ဘီဂျင်း မှ ကမကထ ပြု ခေါ်ယူ တွေ့ဆုံ ပေးခဲ့သည့် MNDAA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည် ဒုတိယ နေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ အတည်မပြု နိုင်သေးသော သတင်းများအရ စစ်ကောင်စီ ဖက်မှ အဖမ်းခံရထားရသော ဗိုလ်ချုပ်များ နှင့် လားရှိုးကို ပြန်ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။
တရုတ်၏ မျက်နှာဖုံးသည်လည်း ကွာကျသွားခဲ့ရပြီဟု အစချီကာ ဧရာဝတီ တွင် ဆောင်းပါးရှင် ဘာဆူး ရှားမားက ယခုလို ရေးသားခဲ့သည်။
တရုတ်သည် မြန်မာ မြေပေါ်တွင် စစ်ရေး အရ ပြောင်ပြောင်ပြောင်တင်းတင်း ဝင်ရောက် ဖျက်ဆီးခြင်းမျိုး မဟုတ်ဘဲ စီးပွားရေး အရ ကိုလိုနီ ပြုရန် နှင့် မဟာဗျူဟာအရ ၎င်းတို့ အလိုကျ ကြိုးဆွဲ နိုင်ရန် စနစ်တကျ နှင့် ခပ်ကြမ်းကြမ်း စီမံလာသည့် အဖြစ်ကို ထင်ရှားစွာ တွေ့မြင်လာရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း တရုတသည် သံခင်းတမန်ခင်း ဆက်ဆံယုံမျှ မဟုတ် တော့ဘဲ သရဲမရဲ စီးလာနေသည့် အဖြစ်အား မျက်မြင်ကိုယ်တွေ့ သိရှိလာခဲ့ကြပြီ ဖြစ်သည်။
မကြာမီက လုပ်ရပ်များသည် မြန်မာ၏ နယ်မြေ တည်တံ့ ပိုင်ခွင့် နှင့် တိုင်းရင်းသား လူမျိုး များ၏ လူမှု ကောင်းကျိုး ချမ်းသာ ရေးထက် သယံဇာတ အရင်းအမြစ်များ ထုတ်ယူရေး၊ ၎င်းတို့ အတွက် မဟာဗျူဟာအရ အမြတ်ထွက်ရေး များကို သေချာ ကျနစွာ တွက်ချက်လုပ်ဆောင်လာသည်ကို တွေ့လာရသည်။
တရုတ် နိုင်ငံခြား ရေး ဝန်ကြီး ဝမ်ယီ၏ ဩဂုတ်လ အတွင်း နေပြည်တော်သို့ ရောက်လာခြင်းသည် လူထု ထံမှ အာဏာကို တရားမဝင် လုယူ ထားသည့် စစ်ဗိုလ်ချုပ်များကို ပြတ်ပြတ်သားသား အသိအမှတ် ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
ဘီဂျင်း၏ မဟာဗျူဟာသည် အဆင့်ပေါင်းစုံ ခံထားပြီး ထိထိမိမိ နှင့် တိကျလှသည်။ KIA, MNDAA, TNLA, AA လက်နက်ကိုင် အဖွဲ့များအား သံတမန်ရေး နှင့် စီးပွားရေး လက်နက်များ ထုတ်သုံးပြီး ခြိမ်းခြောက် ဖိအားပေးလာခဲ့သည်။ အထူး သံတမန် တိန်ရင်ချွန်းသည် ၎င်းတို့အား အမျိုးသားညီညွတ်ရေး အစိုးရ အား အဆက်အဆံ မလုပ်ရန် နှင့် ထိုးစစ်များ ဆက်၍ မဆင်နွှဲရန် အထိ ပြောလာခဲ့သည်။
တိုင်းရင်းသား အဖွဲ့များ၏ လည်မြိုကို ညှစ်ထားနိုင်ရဖို့ ထောက်ပို့ လမ်းကြောင်းများ ပြတ်တောက်သွားစေရန် နယ်ခြားကို ပိတ်ဆို့ လိုက်ခြင်းသည် အထင်ရှားဆုံး သက်သေပင် ဖြစ်သည်။ ဤသည်က သံတမန် လမ်းကြောင်း ဖြင့် သွားခြင်းမျိုး မဟုတ်ဘဲ တော်လှန်ရေး ကို ချေဖျက် ပစ်ပြီး ၎င်းတို့ အလိုကျ ကပြ အသုံးတော် ခံမည့် ရုပ်သေး အစိုးရမျိုး ရှိနေစေရန် စီးပွားရေး ပိုင်းဖြင့် စစ်ပွဲ ဆင်နွှဲလာခြင်းပင် ဖြစ်သည်။
ထိုသို့ ခေတ်သစ် ကိုလိုနီ ဝါဒ ကျင့်သုံးလာသည့် အဓိက အကြောင်းရင်းသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး ပေါ်ထွက်လာစေရန် အတွက်ပင် ဖြစ်သည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းများသည်လည်း ၎င်းတို့ အတွက် အရေးပါသည့် အရင်းအမြစ်များ ရရှိနေစေရန် အတွက် ဖြစ်သည်။
