အိုင်စီစီ ရှေ့နေချုပ်မှ ဖမ်းဝရမ်း ထုတ် ပေးရန် ရုံးတော်သို့ ဦးတိုက် လျောက်ထားလာပြီ ဖြစ်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား အရေးယူမည့် ဥပဒေ ကြော့ကွင်းကြီးက တစထက် တစ တင်းကျပ်လာနေချိန်တွင် တရုတ်သည် ၎င်းအား ထောက်ခံမှူ ပေးနေသည့် လက်ကို ဆန့်ထုတ်လာခဲ့သည်ဟု အစချီကာ ကမ္ဘာတဝှမ်း တတ်သိပညာရှင်များ ပါဝင် ရေးသားသည့် The Conversation ဝက်ဆိုဒ် တွင် ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ်မှ ပါမောက္ခ အဒမ် ဆင်ဆမ် က ရေးသားထားသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။
တရုတ် မှ ပူးတွဲ လုံခြုံရေး ကုမ္ပဏီ ဆိုသည့် အစီအစဉ် ကို အကောင်အထည် ဖေါ်ရန် ဖိအား ပေးလာမှုသည် ၎င်းတို့ အတွက်သာမက ပါဝင်ပတ်သက်နေသူ များ အတွက် အခြေအနေများ ကောင်းလာဖို့ မရှိ။
မည်သို့ မည်ပုံ စီစဉ် လာကြမည် ဆိုသည်ကား မသဲကွဲ လှသော်လည်း သေချာနေသည် တခုကား နှစ်ပေါင်း များစွာ ခြံစည်းရိုး ခွထိုင်လာခဲ့သည် ဘီဂျင်းသည် မြန်မာ စစ်ခေါင်းဆောင်များဖက်က လုံးလုံးလျား လျား ရပ်တည် ပေးလာခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများ ဆိုကာ ပြည်ပနိုင်ငံများသို့ စေလွှတ်နေမှုသည် ကာလ ကြာမြင့်စွာ ကတည်းက ရှိနေခဲ့သည်၊ အမေရိကန်မှ Blackwater နှင့် ရုရှား မှ ဝဂ္ဂနာ အဖွဲ့တို့ ဖြစ်သည်။
တရုတ်သည် ထိုဂွင်ထဲသို့ နောက်ကျမှ ဝင်လာခြင်း ဖြစ်သည်။ ထိုသို့ လုပ်နိုင်ရန် ၂၀၀၉ တွင် ဥပဒေကို ပြင်ဆင်လာခဲ့ပြီး ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရန် အာရှ အလယ်ပိုင်း မှ အာဖရိက အထိ စေလွှတ်လာခဲ့သည်။
ယခုအချိန်အထိ တိုက်ရေး ခိုက်ရေး တွင် ပါဝင်ခြင်း မရှိသေးပဲ ရပ်ဝန်း နှင့် လမ်းစီမံကိန်းများ ကို ကာကွယ် စောင့်ရှောက်နေသည့် အဆင့်တွင်သာ ရှိပေသေးသည်။ သို့သော် မြန်မာ တွင် တရုတ် လုံခြုံရေး အဖွဲ့ လေးဖွဲ့ခန့် ရှိနေပြီး ဖြစ်သော်လည်း ယခု ထွက်ပေါ်လာသည့် ပူးတွဲ ကုမ္ပဏီ ဖွဲ့မည် ဆိုသည်ကား ထို့ထက် ပိုလာဖို့ ရှိနေသည်။
တရုတ်တို့ ကာကွယ်ပေးမည် ဆိုသည့် လုပ်ငန်းများက မီးရထားလမ်း ပါဝင်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး၊ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တို့ ဖြစ်သည်။
ထိုဒေသများ အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးက ထိန်းချုပ်ထားသည်။ ထို့ပြင် စစ်ကိုင်း တိုင်း အတွင်းရှိ တရုတ်ပိုင် နီကယ်သန့်စင် စက်ရုံနှင့် ၎င်းတို့ အကျိုးစီးပွား ရှိနေသည့် မန္တ လေး တိုင်းအတွင်း ရှိ ဘိလပ်မြေ စက်ရုံကို သိမ်းပိုက်ထားသည်။
ပရိုက်ဗိတ် လုံခြုံရေး ကော်ပိုရေးရှင်းများသည် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ် နှင့် ခွဲခြားထားသော်လည်း ၎င်းတို့ အလွယ်တကူ စိမ့်ဝင် ပတ်သက်လာပြီး စစ်ဆင်ရေး များ အပေါ် ဩဇာ သက်ရောက်လာနိုင်ပေသည်။ ယင်းနှင့် အတူ တရုတ် နိုင်ငံသားများ တိုက်ပွဲများတွင် ကြားညပ်ပြီး အသက်ဆုံးရှုံး သွားနိုင်သည့် အလားအလာ များ ရှိလာသည်။
မကြာမီက ဆီရီးယား အာဏာရှင် အာဆတ် မထင်မှတ်လောက်အောင် ရုတ်ခြည်း ပြုတ်ကျသွားမှု ကို ကြည့်မည်ဆိုက နေရာအနှံ့ လက်နက်ကိုင် ဆန့်ကျင် တွန်းလှန်နေမှု များ နှင့် ရင်ဆိုင်နေရသော အာဏာရှင်များ အလျင်အမြန် ပြိုလဲသွားနိုင်သည်ကို သက်သေပြလာခြင်း ပင် ဖြစ်သည်။
