စစ်ကောင်စီ၏ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် အား အာရက္ခ တပ်တော်မှ သိမ်းယူ နိုင်လိုက်ပြီ ဆိုသော သတင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင် ပါရှိပြီး ရခိုင်ရိုးမ အနောက်ဖက်ခြမ်း တခုလုံးအား မကြာမီ လက်လွှတ်ရတော့မည် ဟု သုံးသပ်လာကြသည်။
အဆိုပါ စစ်မီးသည် နိုင်ငံ၏ တောင်ဖက်ခြမ်းသို့ ပါ ကူးစက်လာတော့မည်ဟု စိုးရိမ်မကင်း မှု များ ထွက်ပေါ်လာနေသည်။
ထိုင်းသည်လည်း လူပေါင်း လေးသန့်ခန့် အိုးအိမ်မဲ့ ဖြစ်လာသည် အထိ တဖြေးဖြေး ကြီးထွားလာနေသော မြန်မာ အကျပ်အတည်းအား ဖြေရှင်းရန် ပေးဆပ်ရမည့် တန်ဖိုးကြီးပြီး မရေရာ မသေချာ လှသည့် အစီအစဉ်များနှင့် ဦးဆောင်ဦးရွက် ပြုလာသည်ဟု နစ်ကီ အေးရှား ရီဗြူး မှ ရေးသားထားသည်ကို ကောက်နှုတ် တင်ပြသွားမည် ဖြစ်သည်။
ထိုင်းသည် နှစ်လမ်းသွား ဆွေးနွေးပွဲ များ ပြုလုပ်ရန် ပတ်ဝန်းကျင် နိုင်ငံများ ကို ဖိတ်ခေါ်လာခဲ့သည်။ ပထမဆုံး စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး အား တက်ရောက်ခွင့် ပြုသည့် လာအို၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်သည့် ဆွေးနွေးပွဲ၊ ဒုတိယ အသုတ် အဖြစ် စစ်ကောင်စီ မပါသည့် စိတ်ဝင်စားမှု ရှိသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ နှင့် ဆွေးနွေးပွဲများကို လာအိုမှအလွတ်သဘော ပုံစံ ဖြင့် ပြုလုပ်လာခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ ၏ ၂၀၂၅ ရွေးကောက်ပွဲ မတိုင်မီ ပြန်လည် ဆက်သွယ်ရန် ထိုင်းသည် စိတ်အား ထက်သန်လာသည်ကို ပြဆိုနေသည်။
အာဆီယံ နိုင်ငံများထဲတွင် ပင်လယ်နှင့် ထိစပ်နေသော တဝက်ကျော်ကျော် က ကုလ၊ အနောက်နိုင်ငံများ၊ လူ့အခွင့် အရေး အဖွဲ့များက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချနေသည့် စစ်ကောင်စီ နှင့် ထိတွေ့ ဆက်ဆံရမည့် အရေးကို လိုလိုလားလား မရှိကြပေ။ အချို့က ၎င်းတို့၏ အချက် ငါးချက် သဘောတူညီထားမှု အပေါ် "မောင်ပိုင်စီးလာသည်" ဟု တိုးတိုးတိတ်တိတ် စွပ်စွဲလာကြသည်။ အချို့ကလည်း စစ်ကောင်စီ ၏ အဆင့်မြင့် ကိုယ်စားလှယ်များ အား ဘေးဖယ်ထားမှု တော်လောက်ပြီ ဟု ယူဆလာသည်။ ထိုသို့ ဘာမဟုတ်သည့် ကိစ္စကို အရေးထားနေမှုကြောင့် မြန်မာ အရေး ရှေ့မတိုးနိုင်ဖြစ်နေရသည်ဟု စိတ်ပျက်လာကြသည်။
အနောက်တိုင်း သံတမန် တဦးကမူ ထိုင်းသည် bamboo diplomacy ဖြစ်သည့် လေတိုက်သည့်ဖက် ယိမ်း သည့် သံခင်းတမန်ခင်း မျိုး ဖြစ်သည်ဟု ပြောသည်။ ထိုင်းသည် အခြားအာဆီယံ နိုင်ငံများ အား စော်ကားသလို ဖြစ်မည်စိုး၍ ဒုတိယနေ့ အစည်းအဝေးသို့ သန်းဆွေ အား တက်ခွင့်မပေးတော့ဘဲ ပြန်လွှတ်ခဲ့သည်။
