တရုတ် အစိုးရ ၏ ဆွေးနွေးရန် ဖိတ် ခေါ်လာမှု ကြောင့် ကချင် လွတ်လပ်ရေး အဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ် များ တနင်္ဂနွေ နေ့က ထွက်ခွာသွားကြောင်း ပြောခွင့်ရ ဗိုလ်မှုး ကြီး နော်ဘူး မှ AFP သတင်းဌာန သို့ အတည်ပြု ပြောကြားခဲ့သည်။
မည်သည့် အကြောင်းများ ဆွေးနွေးမည် နှင့် မည်သည့်နေရာ တွင် တွေ့ဆုံကြမည် ဆိုသည်ကို မူ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိဟု သိရသည်။
လက်ရှိတွင် ကေအိုင်အေ တပ်များသည် ဗန်းမော် မြို့တွင်း စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား လျက် ရှိနေသည်။ စစ်ကြောင်း ရှစ် ကြောင်း ဖြင့် ထိုးစစ်ဆင် နေသော ကေအိုင် အေ နှင့် ပူး ပေါင်း တပ်များအား စစ်ကောင်စီ ၏ အကြမ်းဖက် စစ်တပ်မှ လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူ များ နှင့် အပြင်းအထန် ခုခံ နေသည်။
အင်အား ၇,၀၀၀ ခန့်ရှိ ကေအိုင်အေ သည် ယခုအခါ တရုတ် နယ်စပ် တကျောလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ကချင် ပြည်နယ် တွင် တရုတ် တို့ လွန်စွာ မျက်စိကျနေသည့် ကျောက်စိမ်း နှင့် ရှားပါးမြေသား သတ္တုများ ထွက်ရှိနေသည်။ (ပုံတွင် ရှု)
စစ်ကောင်စီ၏ မဟာမိတ် နယ်ခြားစောင့် တပ်မှ အကြီးအကဲ ဦးစခုန်တိန့်ယိမ်းနှင့်အဖွဲ့ သည် ၎င်းတို့ ကာလကြာမြင့်စွာ စိုးမိုးထားသည့် အထူးဒေသ (၁) မှ တရုတ် နိုင်ငံဖက် ထွက်ပြေး တိမ်းရှောင်သွားပြီ ဖြစ်သည်။
တရုတ်သည် ကချင် နယ်ခြား ဂိတ် ၆ ခုအား ပိတ်ဆို့ထားပြီး အစားအစာ ကုန်စည်များ ကူသန်းရောင်းဝယ်မှုကန့်သတ်ထား သည်။
ထိုသို့ အနေအထားရှိသော ကေအိုင်အေ အား ယခုအခါ အထူးသံတမန် တိန်ရီချွန်း ထက် အဆင့်မြင့်သော တရုတ် အစိုးရ အရာရှိကြီး တဦး မှ တွေ့ဆုံ ဆွေးနွေးရန် ရှိနေသည်။ ယခင် စစ်ကောင်စီ နှင့် ညီနောင် သုံးဖေါ် အဖွဲ့ နှင့် တွေ့ဆုံခဲ့သူများထက် ရာထူး အဆင့်မြင့်သည်ဟု သတင်းများက ဆိုသည်။
ကချင် ကိုယ်စားလှယ် အဖွဲ့တွင် ဥက္ကဌ နဘန် လ၊ ဗိုလ်ချုပ် ဂွမ်မော် တို့ ပါဝင်သည်ဟု သိရသည်။
ကချင် အထူး အုပ်ချုပ်ရေး ဒေသ (၁) နှင့် ပန်ဝါ တို့အား သိမ်းယူ နိုင်ခဲ့မှု အပေါ် အဓိက ထား ဆွေးနွေးဖို့ရှိနေသည်ဟု ယူဆရသည်၊ တရုတ်သည် ရှားပါး သတ္တုများ တင်ပို့မှု အား ကချင်ဖက်မှ ပိတ်ပင်ထားမှုနှင့် မည်သည့် အချိန် ပြန်စမည် ဆိုသည်ကို ၎င်းတို့ အပေါ် မူတည်နေခြင်း မရှိသည့် အပေါ် နေမထိ ထိုင်မသာ ဖြစ်နေသည်။
အနည်း ဆုံး ပန်ဝါတွင် ရှားပါးမြေသား သတ္တု တူးဖေါ်ရေး အား ဖက်စပ် လုပ်ကိုင်သွားရေး ကမ်းလှမ်း လာနိုင်သည်ဟု ယူဆရသည်။
