သတင်း အချက်အလက်များကို လက်နက် သဖွယ် အသုံးချလာကြခြင်း
၂၀၁၆ တွင် ထွက်ရှိလာသော ကျွနုပ်၏ Homo Deus စာအုပ်တွင် သတင်း အချက်အလက် ပိုင်းဆိုင်ရာ နည်းပညာ သစ်များ ထွက်ပေါ်လာခြင်း ကြောင့် မနုဿ အနွယ် ဝင်များ အန္တရာယ် ကျရောက်လာနိုင် ဆိုသည်ကို အလေးပေး ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
သမိုင်းတွင် သူရဲကောင်း သဖွယ် အမှန်တကယ် ထွက်ပေါ်ဖို့ ရှိနေသည်က Homo Sapiens ဆိုသည့် လူသားများ မဟုတ်ဘဲ သတင်းအချက်အလက်များ ဖြစ်လာမည်ဟု အကျိုး နှင့် အကြောင်း နှင့် ရေးသားထားခဲ့သည်။ သိပ္ပံပညာ ရှင်များ ဖက်ကလည်း သမိုင်းဆိုင်ရာ တွင်သာ မဟုတ် ဇီဝ ဗေဒ၊ နိုင်ငံရေး နှင့် စီးပွားရေး နယ်ပယ်များ တွင်လည်း သတင်းအချက်အလက်များ စီးဆင်းလာမှု သည် နေရာယူလာကြတော့မည် ဆိုကို တနေ့တခြား တိုး၍ သဘောပေါက် လက်ခံလာကြသည်။
တိရိစ္ဆာန်များ၊ နိုင်ငံများ၊ ဈေးကွက်များသည်လည်း ၎င်းတို့နှင့် ဆိုင်ရာ ပတ်ဝန်းကျင် မှ အချက်အလက်များ ထုတ်ယူ ၍ရသော သတင်းကွန်ယက်များ ဖြစ်လာကြသည်။ ထိုသတင်း ကွန်ယက်များက ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အချက်အလက်များ ပြန်လည် ထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြသည်။
ပိုမိုကောင်းမွန်သော သတင်း အချက်အလက် နည်းပညာများ အားကောင်းလာလျှင် ကျွနုပ်တို့၏ ကျန်းမာရေး၊ ပျော်ရွှင်ရေးနှင့် စွမ်းအားများကို ပံ့ပိုးပေးလာနိုင်သည်ဟု မျှော်လင့်နေကြသော်လည်း တကယ်တမ်းတွင် ကျွနုပ်တို့၏ ကာယစိတ္တ စွမ်းအား များကို ထုတ်နှုတ်ယူငင် ဖျက်ဆီးပစ်လာနိုင်သည်ဟု ကျွနုပ်၏ စာအုပ်တွင် ရေးသား သတိပေးခဲ့သည်။
ကျွနုပ်တို့ သတိမရှိခဲ့လျင် သတင်းရေစီး ကြောင်းကြီး ကြားတွင် တဟုန်ထိုး စီးဆင်းလာနေသော မြစ်ရေ၏ တိုက်စားခြင်း ခံရသည့် မြေစိုင် မြေခဲများ လို စီးပါသွားမည်သာ ဖြစ်သည်။ လူသားများသည်လည်း စကြာဝဠ လို ကြီးမားလှသည့် အချက်အလက်များ စီးမျောမှု တွင် လှိုင်းဂယက်သာသာ အဖြစ်သာ ကျန်ရစ်ပေတော့မည်။
Homo Deus စာအုပ် အား ပုံနှိပ် ဖြန့်ချီပြီး နောက် နှစ်အငယ် အတွင်းမှာပင် အပြောင်းအလဲများက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ စွမ်းအားများသည် လူသားတို့ထံ မှ အယ်ဂိုရီသမ် များ ထံ ရွေ့လျားလာခဲ့သည်။ အနုပညာ ကို ဖန်တီးနိုင်သည့် အယ်ဂိုရီသမ်များ၊ လူသားများအဖြစ် ဟန်ဆောင်နိုင်သည့် အယ်ဂိုရီသမ်များသည် မိမိတို့ဘဝများ အတွက် အရေးပါလှသော ဆုံးဖြတ်ချက်များကို ချမှတ် ကြမည် ဟု ဆိုသည်ကို ၂၀၁၆ တွင် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း များသာဟု ယူဆခံရသည့် ဖြစ်စဉ်များသည် ၂၀၂၄ တွင် နေ့စဉ် လက်တွေ့ ကြုံလာကြရပြီ ဖြစ်သည်။
