကရေစီ အုပ်ချုပ်ရေး ပိုင်းတွင် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေမှု၊ အရည်အသွေး မမီသော စီးပွားရေး အနေအထားများကို မူ ညတွင်းချင်း ပြင်ဆင်၍ မဖြစ်နိုင်ပေ။ ထိုအတူ မျိုးဆက်ပေါင်းများစွာ နိုင်ငံ အစွန် အဖျားရှိ တိုင်းရင်းသား လူနည်းစု များ နှင့် လူများစု ဗမာများ အကြား အပြန်အလှန် မယုံကြည်မှု များကလည်း တရစ်ပြီး တရစ် တိုးလာနေသည်။
မြန်မာသည် ၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှစ၍ အေးချမ်းစွာ နေထိုင်ခဲ့ရသည်ဟူ၍ မရှိဘဲ အမျိုးသားရေး လက္ခဏာ သွင်ပြင် အရ လည်း တစုတစည်းတည်း ရပ်တည်ပြနိုင်ခဲ့ခြင်း မရှိ ဖြစ်လာခဲ့သည်။
သို့သော်လည်း ၂၀၁၁-၂၀၂၁ ကာလများ တွင် တောက်ပသော အနာဂတ် ပေါ်ထွန်းလာမည့် အလားအလာ များ ထွက်ပေါ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီး တွင် အိုဘားမားသည် အမေရိကန် လွှတ်တော် အမတ် အချို့ နှင့် လူ့အခွင့်အရေး အဖွဲ့များ ကန့်ကွက်နေသည့် ကြားမှ စီးပွားရေး ဒဏ်ခတ်မှု များကို ဖယ်ရှားပေးခဲ့သည်။ အိုဘားမား အစိုးရ အဖွဲ့မှ အညှောင့်ထွက်စ ဒီမိုကရေစီ ရှင်သန်လာရန် နှင့် ဘေးပယောဂ များ၏ တိုက်ခိုက်မှု ကို ခံနိုင်ရည် ရှိအောင် လုပ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံသားများသည် "vote AND eat" ဖြစ်နေရမည် ဆိုသည့် မက်ဒလင်း အယ်ဘရိုက်၏ စကား အတိုင်း အကောင်အထည် ဖေါ်ပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် ခေါင်းဆောင်လုပ်သူများက လူထု၏ မျှော်လင့်ချက် ဖြစ်သည့် ထိုအချက် နှစ်ချက်ကို ဆက်၍ အကောင်အထည် ဖေါ်မပေးနိုင် ဖြစ်နေသည်။
ဘင်္ဂလားဒေ့ရှ်၊ ထိုင်း တို့တွင် ထိုသို့ အကောင်အထည် မဖေါ်နိုင်သည့် အစိုးရများ ဆင်းပေးခဲ့ကြရသည်။
မြန်မာ အနေအထားသည် ထိုသို့ အကောင်အထည် ဖေါ်နိုင်စွမ်း မရှိယုံမက အခြေအနေများ ဆိုးဆိုးဝါးဝါး ယုတ်လျော့ကျဆင်းလာနေသည်။ ထိုသို့ ဖြစ်ရခြင်း အတွက် အမေရိကန် ၏ မူဝါဒ အမှားကြောင့်ဟု ကောက်ချက်ချ၍ မရ၊ မည်သည့် နိုင်ငံကမျှ အခြား နိုင်ငံ တနိုင်ငံ သွားနေသည့် လမ်းကြောင်းကို ၎င်းတို့ ဖြစ်စေချင်သလို ထိန်းကျောင်းပေးရမည့် တာဝန် မရှိ၊ တကယ်တမ်း တာဝန်ရှိသူသည် နိုင်ငံကို လမ်းကြောင်း ပြောင်းအောင် လုပ်ခဲ့သည့် စစ်အုပ်ချုပ်ရေး အဖွဲ့သာ ဖြစ်သည်။
အမေရိကန်သည် မြန်မာ ၏ အညှောင့်ထွက်စ ဒီမိုကရေစီ အား ရှေ့လျောက် ပွင့်လန်းလာအောင် ကူညီ ခဲ့သည့် မဟာဗျူဟာ ချမှတ်လုပ်ဆောင် ပေးခဲ့သော်လည်း နောက်ကြောင်းပြန်ဆွဲလိုသည့် အင်အားစု များ ကြောင့် တဖြေးဖြေး နှင့် အခက်အခဲ တွေ့လာရသည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း တိုးတက်ရာ တိုးတက်ကြောင်း များ ရလာခဲ့သည့် လူငယ်များက အာဏာသိမ်းမှု ကို အပြင်းအထန် ဆန့်ကျင်လာသည်ကို ကြည့်မည်ဆိုက အမေရိကန်၏ မဟာဗျူဟာ အောင်မြင်မှု ရခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် စစ်တပ်သည် နိုင်ငံအနှံ ထိန်းချုပ် နိုင်စွမ်း မရှိ ဖြစ်လာ၍ ၎င်းတို့ အာဏာသိမ်းမှု ကြောင့် ပေးဆပ်လိုက်ရသည့် ပမာဏ ဒု နှင့် ဒေး ဖြစ်သွားခဲ့ရသည်။