ယခုအခါ ပူးတွဲ လုံခြုံရေး ကုမ္ပဏီဟု အဆိုပြုလာခြင်းသည်လည်း ၎င်းတို့၏ စီးပွားရေး ရင်းနှီးမြုပ်နှံမှု များ ကာကွယ်ရန် အကြောင်းပြကာ လက်ရှိ အနေအထား အတိုင်း ရှိနေဖို့ စစ်ရေး အရ တိုက်ရိုက် စွက်ဖက် နိုင်ရန် လှုပ်ရှားလာခြင်း ဖြစ်သည်။
အထူးသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိုဝင်ဘာလ ကူမင်း ခရီးစဉ်တွင် ပို၍ ထင်ရှားလာခဲ့သည်။ တရုတ် ဝန်ကြီးချုပ် လီချန်း နှင့် တွေ့ဆုံခဲ့စဉ် အတွင်း စင်္ကြန်လမ်းမကြီး တည်ဆောက်နိုင်ရေး ကတိကဝတ်များ ပေးခဲ့သလို တရုတ်ကလည်း ၎င်းတို့ ဆက်လက် ချုပ်ကိုင်နိုင်ရေး ဆိုသည့် နက်ရှိုင်းသော ရည်မှန်းချက်များ အကောင်အထည် ပေါ်လာမည့် အရေမရ အဖတ်မရ ရွေးကောက်ပွဲ ဆိုသည်ကိုလည်း ထောက်ခံမည်ဟု အပြန်အလှန် ကတိများ ပေးလာခဲ့သည်။
တရုတ် ထုတ်သုံးလာသော မဟာဗျူဟာ သည် မြန်မာ၏ ပြည်တွင်းရေး ဆက်၍ မတည်မငြိမ် ဖြစ်လာမည့် အရေးကို ပြောင်ပြောင်တင်းတင်း လျစ်လျူ ရှုလာခြင်းကပင် တုန်လှုပ်စရာ ကောင်းနေသည်။ စစ်တပ်အား ဒရုန်းများ၊ ဒရုန်းဖျက် ဂျမ်မာများ ထောက်ပံ့လာခြင်း က ပင် စစ်ပွဲ သက်ဆိုးရှည်အောင် ကြံဆောင်လာခြင်း ဖြစ်သည်။ ဤသည်ကို ကြည့်က နိုင်ငံ ငြိမ်းချမ်း ဖွံ့ဖြိုးလာဖို့ မဟုတ်သည်က သေချာနေပေသည်။ နိုင်ငံအား ၎င်းတို့ ဆက်၍ ထိန်းချုပ်သွားနိုင်ဖို့ ကသောင်းကနင်း အနေအထား တွင် ဆက်ရှိနေပြီး လိုအပ်နေသည့် အရင်းအမြစ်များ ဆက်၍ ထုတ်ယူ သွားနိုင်မည့် မဟာဗျူဟာ မြောက် အကွက်အကွင်း ချလာခြင်းပင် မဟုတ်ပါလော။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသည် သူငယ်နှပ်စားများ မဟုတ်ကြ၊ ယခင်ကလို ကြားနေ ဖြန်ဖြေ ပေးမည့် အနေအထားမျိုး မဟုတ်တော့ဘဲ ၎င်းတို့အား ထားရာနေ စေရာသွား လက်အောက်ခံ ဘဝ ရောက်အောင် အရေးတကြီး လုပ်လာနေသည်ကို ကောင်းစွာ သိမြင်လာကြပြီ ဖြစ်သည်။ ထို့အတွက် လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့သည် တရုတ်၏ တောင်းဆိုချက်များကို အာခံလာခြင်းပင် ဖြစ်သည်။
တရုတ်ကောင်စစ်ဝန် ရုံးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့မှုကပင် တိုင်းရင်းသား လူမျိုး များ အကြား တရုတ် ဆန့်ကျင်ရေး သဘောထားများ ကြီးထွားလာနေခြင်းကို ပြဆိုနေပေသည်။
တရုတ် အကျိုးစီးပွားများ လုံခြုံမှု မရှိတော့သည်မှာလည်း သိသိသာသာ ဖြစ်လာနေသည်။ ရှမ်း နှင့် ရခိုင်ပြည်နယ် ရှိ တရုတ် စီမံကိန်းများ ဒုက္ခ တွေ့နေရပြီ ဖြစ်သည်။
တရုတ်ဖက် က စိုးရိမ်မကင်း ဖြစ်နေမှု သည်လည်း ဖုံးမရ ဖိမရ ဖြစ်လာသည်။ စစ်ကောင်စီ ပြိုလဲသွားပါက ၎င်းတို့ စီမံကိန်းများ၊ အကြံအစည်များ အမြဲလို ခြိမ်းခြောက်ခံရတော့မည် ဖြစ်သည်။ ၎င်းတို့ အတွက် အသက်တမျှ အရေးပါလှသည့် ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းသည်လည်း ဖေါက်ခွဲ ဖျက်ဆီးခံရနိုင်သည့် အခြေအနေ မျိုး နှင့် ကြုံနေရပြီ ဖြစ်သည်။