ရုရှား နှင့် အီရန်သည်လည်း လူထု အား ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်နေသော အာဏာရှင် များကို ထောက်ခံပေးနေပါက မမျှော်လင့်ခဲ့သည်များ ရုတ်ခြည်း ဖြစ်လာလျင် ၎င်းတို့၏ အကျိုးစီးပွား နှင့် ပိုင်ဆိုင်မှု များ သောင်ပြင်လွှတ်သည့် ခွေးပမာ ဖြစ်ကျန် ရစ် မည် ဆိုသည်ကို ယခု အခါ သိရှိလာနေကြပြီ ဖြစ်သည်။ (လက်ရှိတွင် ဆီရီယား ၌ နှစ်ပေါင်း ၅၀ ကျော် ရှိနေခဲ့သော ရုရှား ရေတပ် စခန်း၏ အနာဂတ် သည် မရေရာတော့ပေ။)
မြန်မာ စစ်ခေါင်းဆောင်များ အဖို့ တရုတ် လုံခြုံရေး တပ်များ ခေါ်သွင်းလာခဲ့ရခြင်းသည်ပင် ဘီဂျင်း၏ အကျိုးစီးပွား ကို အစောင့်အရှောက်မျှပင် မပေးနိုင်ကြတော့သည့် အဖြစ်ကို ရှက်ဖွယ်လိလိ ဝန်ခံလိုက်ရသည့် သဘော သက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ တရုတ် အားလည်း ယခင်ကထက် ပို၍ အားကိုး နေကြရပြီ ကို လည်း သိသာထင်ရှားစေခဲ့သည်။
တရုတ်သည် ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပံ့ပိုးပေးနေမှု များ အား ကိုယ်ရှိန် သတ်ရဖို့ ဖြစ်လာသည်။ တော်လှန်ရေး အင်အားစု များ အဖို့က လက်နက်ငယ်များကို ၎င်းတို့ဖာသာ ထုတ်နိုင်အောင် လုပ်လာကြပေတော့မည်။
ထို့ပြင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ အား တရုတ် တို့အား မှီခိုနေရမှု မှ ဖောက်ထွက်နိုင်ရန် နည်းလမ်း ရှာကြံကြတော့မည် ဖြစ်သည်။ သို့မှသာ တရုတ်တို့ ရေရှည် တွင် ယခုလို နိုင်ကွက် ကိုင် အကျပ်ကိုင်လာမှု များ ကို ရှောင်ရှား နိုင်ပေမည်။
တရုတ်သည်လည်း ၎င်းတို့ အပေါ် မြန်မာ လူထု၏ ရွံရှာမုန်းတီးနေမှု များ သားစဉ်မြေးဆက် စွဲကျန်ရစ် တော့မည့် ဒဏ်ကို ခံရပေတော့မည်။
စီစဉ်ထားသည့် အတိုင်း ဖြစ်မည်ဆိုက ရခိုင်ပြည်နယ် အတွင်း တရုတ် လုံခြုံရေး တပ်များသည် အိန္ဒိယ စီမံကိန်းကြီးများ ရှိရာနှင့် မလှမ်းမကမ်းသို့ ရောက်လာကြပေတော့မည်။ အိန္ဒိယ သည် ထိုအနေအထား ကို သေချာပေါက် စိုးရိမ် မကင်းစွာ စောင့်ကြည့်လာမည် ဖြစ်သည်။
ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်သည်လည်း ၎င်းတို့နယ်စပ် မလှမ်းမကမ်း တွင် တရုတ်တပ်များ ရောက်လာမည့် အပြင် မြန်မာဖက်နှင့် နယ်ခြားရေးရာ ဆွေးနွေးပွဲများ တွင်လည်း ဝင်ပါလာကြပေတော့မည့်အရေးကို စိုးရိမ်မကင်း ဖြစ်နေမည်မှာ သေချာနေပေသည်။
တရုတ်ဖက် က စစ်ခေါင်းဆောင်များထံ သီးသန့် အသက်ကယ် ဘောကွင်း ပစ်ပေးလာသော်လည်း အာဆီယံကမူ အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး ဖြေရှင်းချက်မျိုးကိုသာ လိုလားကြောင်း အဓိက ထား ပြောဆိုနေကြသည်။ ၎င်းတို့အဖို့ မြန်မာနိုင်ငံ အတွင်း တရုတ်၏ လုံခြုံရေး ဆိုကာ လှုပ်ရှားလာမည့် အရေးကို သဘောကျ မည် မဟုတ်ပေ ဟု ရေးသားထားသည်။
တရုတ် အဖို့က သမိုင်း သင်ခန်းစာများက တပုံ တခေါင်းကြီး ရှိနေသည်၊ ၁၉၆၄-၆၅ တွင် အမေရိကန်တို့ ဗီယက်နမ်တွင် ပါဝင်ပတ်သက်လာမှု၊ ဆိုဗီယက်၏ အာဖဂန် နစ္စတန်၊ အမေရိကန်၏ အီရတ် နှင့် အာဖဂန် နစ္စတန် တို့ ဖြစ်သည်။
တရုတ်တွင် စုပေါင်းခေါင်းဆောင်မှု ကွယ်ပျောက်သွားပြီး ယခုအခါ အာဏာရှင် တဦးတည်း၏ အာရုံ လွန် နေမှု ကြောင့် မြန်မာ ပဋိပက္ခ နွံအိုင်ကြီး အတွင်း စုံးစုံးမြုပ်သွားနိုင်ပေသည်။
စစ်ခေါင်းဆောင်များ ထည့်သွင်းစဉ်းစားဖို့ လိုသည်က တရုတ် ပြည် တွင်း အခြေအနေများ ဖရိုဖရဲ ဖြစ်လာနိုင်ပြီး ဩဇာအာဏာ မဖြန့်ကြက် နိုင်တော့ပဲ ပြည်တွင်း တွင်ပင် လုံးခြာ လည် သွားနိုင်သည့် အရေးပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!