နောက်ထပ် သင်ခန်းစာတခုကား မကောင်းသူများ နှင့် ၎င်းတို့၏ အရင်းအမြစ် များအား ရည်ရွယ်သည့် စီးပွားရေး ဒဏ်ခတ်မှု များနှင့် သာ ပစ်ထား၍မရ တိုးတက်မှု များ ဖြစ်လာနိုင်သည့် သံတမန်ရေးအရ ဦးဆောင်ဦးရွက် ပြုမှုများ၊ တက်ကြွ ခိုင်မာသည့် မူဝါဒ ရေးရာ ပိုင်း ချမှတ် ဆောင်ရွက်မှု များလည်း ပြုလုပ်ရန် လိုသည်ဟူ၍ ဖြစ်သည်။
#ဘာတွေလုပ်ဖို့လိုအပ်သနည်း
မြန်မာက ပေးသော သင်ခန်းစာအရ ဒီမိုကရေစီ၏ အနာဂတ် နှင့် ပတ်သက်၍ ကျေနပ် တင်းတိမ်နေ၍ မရသလို ဖြစ်ချင်တာဖြစ် ပစ်ထား၍ မရ ဆိုသည်ပင် ဖြစ်သည်။ အချို့က မြန်မာ၏ ပြုပြင် ပြောင်းလဲရေး စီမံကိန်းသည် ပျက်ယွင်းသွားခဲ့ခြင်း မရှိဟု ပြောနေသော်လည်း ရက်ရက်စက်စက် လမ်းကြောင်း လွဲသွားသည်ကတော့ အမှန်ပင် ဖြစ်သည်။
တချိန်တည်းမှာပင် အမေရိကန် အပါအဝင် တတိယ နိုင်ငံများမှ ၎င်းတို့၏ နိုင်ကွက် ကို အသုံးချပြီး ရုန်းကန် နေရသည့် မြန်မာကို အကူအညီ ပေးခဲ့ခြင်းကြောင့် အပြုသဘော ဆောင်သော ရိုက်ခတ်မှု များ ရှိခဲ့သည်ကို ကျွန်တော် အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
ယခုအခါ နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာ နှင့် ပတ်သက်၍ တီထွင်ကြံဆမှု၊ သတ္တိ၊ အရင်းအမြစ် နှင့် တိုးတက် သော အမြင်များ အသုံးချ ဖိအားပေးရန် ပျက်ကွက်ခဲ့ကြသည်။
အာဆီယံ၏ အချက် ငါးချက်၊ တရုတ်၏ ကိုယ်ကျိုးကြည့် ခြိမ်းခြောက် အကျပ်ကိုင် စွက်ဖက်လာမှုများ၊ အခြား နိုင်ငံကြီးများ၏ ကျဉ်းမြောင်းသော ဘူမိ နိုင်ငံရေး ဗျူဟာ များဖြင့် ထိတွေ့ ဆက်ဆံနေမှု အစရှိသည်တို့သည် ယခုလို မြန်မာ အတွက် လိုအပ်နေသော အချိန်တွင် အထောက်အပံ့ ဖြစ်မလာခဲ့ သေးပေ။
အမေရိကန် ပြည်ထောင်စုသည် ယခင် က ကဲ့သို့ပင် ၎င်း၏ ဦးဆောင်မှု အခန်းကဏ္ဍကို ပီပြင်စွာ ချမှတ်၍ နိုင်ငံတကာတွင် ရည်ရွယ်ချက်တူ နိုင်ငံများနှင့် အလွှာအဆင့်ဆင့် ညှိနှိုင်းချည်းကပ်ကာ ဆောင်ရွက်သင့်ပြီ ဖြစ်သည်။ သို့မှသာ မြန်မာတွင် ငြိမ်းချမ်း၊ တရားမျှတမှု ရှိသော ဒီမိုကရေစီ အနာဂတ် ပေါ်ထွန်းလာရန် ပုံဖေါ်ပေးရာ ကျမည် ဖြစ်သည်။
မကြာမီ နှစ်များ အတွင်း မြန်မာ အနေအထားသည် လွန်စွာ ရှုပ်ထွေးလာပြီး ဖြေရှင်းချက်တခု အလွယ်တကူ နှင့် အလျင်အမြန် ထွက်ပေါ် မလာနိုင်သေးသော်လည်း အာရှ နှင့် ပတ်သက်၍ လောင်းကြေး က များပြားလှသည်။
ကာလာကြာမြင့်စွာ ဒုက္ခသုက္ခ များ ခံစားနေရသောလည်း အာဂ သတ္တိနှင့် ပြည့်စုံသော မြန်မာ လူထု အတွက် ထိုက်တန်သည့် အခွင့် အရေးများ ရရှိသင့်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!