မင်းအောင်လှိုင် သည် ဗိုလ်သန်းရွှေ ကဲ့သို့ အသက်ရှည်ရှည် နေခွင့်ရမည် ဆိုလျင် ၎င်း လို ပုံစံ မျိုး ဖြင့် ချမ်းချမ်းသာသာ နေထိုင်သွား နိုင်ရေး အတွက် အာဏာကို တဦးတည်း မောင်ပိုင်စီးကာ နိုင်ငံတော် အကြီးအကဲများ ကို လက်နက် အားကိုး ဖြင့် ဖမ်းဆီး အုပ်ချုပ်ခဲ့သူ ဖြစ်သည်။
ထင်သလို ဖြစ်မလာသည့် အခါ ၎င်း၏ ဆန္ဒ ပြည့် ဝ ရန် အောက်လက် ငယ်သား တို့၏ အသက်ပေါင်းများစွာ ကို ချ နင်းခဲ့ရပြီး ဖြစ်သည်။ ဤသည်ကို ကြည့်ပြီး ရွေးကောက်ပွဲ တွင် မသမာမှု များ ရှိခဲ့၍ အာဏာသိမ်းရပါသည် ဆိုသော အကြောင်းပြချက် သည် ထိုက်တန်ပါ၏လော ဆိုသည်ကို မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။
ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို အမုန်းကြီး မုန်းခဲ့သူများသာ စစ်တပ်၏ လုပ်ရပ်ကို ကြိတ်မှိတ် ထောက်ခံနေကြသည်၊ သို့သော် ပြဿနာကား ထိုသို့ ထောက်ခံနေသူများ သည် စစ်မြေပြင်များတွင် ရှိမနေကြခြင်းပင် ဖြစ်သည်။
စစ်မြေပြင်တွင် တကယ်တမ်း ရှိနေသူများ က မင်းအောင်လှိုင် မိသားစု အတွက် အသက်ပေး တိုက်ခိုက်ပေးသွားဖို့ စိတ်ပါလက်ပါ မရှိကြတော့။ ဤသည်ကိုရိပ်စားမိသော မင်းအောင်လှိုင်သည် စစ်တပ်အပြင် ထွက်၍ ကြံ့ဖွတ် ပါတီ တွင်းရှိ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ နိုင်ငံရေး အရ ထောက်ခံ မှု ရယူထားရန် ကြိုးစားလာသည်ဟု East Asia Forum တွင် သုံးသပ်ထားသည်။
မိမိ အမြင်အရ ဆိုလျင် မင်းအောင်လှိုင်သည် စစ်တပ်ကို လက်လွှဲပြီး သမ္မတ တက်လုပ်ရန် စိတ်မချသော်လည်း အမြဲတမ်း ယခုလို နေသွား၍ မဖြစ်၊ ၎င်း လို မိုက်ရူးရဲ မလုပ်တတ်၊ တွန့်ဆုပ် တွန့်ဆုပ်ရှိသူ တယောက်အား ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားမည်၊ ၎င်းသည် ရွေးကောက်ပွဲ ဖြင့် သမ္မတ ဖြစ်လာသူ ဖြစ်၍ ၎င်း၏ အမှားကို ကြည့်ပြီး စစ်တပ်ထဲမှ သူ့ကို ဖြုတ်ချရဲသူ ရှိတော့မည်မဟုတ်၊ တရုတ်ကိုလည်း လိုချင်သမျှ ပေးထားမည် ဆိုက ၎င်းအား အပြည့်အဝ ထောက်ခံမည် ဖြစ်၍ မည်သူမျှ လက်ဖျား နှင့် ပင် တို ရဲမည် မဟုတ်ဟု တွက်ဆထားပြီး ဖြစ်သည်။ တရုတ်၏ ထောက်ခံမှု ရလာ၍ ရွေးကောက်ပွဲ လုပ်ရန် ပို၍ ရဲတင်းလာသည်။
စစ်တပ်သည် ဆက်တိုက်ဆို သလို အရှုံးများ နှင့် ရင်ဆိုင်နေရ၍ ဦးနှောက် ကျပ် ပြည့် သူ ဆိုက လူကြားထဲ မျက်နှာပြဖို့ နေနေသာသာ ကိုယ်အသက်ကို ကိုယ် အဆုံးစီရင်သွားနိုင်လောက် သည် အထိ အရှက်တကွဲ အဖြစ်များ ကြုံနေခဲ့ရပြီ ဖြစ်သည်။
