တရုတ် ဖိအားကို ကြံ့ကြံ့ ခံ နိုင်ခဲ့သော ကချင် တော်လှန်ရေး

by Hla Soewai - Dec 26 2024

ကချင် လွတ်လပ်ရေး တပ် သည် တရုတ်၏ ဖိအား ကို ကြံ့ကြံ့ခံခဲ့ပြီး ဗန်းမော် သာမက ပူတာအို တွင် ပါ နောက်ထပ် စစ်မျက်နှာ တခု ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄:၃၀ တွင် ခေါင်လန်ဖူး မြို့နယ် အတွင်း ရှိ စစ်ကောင်စီ၏ လာဟီဆီဗန် ရွာ အနီးရှိ အထိုင်စခန်းကို အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။

 

တရုတ် နယ်စပ်ရှိ လွန်စွာ အရေးပါသော စခန်း တခုလည်း ဖြစ်သည်။ 

 

တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီဝင် ဖြစ်သူ ဝူဂန်း သည် ကေအိုင်အို ဥက္ကဌ အင်ဘန် လ ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တို့အား လက်ရှိ အနေအထား အတိုင်း ထပ်မံ ထိုးစစ် ဆင်ခြင်း မလုပ်ဘဲ၊ ရွေးကောက်ပွဲ ပြီးလျင် စေ့စပ် ဆွေးနွေးရန် ဖိအား ပေးလာခဲ့သည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

ထိုသို့ ပြောဆိုသည်ကို လက်မခံဘဲ ပူတာအို စစ်မျက်နှာကို ထပ်မံ ဖွင့်လှစ် တိုက်ခိုက်လာခြင်းပင် ဖြစ်သည်။

 

ယင်းသည် MNDAA, နှင့် TNLA တို့အား နမူနာ ပြလိုက်ခြင်းလည်း ဖြစ်သည်ဟု ယူဆရပေသည်။

 

ကချင် လွတ်လပ်ရေး အစည်းအရုံးသည် ယခုအခါ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးစု ရေးရာ ကိစ္စများကို တရုတ် အစိုးရ နှင့် တိုက်ရိုက် ဆွေးနွေး နိုင်ခဲ့ပြီ ဖြစ်သည်။ အထူး သံတမန် နှင့် မဟုတ်တော့ဘဲ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အဆင့် ရှိသူ ကိုယ်တိုင် ဆွေးနွေးလာရခြင်းသည် ကေအိုင်အေ အား နိုင်ငံရေး ဆွေးနွေးဖက် အဖြစ် တရားဝင် အသိအမှတ် ပြုလာသည့် သ‌ဘောပင် ဖြစ်သည်ဟု မြန်မာနောင်းမှ လုံခြုံရေး ရာ ပေါ်လစီ လေ့လာသုံးသပ်သူများအား ကိုးကားပြီး ဖေါ်ပြခဲ့သည်။

 

လက်ရှိတွင် နယ်ခြား ဂိတ်များအား ပြန်ဖွင့်ပေးထားသော်လည်း ကုန်စည် နှင့် လူများ အကူးအသန်း မရှိသေးဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက ဆိုသည်။

 

လက်ရှိတွင် ဗန်းမော် အား နှစ်ပတ်ကြာ တိုက်ခိုက်အပြီး တွင် မြို့၏ သုံးပုံ နှစ်ပုံ ကို သိမ်းယူထားပြီး ဖြစ်သည်ဟု သိရသည်။ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၂၁) နှင့် ခလရ ၄၇ တို့အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ ဖက်မှ လေကြောင်း မှ ဗုံးကြဲ ခုခံလျက် ရှိရာ အကြိမ်ပေါင်း ရာချီ နေပြီဟု ဒေသခံ များက ဆိုသည်။

 

ယခင်က ကေအိုင်အေ အား ရွှေလက်ဖြင့် ခေါ်၍ မလာက ဘူးလက် (ကျည်ဆံ) ဖြင့် ခေါ်မည်ဟု ပြောခဲ့၍ ဘူးလက် ဟု အမည်တွင်ခဲ့သော နေပြည်တော် ကြံဖွတ် ဥက္ကဌ လှဆွေ မှ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးလိုက နိုင်ငံရေး ပါတီများအားလုံး တွေဝေနေ၍ မရတော့ပဲ စစ်တပ်ဖက်က ရပ်တည်ရမည်ဟု ပြောဆိုလာခဲ့သည်။

 

 ကြံ့ဖွတ် နှင့် အမျိုးသား အကျိုးစီးပွားနှင့် ဖွံ့ဖြိုး‌ ရေး ပါတီများမှ ၎င်းတို့ ပါတီဝင်များအား ရွေးကောက်ပွဲ ကာလ အတွင်း လက်နက် ကိုင်ဆောင်ခွင့် ရရန် မှတ်ပုံတင်ထားပြီး ဖြစ်သည်။ လူထု အား သေနတ်ပြ၍ မဲရုံများထဲ မောင်းသွင်းရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။ 