ထိုင်းသည် ယခုလို ရဲတင်းလာခြင်းသည် လက်ရှိ ဝန်ကြီးချုပ်၏ ဖခင် ဖြစ်သူ သာစင် ရှင်ဝါထရာ ၏ နောက်ကွယ် မှ ခြေရာလက်ရာ များ ပါဝင်နေသည်ဟု ယူဆစရာ ဖြစ်လာသည်။ သာစင်သည် မင်းအောင်လှိုင် နှင့် ရင်းနှီးမှု၊ ဒေသတွင်း အဆက်အသွယ်များဖြင့် ဇယ်ဆက်သလို လှုပ်ရှားလာခြင်း ဖြစ်သည်။ ၎င်းအား အာဆီယံ ဥက္ကဌ ဖြစ်လာမည့် မလေးရှား ဝန်ကြီးချုပ် အန်နဝါသည် အစိုးရ အကြံပေး အဖြစ် တနှစ်ကာလ အလွတ်သဘော ပုံစံ ဖြင့် ခန့်အပ်လာသည်။ (ယင်းသည် မြန်မာအရေး အပေါ် သာစင်၏ အရိပ် လွှမ်းမိုးလာမည့် လက္ခဏာလည်း ဖြစ်လာသည်)
အနောက်တိုင်း သံတမန်များနှင့် လူမှု အဖွဲ့အစည်းများက တော်လှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ် တဦးတလေမျှ ဖိတ်ကြားခဲ့ခြင်း မရှိသည်ကို စိတ်ပျက်လက်ပျက် ပြောဆို ဝေဖန်လာကြသည်။ ၎င်းတို့က ထိုင်းသည် ရွေးကောက်ပွဲ မတိုင်မီ စစ်ကောင်စီ အား အသိအမှတ် ပြုနိုင်ရန် ရည်ရွယ်လာခြင်း ဖြစ်သည်မှာ ထင်ရှားသည်ဟု ထောက်ပြလာကြသည်။ ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲ အားလည်း အမေရိကန် အပါအဝင် အနောက်တိုင်း သံတမန် အချို့က လိမ်ညာလှည့်စားမှု သက်သက် ဖြစ်သည်ဟု တံဆိပ်ခပ်ထားပြီး ဖြစ်သည်။
ဘန်ကောက်ရှိ အာဆီယံ နိုင်ငံ တနိုင်ငံ၏ သံတမန် တဦး ကမူ အာဆီယံ ညီညွတ်ရေးကို ယစ်ပူဇော်ပြီး အပယ်ခံ နိုင်ငံ တနိုင်ငံကို ပြန်၍ ထွေးပွေ့ သင့်သလော ဆိုသည့် အမေးကို ဖြေရ တော့မည် ဖြစ်သည်ဟု ဆိုသည်။
ထိုင်း၏ ရည်ရွယ်ချက်ထဲတွင် နိုင်ငံတွင်း စစ်တပ်သည် တဖြေးဖြေး အရေးနိမ့်လာနေမှု နှင့် အတူ လုံခြုံရေး အခြေအနေများ တနေ့တခြား ဆိုးရွားလာနေမှု အပေါ် အထိတ်တလန့် ဖြစ်လာခြင်း လည်း ပါဝင်နေသည်။ လေ့လာသူ များကမူ နိုင်ငံ၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဟု သုံးသပ်နေကြသည်။
ထိုင်းသည် အိမ်မက်ဆိုးကြီး ၎င်းတို့ တံခါးဝ သို့ ရောက်ရှိလာပြီဟု ယူဆလာနေပြီ ဖြစ်သည်။ အာဆီယံ၏ အချက် ငါးချက် သည် နွံထဲ ရောက်နေပြီ ဆိုသည်ကို သိနားလည် နေကြပြီ ဖြစ်၍ တခုခု လုပ်မှ ဖြစ်တော့မည် ဆိုက ထလုပ်လာခြင်း ဖြစ်သည်။
ထိုင်း၏ တခုခု လုပ်မှ ဖြစ် တော့မည် ဆိုသည့် အနေအထားကိုလည်း နားလည်ထားကြသည်။
တော်လှန်ရေး အင်အားစု များကလည်း စစ်တပ် သည် နိုင်ငံရေး နယ်ပယ်မှ ထွက်ခွာမည်ဟု ကတိကဝတ် မပြုမချင်း မဆွေးနွေး ဟူသော မူကို ဆုပ်ကိုင်ထားသည်။
ထိုင်းသည် မြန်မာ စစ်တပ် နှင့်လည်း ခေါင်းခဲစရာ ဖြစ်လာသည်။ မကြာမီက ထိုင်း ငါးဖမ်းသင်္ဘောများကို သိမ်းယူသွားမှု သည် ၎င်းတို့ ရင်ဆိုင်နေရသော တော်လှန်ရေး အား နှိမ်နှင်းနိုင်ဖို့ ထိုင်း နှင့် ရင်ဆိုင်ရလည်း အသင့် ဖြစ် နေကြောင်း ပြဆို လိုက်ခြင်း လည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!