သို့သော် ရခိုင်တပြည်လုံး၏ ၈၀ ရာနှုန်း အား သိမ်းပိုက်ထားသော အာရက္ခ တပ်တော် အား လက်နက် စွန့်လွှတ်ကြဖို့ အထိ ၇၄ ဖွဲ့စည်းပုံ ဖြင့် သတ်မှတ်ထား သော ရခိုင် ပြည်နယ် နေ့ အတွက် ပိုသည့် စာထဲ တွင် အရှက်ကင်းမဲ့စွာ ပြောလာပြန်သည်။ ၎င်း အဖို့က ရခိုင် အခြေအနေကို တပ်ထဲတွင် ဖုံးဖိထားနိုင်ရန် လိမ်ညာနေရခြင်းလည်း ဖြစ်နိုင်ပေသည်။
East Asia Forum က ဆက်လက် ရေးသားရာတွင် တပ်ထဲတွင်လည်း ၎င်းအား ထောက်ခံသူများ တနေ့တခြား နည်းသည်ထက် နည်းလာနေ၍ ဗိုလ်ချုပ် များ ကြားတွင်လည်း ညီညွတ်မှု ပြိုကွဲလာနေသည်။
ရွေးကောက်ပွဲ သည် သာ ၎င်း အသက်ဆက် နိုင်ဖို့ နည်းလမ်း အဖြစ် ရှု့မြင်လာပြီး ဆက်၍ အချိန်ဆွဲထား၍ မဖြစ်တော့ဆိုကာ ဖုတ်ပူမီးတိုက် လုပ်လာနေသည်။
စစ်တပ် သည်သာ အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်ပေးနေသူ များ ဖြစ်ပြီး ၎င်းတို့ မရှိက တိုင်းပြည်သည် ဖရိုဖရဲ ဖြစ်သွားမည်ဟု ခေတ် အဆက်ဆက် ကြွေးကြော်လာသော်လည်း အာဏာသိမ်းပြီး နောက်တွင် အပြစ်မဲ့ ပြည်သူများ အား ရက်ရက်စက်စက် သတ်ဖြတ် နှိပ်စက်၊ ဗုံးကြဲ တိုက်ခိုက်နေကြပြီး အပြောနှင့် အလုပ် တခြားစီ ဖြစ်လာ နေသည်ကို တွေ့မြင်လာကြသည့် အခါတွင်တော့ အောက်လက် ငယ်သား များသည် ၎င်းတို့ အဖွဲ့အစည်း အပေါ် ရှက်ရကောင်းမှန်း သိလာပြီး စိတ်ပျက်လာကြသည်။ စစ်တပ်သည် တိုင်းပြည် အကျိုး အတွက် ဦးထိပ်ထား ဆောင်ရွက်နေသည် ဆိုသော ဝါဒဖြန့်ချီနေမှု သည်လည်း အလုပ်မဖြစ်တြောဘဲ အရေးနိမ့်သွားခဲ့ရသည်။
ယင်းနှင့် အတူ ကိုယ်ကျင့် သိက္ခာ ပိုင်းအရ မည်သည့် ဖက်ကမှ ကာကွယ် ပေး၍ မရ ဖြစ်လာသောအဓမ္မ ဝါဒီ သမားများ ဖြစ်သော စစ်ကောင်စီ နှင့် အတူ ရပ်တည် နေသော သံဃာ အဖွဲ့အစည်း များ နှင့် ထင်ရှားသော ဆရာတော်ကြီးများ အပေါ် ယုံကြည် ကိုးကွယ်မှု ကျဆင်းလာခဲ့သည်။
စစ်တပ်သည် မည်သို့မှ အံတု၍ မရအောင် အင်အား ကြီးမားသော အဖွဲ့အစည်းကြီး ဟု ယူဆလာခဲ့မှုများသည်လည်း ၁၀၂၇ စစ်ဆင်ရေး ကြီး ကြောင့်ပြိုလဲသွားခဲ့ရသည်။ လက်အောက်ငယ်သားများသည်လည်း ခေါင်းဆောင်ပိုင်း အပေါ် ယုံကြည်မှု ကင်းမဲ့လာခဲ့ကြသည်။