 

စစ်တပ်ဖက်မှ လက်နက်ကိုင် လေ့ကျင့်ထားပြီး ဖြစ်သော ပျုစောထီး ၁၀,၀၀၀ ခန့်အား လုံခြုံရေး အတွက် အသုံးချရန် စီစဉ်ထားပြီး ဖြစ်သည်။ မဲရုံ တရုံအားလည်း လုံခြုံရေး ဆိုကာ စည်းသုံးစီး ချပြီး ဝန်းရံထားမည်ဟု ဆိုသည်။

 

ရခိုင် စစ်မျက်နှာတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် မီးဟုန်းဟုန်း တောက် လောင်လျက် ရှိသည်ကို ဝေဟင် မှ ရိုက်ကူး ထားသော ဓါတ်ပုံများ တွင် တွေ့ရသည်ဟု ဧရာဝတီက ရေးသားထားသည်။

 

အာရက္ခ တပ်တော်မှလည်း ၎င်းတို့အား လာရောက် ကယ်ထုတ်လိမ့်မည်ဟု မျှော်လင့်ချက် ဖြင့် ဆက်လက်ခုခံနေသည့် မင်းအောင်လှိုင် သစ္စာခံ တပ်များအား မိသားစု နှင့် ပြန်လည် တွေ့ဆုံခွင့် ရအောင် လက်နက်ချ ကြရန် တိုက်တွန်းလာခဲ့သည်။

 

လက်ရှိ အနေအထားတွင် နပခ အား အာရက္ခ တပ်တော်မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်ဟု ယူဆရပြီး တရားဝင် ကြေညာချက် ထုတ်ပြန်ဖို့သာ ရှိတော့သည်ဟု သိရသည်။

 

ကရင် အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်များကလည်း ၁၉၉၅ တွင် လက်လွှတ်ခဲ့ရသော မာနယ်ပလော စခန်းကို ပြန်လည် သိမ်းယူ နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

 

မင်းအောင်လှိုင်သည် မောင်မောင်အေး နှင့် တင်အောင်စန်း တို့ အား လက်ရှိရာထူး များမှ ဖယ်ရှားလိုက်ပြီး မောင်မောင်အေး နေရာတွင် ကျော်စွာလင်းအား ခန့်အပ်လိုက်သည်ဟု သိရသည်။

 

မင်း‌ အောင် လှိုင်သည် လူသစ်များ ဖြင့် အစားထိုးလိုက်ခြင်းဖြင့် အခြေ အနေများ ဦးမော့လာတော့မည်ဟု လုပ်နေကျ သကြားကျွေးခြင်းမျိုး ထက် မပိုပေ။

 

အီကော်နော်မစ် မဂ္ဂဇင်းကြီး၏ တင်ဆက်နေကျ ရှေ့လာမည့် နှစ် အတွက် ကြိုတင် ခန့်မှန်းချက်များထဲတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ပြုကျနိုင်မည်လား ဟု ပါရှိလာခဲ့သည်။

 

၂၀၂၄ နှစ် ဆန်းပိုင်းမှစ၍ စစ်မြေပြင် တွင် ဆက်တိုက် ဆိုသလို အကြီးအကျယ် အရေးနိမ့်လာခဲ့ရာမှ တော်လှန်ရေး တပ်ပေါင်းစုသည် စစ်အရာရှိများ လေ့ကျင့် သင်ကြားပေးရာ ပြင်ဦးလွင် မြို့ တံခါးဝ သို့ ‌ပင် ရောက်ရှိလာပြီဟု ဆိုသည်။

 

အဓိက အောင်ပွဲခံခဲ့သူများသည် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပင် ဖြစ်သည်။ တရုတ်သည်လည်း ၎င်းတို့အပေါ် ယခင်ကလို ဩဇာ မညောင်းနိုင်တော့၍ စစ်တပ်ကို ပြောင်း၍ ထောက်ခံလာရသည်။

 

၎င်းတို့ ထောက်ခံမှု ပေးလာသော စစ်တပ်သည်လည်း ယခင်ကလို စည်းလုံးညီညွတ်မှု ဖြင့် တောင့်ခံ မထားနိုင်တော့ဘဲ ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်း များအပေါ် အားပြုလာနေရသည်။

 

စစ်တပ် ပြိုလဲသွားနိုင်သည့် အနေအထားသည် ၁၉၄၉ နောက်ပိုင်း တွင် ပထမဆုံးအကြိမ် အဖြစ် မဖြစ်နိုင်ဟု ပြော၍ မရသည့် အနေအထား ရောက်လာခဲ့ပြီဟု ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!