သို့သော်လည်း ပတ်ဝန်းကျင် ပျက်စီးလာပြီး ဒေသခံများ ကျန်းမာရေး ထိခိုက်လာနေသည့် အတွက် ကေအိုင် အေသည် လက်ခံမည်ဆိုကလည်း စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာ ချမှတ်ရတော့ မည် ဖြစ်၍ သတ္တု ဈေးနှုန်းများ မြင့်တက်သွားနိုင် သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက ထောက်ပြခဲ့သည်။
ကေအိုင်အေ သည်လည်း အထူးဒေသ (၁) အား အရှိန် မပျက် ဆက်လက် အုပ်ချုပ်သွားနိုင်ရေး တွင် အတွေ့အကြုံ နှင့် အခက်အခဲများ ရှိ လာနေသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။
တရုတ်သည် ရှားပါး မြေသား သတ္တု ဈေးကွက်ကို ၁၉၉၀ ကျော် နှစ်များ မှ စပြီး လက်ဝါးကြီးအုပ်လာခဲ့ရာ ၂၀၁၀ တွင် ပြည်တွင်း တူးဖေါ် ထုတ်လုပ်မှု ကို ပတ်ဝန်းကျင် နှင့် လူထု ကျန်းမာရေး ထိခိုက်လာမှု ကြောင့် ကန့်သတ်လာပြီး စည်းမျဉ်း စည်းကမ်း မရှိ ထင်သလို ထုတ်နိုင်သည့် မြန်မာ ပြည်ထဲ ဝင်ရောက် လုပ်ကိုင်လာခြင်း ဖြစ်သည်။
တရုတ် အကောက်ခွန် စာရင်းဇယားများအရ မြန်မာပြည်မှ တင်သွင်းခဲ့မှု သည် ၂၀၂၀ တွင် ၁၇,၄၀၀ တန် မှ ၂၀၂၂ တွင် တန်ချိန် ၄၀,၀၀၀ အထိ နှစ်ဆကျော် ခုန်တက်သွားခဲ့သည်။
ယခုအခါ ကမ္ဘာထိတ်တန်း နိုင်ငံရေး သမား အဖြစ် တက်လှမ်းလာပြီ ဖြစ်သော ဒေါ်နယ် ထရန့် နှင့် ကမ္ဘာအချမ်းသာဆုံး အီလွန် မတ်စ် တို့ နှစ်ကိုယ့်တစိတ် ဖြစ်လာနေ၍ တရုတ် တို့ စိုးရိမ်မကင်း ဖြစ်လာကာ ကချင် တော်လှန်ရေး အဖွဲ့ကို ဖိတ်ခေါ် ဆွေးနွေးရသည် အထိ ဖြစ်လာခဲ့သည်။
တဖက်တွင်လည်း မင်းအောင်လှိုင်၏ စေခိုင်းချက်အရ ရွေးကောက်ပွဲ ကို မဖြစ်မနေ လုပ်ရန် ၎င်း ခန့်ထားသည့် ရွေးကော် မှ လုံးပမ်းနေရသည်။
သို့သော် ယုံကြည်ရပြီး စိတ်ချရသည့် မြို့နယ်များ တွင်သာ ပထမအဆင့် ပြုလုပ်သွားမည်ဆိုကာ ရွေးကော်မှ စကာတင် ရွေးထုတ်လာသော မြို့နယ် ပေါင်း ၁၆၁ မြို့နယ်သာ ရှိသည်ဟု နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံရာတွင် ချပြခဲ့သည်။
နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ၁၆၁ မြို့နယ်တွင်သာ လုပ်နိုင်မည်ဟု ဆိုသဖြင့် နိုင်ငံ၏ တဝက်ခန့် ၎င်းတို့ အုပ်ချုပ်ရေး လက်လှမ်းမမှီကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
စစ်ကိုလည်း နိုင်အောင် မတိုက်နိုင်၊ တရုတ်တို့ အငြိုအငြင် မခံရဲ၍ အချိန်ထပ် မဆွဲရဲတော့ဘဲ မည်သူမျှ အသိအမှတ် ပြုမည် မဟုတ် သောရွေးကောက်ပွဲ ကို မဖြစ်မနေ လုပ်ရတော့မည် ဖြစ်သည်။
၎င်းတို့၏ ဖဲသုံးချပ် ကစားဝိုင်းကိုပင် နိုင်ငံတကာ က လာရောက်လေ့လာကြဖို့ အရှက် မရှိ ဖိတ်ခေါ် လိုက်ပြန်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!