၎င်း အပေါ် အယုံအကြည် မဲ့လာနေသည်ကို ရိပ်စားမိသော မင်းအောင်လှိုင်သည် ၎င်းအား သစ္စာခံမည့် လူများအား ရာထူးများ တိုးပေး၊ သံသယ ရှိသူ များအား ထုတ်ပယ်ခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း အစရှိသည် တို့ကို ထင်ရာစိုင်း လုပ်လာခဲ့သည်။ စစ်တပ် ထဲတွင် အရည်အချင်းအရ မဟုတ်တော့ပဲ ရာထူး အတက်အကျ၊ အရွှေ့အပြောင်းများသည် မင်းအောင်လှိုင်တဦး တည်း အပေါ် မူတည်လာသည်။
ဥပမာ စစ်ရေး အတွေ့အကြုံ အနည်းငယ်သာ ရှိသော ရဲဝင်းဦး အား စစ်ဖက် လုံခြုံရေး နှင့် ထောက်လှန်းရေး အကြီးအကဲ အဖြစ် လုပ်ပိုင်ခွင့် အာဏာ အပြည့် အပ်နှင်းပေးပြီး ရဲဝင်းဦးထက် များစွာ စီနီယာကျပြီး ကြည်းရေလေ ပူးတွဲ စစ်ဦးစီးချုပ် အဖြစ် တပ်ထဲတွင် နံပတ် (၃) အဆင့် ရှိ မြတ်ထွန်းဦး အား ပို့ဆောင်ရေးဝန်ကြီး အဖြစ် ချောင်ထိုး ပစ်ခဲ့သည်ဟု East Asia Forum က ထောက်ပြခဲ့သည်။
ဒုခေါင်းဆောင် စိုးဝင်းသည်လည်း ကိုယ်တိုင် ဆုံးဖြတ် ပိုင်ခွင့် မရှိဘဲ မင်းအောင်လှိုင် ပြောသမျှ၊ ခိုင်းသမျှ လိုက်လုပ်နေရသည်။
ထိုသို့ ထင်ရာစိုင်းလာမှု ကြောင့် စစ်တပ် အတွင်း စည်းကမ်းများ ပျက်ယွင်းလာပြီး စည်းလုံးမှု ပြိုကွဲပြီး အားပျော့လာခဲ့သည်။ မင်းအောင်လှိုင်သည်လည်း ၎င်း၏ နိုင်ငံရေး အရ အသက်ဆက် နိုင်ဖို့ စစ်တပ်ကို အမြဲလို အားကိုး၍ မရ တော့ ဟု ယူဆ၍ ၎င်း၏ အာဏာ စက်ဝန်းကို စစ်တပ် အပြင်ဖက်သို့ ချဲ့ထွင်လာခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
မင်းအောင်လှိုင် သမ္မတ အဖြစ် အုပ်ချုပ်ရန် ကြံစည်ထားသည့် တိုင်းပြည်သည်လည်း ၎င်းပင် ဖျက်ဆီးထား၍ ဖွတ်ဖွတ် ညက်ညက် ကျေနေပြီ ဖြစ်သည်။ မကြာမီက ထုတ်ပြန်သော ကမ္ဘာဘဏ် အစီရင်ခံစာတွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လတ်မှု၊ ဓါတ်အား မှန်မှန် မရရှိမှု နှင့် ပြည်တွင်း ဝယ်လိုအား ကျဆင်းလာမှု များ ကြောင့် လယ်ယာစိုက်ပျိုးရေး၊ စက်မှု ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ဆုတ်ယုတ်လာနေ၍ တိုင်းပြည်စီးပွားရေး တွင် GDP သည် လက်ရှိထက် ပင် တစ် ရာနှုန်း ထပ်မံ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
အကယ်၍ ပြည်တွင်းစစ်ကြီးအား ပျောက်စေ ဆရာ တဦးက အဆုံးသတ်ကာ ငြိမ်းချမ်းနေသည့် အနေအထား ရောက်အောင်သာ ပြန်ပို့ ပေး နိုင်ခဲ့သည် ဆိုစေဦး ၎င်းဖျက်ဆီးထားသည့် အခြေအနေများ မှ ပြန် ဦးမော့လာအောင် မင်းအောင်လှိုင်ကဲ့သို့ ပုဂ္ဂိုလ်မျိူးသည် စွမ်းဆောင် နိုင်မည်လား ဆိုသည် အမေးကို အချိန်ကုန်ခံ ဆွေးနွေး ဖြေဆိုရန်ပင် မလိုတော့ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!