၂၀၁၆ နောက်ပိုင်းတွင် အရာများစွာသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အရှိန်အဟုန် ပိုမို ပြင်းထန်လာသည်။ နိုင်ငံတကာ တွင် တင်းမာမှု များ ပို၍ ဖြစ်ပေါ်လာသည်။ လူထု နောက်မြီးဆွဲ ဝါဒ ဖြစ်သည့် populism သည် အားကောင်းသော ဒီမိုကရေစီ နိုင်ငံများ အား လှုပ်ခါ သွားစေခဲ့သည်။ ထို့ပြင် သတင်း အချက်အလက် များ အပေါ် ယုံမှားလွယ်မှု ကို လည်း ပြင်းပြင်းထန်ထန် စိန်ခေါ်လာခဲ့သည်။
ဒေါ်နယ် ထရန့် နှင့် ဂျာရီယာ ဘိုဆိုနာယို တို့ကဲ့သို့သော ပေါ်ပြူလစ် ခေါင်းဆောင်များ၊ QAnon နှင့် anti-vaxxers ကဲ့သို့သော ပေါ်ပြူလစ် အဖွဲ့များ မှ ဩဇာအာဏာ ကြီးမားခဲ့သည့် အစဉ်အလာ အင်စတီကျူးရှင်း များ အားလုံးသည် သတင်းအချက်အလက်များ စုဆောင်း ပြီး အမှန်တရား ဖေါ်ထုတ်သည်ဟု ကြွေးကြော် နေကြသော်လည်း တကယ်တမ်း တွင် လိမ်ညာနေကြသည်သာ ဖြစ်သည်ဟု ပြောလာကြသည်။
ဗျူရိုကရက်များ၊ တရားသူကြီးများ၊ ဆရာဝန်များ၊ အထင်ကရ မီဒီယာများ မှ ဂျာနယ်လစ်များ၊ တတ်သိပညာရှင် များ အားလုံးသည် အမှန်တရားကို စိတ်ဝင်စားခြင်းမရှိကြဘဲ ၎င်းတို့ ဩဇာလွှမ်းနိုင်ရန် နှင့် အခွင့်ထူးများ ရရန် လူထုကို ချနင်းပြီး လုပ်ကြံသတင်းများ အား တမင်တကာ ဖြန့်ချီ နေကြသည့် နောက်ကွယ်က ကြိတ်ဝိုင်း ဖွဲ့ နေကြသော အုပ်စု များ ဖြစ်သည်ဟု ဆိုသည်။
ထရန့် ကဲ့သို့ နိုင်ငံရေး သမားများ၊ QAnon ကဲ့သို့ အဖွဲ့များ ခေါင်းထောင်ထ လာနိုင်မှု သည် တကယ်တမ်း တွင် တိုက်ဆိုင်ခဲ့ခြင်း မဟုတ်ပဲ ၂၀၁၀ ကျော် နှစ်များ အတွင်း အမေရိကန် တွင် ဖြစ်ပျက်ခဲ့သည်များ နှင့် ဆက်စပ်ပြီး နိုင်ငံရေး အရ ရည်ရွယ်ချက် ရှိရှိ နှင့် အတိအကျ ပေါ်ထွက်လာခြင်း ဖြစ်သည်။
သို့သော် အာဏာရ အဖွဲ့အစည်းများကို ဆန့်ကျင်သည့် ကမ္ဘာ အမြင်သည် ထရန့် မတိုင်မီ ကာလ ကြာမြင့်စွာ ကတည်းက ရှိနေပြီး ဖြစ်သည်။ အခြားသော သမိုင်း ဆိုင်ရာ အကြောင်းခြင်းရာ များ နှင့် လည်း ဆက်စပ်ပေါ်ထွန်း လာခြင်းလည်း ဖြစ်၍ ယခု အချိန် တွင် သာမက အနာဂတ် နှင့်လည်း သက်ဆိုင်နေသည်။
အတိုချုပ် ပြောရမည် ဆိုက ပေါ်ပြူလစ် ဝါဒသည် သတင်းအချက်အလက်များကို လက်နက် အဖြစ် အသုံး ချ နိုင်စရာ ဟု ရှုမြင်လာကြသည်။