ယင်းနှင့် အတူ တရုတ်၏ "ပြည်တွင်းရေး ဝင်မစွက်" ဆိုသော မူဝါဒသည်လည်း လှုပ်ခါလာခဲ့သည်၊ တရုတ်မှ အမျိုးသား ညီညွတ်ရေး အစိုးရသည် အနောက်တိုင်း၏ ဩဇာလွှမ်းမိုးခံနေရသည်ဟု စွပ်စွဲ နေသော်လည်း တကယ်တမ်းတွင် ၎င်းတို့၏ လုပ်ရပ်များက သာ နိုင်ငံ ပြည်တွင်းရေးတွင် အလွန် အကျွံ ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်သည်။
နေရာအနှံ့ လူ့အခွင့်အရေး များ ချိုးဖောက်နေသော အာဏာသိမ်း အဖွဲ့ကို တက်တက်ကြွကြွ ထောက်ခံ နေခြင်းကပင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အပေါ် ၎င်းတို့ မည်သို့ သဘောထားသည် ဆိုသည့် ကြောင်သူတော် ဆန်လှသော ရပ်တည်ချက်အား ဘွင်းဘွင်းကြီး လှစ်ဟပြလိုက် ခြင်းပင် ဖြစ်သည်။
တိုင်းရင်းသား များ အားလုံး အဖို့လည်း ထိခိုက် ကြေကွဲဖွယ် သိမြင်လာခဲ့ရကြရ သည်။ ဘီဂျင်းသည် မြန်မာအား တည်ငြိမ် ဖွံ့ဖြိုးတိုးတက်လာအောင် ကြံဆောင်ပေးခြင်း မရှိဘဲ ၎င်းတို့ အလွယ်တကူ ကြိုးဆွဲရာ ကမည့် ချိနဲ့သော နိုင်ငံ အဖြစ်သာ ရှိနေစေချင်သည်။ နိုင်ငံ၏ သယံဇာတများကို ခေါင်းပုံဖြတ်ပြီး မဟာဗျူဟာ အကွက်အကွင်းကျမှု ကို ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း အသုံးချ ချင်ကြသည်။
ပူးတွဲ လုံခြုံရေး ကုမ္ပဏီ သည်လည်း နိုင်ငံ တွင်း နယ်မြေ များကို တိုက်ရိုက် ထိန်းချုပ်ထားနိုင်ရန် အကြောင်းပြလာခြင်းပင် ဖြစ်သည်။
တော်လှန်ရေး ပြင်းထန်လာမှု နှင့် အတူ နိုင်ငံတကာ၏ စောင့်ကြည့် စီစစ်မှု များ ပို၍ ရှိလာမည် ဆိုက တရုတ်၏ အတွက်အချက်များ ပျက်ပြားသွားဖို့ ရှိနေသည်။
အဆိုပါ အန္တရာယ်ကြီး ရှိလာနေသည်ကို တိုင်းရင်းသားများ ညီညွတ်စွာ ကျောချင်းကပ် ရင်ဆိုင်ကြရမည် ဖြစ်သည်။ နယ်ခြားဂိတ်များ ပိတ်ထားခြင်း၊ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခြင်း၊ တရုတ်၏ ဩဇာပေးလာမှု ကို ငြင်းဆန်ခြင်း အစရှိသည် တို့သည် ၎င်းတို့၏ နယ်ချဲ့လိုသည့် ရည်မှန်းချက် ကို လူသား တို့၏ ပြင်းထန်သော အားမာန် ဖြင့် တွန်းထိုး ရုန်းကန်လာမှု ၏ ပြယုဒ်ကြီးပင် ဖြစ်သည်။
မြန်မာသည် အရေးပါသော လမ်းဆုံလမ်းခွ တွင် ရောက်နေပြီ ဖြစ်သည်။ လက်ရှိ တိုက်ပွဲသည် စစ်အာဏာသိမ်း အဖွဲ့ကိုသာ မဟုတ်တော့ဘဲ နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ သဘာဝ သယံဇာတများ နှင့် လူမျိုး ရေး အစရှိသည် တို့ကို ဝါးမြိုရန် စီးပွားရေး ဖြင့် ကိုလိုနီ ဇာတ်သွင်းလာမှု ကို ပါ တိုက်ဖျက်ရန် ဆင်နွှဲ နေခြင်းပင် ဖြစ်ပေတော့သည်။
ပြည်သူတို့ ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(ဧရာဝတီ သတင်းစဉ်ပါ လုံခြုံရေး နှင့် စီးပွားရေး သုတေသီ တဦး ဖြစ်သည့် Vaishali Basu Sharma ၏ "China’s Calculated Brutality and Destruction of Myanmar’s Ethnic Trust" ကို ပြန်လည် တင်ပြသည်။