အာဆတ် နှင့် အိမ်နီးချင်း ဖြစ်လာနိုင်သည့် မင်းအောင်လှိုင်

by Hla Soewai - Dec 16 2024

မြန်မာ တို့ ၏ လေးနှစ် နီးပါး ရှိလာပြီ ဖြစ်သော တော်လှန်ရေး အတွက် အကြီးအကျယ် စိတ်အား တက်ဖွယ် ဖြစ်လာရသည်။ ဆီရီယား တွင် ရုရှား တို့ ကိုယ်တိုင် ကိုယ်ကျ ဝင်တိုက်ခဲ့ပါလျက် နှင့် အာဏာရှင် အာဆတ် သည် မော်စကို သို့ ထွက်ပြေးခဲ့ရသည်အထိ တိုတောင်းသော အချိန် အတော အတွင်း တော်လှန်ရေး တပ်များ၏ အောင်မြင်မှု ရခဲ့သည့် ဖြစ်ရပ်ကြီးကို အထင်အရှား တွေ့မြင်ခဲ့ရမှု ကြီးပင် ဖြစ်ပေတော့သည်။

 

လက်ရှိ တွင် အာဏာယစ်မူးနေသော အမျိုးသား  သစ္စာဖေါက်များက ပြည်ပ တပ်များကို နိုင်ငံတွင်းဖိတ်ခေါ်ရန် စိုင်းပြင်းနေကြချိန်လည်း ဖြစ်၍ တော်လှန်ရေး အင်အားစု များ အဖို့ အထိုက်အလျောက် စိုးရိမ် ပူပန်မှု များ ရှိနေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

 

သို့သော် ဆီရီးယား ဖြစ်စဉ်ကို ကြည့်ပြီး ထိုကဲ့သို့ စိုးရိမ်ပူပန်မှု များ ရှိခဲ့သည် အဖြစ်က ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ တရုတ် တပ်များ ရောက်လာလျင် ၎င်းတို့ အာဏာခိုင်မြဲသွားပြီဟု ယူဆနေသော စစ်အာ‌ဏာရှင် များ နှင့် အပေါင်းအပါ များအဖို့ စိုးရိမ် ပူပန်မှု များ ဖြစ်ပေါ်လာရသည်။ လက်ရှိ ဆီရီးယား တွင် အာဏာရှင် မင်းဆက် နေ့ခြင်းညခြင်း ပြုတ်ကျသွားသည့် အဖြစ်ကို ၎င်းတို့ မီဒီယာများက တစွန်းတစမျှပင် ဖေါ်ပြ ခဲ့ကြခြင်း မရှိသည့် အဖြစ်က သက်သေခံနေပေသည်။

 

ဆီရီးယားသည် မြန်မာ ၏ လက်ရှိ အနေအထား နှင့် အတော်လေး နီးစပ်မှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ဆီရီးယား၏ အရှေ့ မြောက် ‌ဒေသအား အမေရိကန် တို့ ပံ့ပိုးထားသည့် ကပ်ဒ် လက်နက်ကိုင် များ ပါဝင်သည့် ဆီရီးယား ဒီမိုကရက်တစ် တပ် (SDF) က ထိန်းချုပ်ထားပြီး အနောက်မြောက် ခြမ်း ရှိ တစိတ် တပိုင်းကို တူရကီ နှင့် မဟာမိတ် ပြုထားသည့် အဖွဲ့များ၏ လက်တွင် ရောက်ရှိနေသည်။ အာဆတ်သည် နိုင်ငံ၏ ကျန် အစိတ်အပိုင်းများကိုသာ ရုရှား၊ အီရန် တို့ အကူအညီ နှင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။

 

ယခင် အယ်ကိုင်ဒါ လက်ခွဲ ဟာရတ် တာဟီယာ အယ် ရှန် Hayat Tahrir al-Sham (HTS) အဖွဲ့ က စတင် ထိုးစစ် ဆင်လာပြီး ဒုတိယ မြို့တော် အယ်လက်ပို အား လေးရက် နှင့် သိမ်းယူနိုင်ခဲ့ကြသည်။ ထို့နောက်တွင်တော့ နိုင်ငံ၏ မြောက်ဖက်၊ တောင်ဖက် နှင့် အရှေ့ ဖက် ရှိ တော်လှန်ရေး တပ်များသည် မြိုတော် ဒမပ်စကပ် ဆီသို့ စည်းကမ်း သေဝပ်စွာဖြင့်ဦးတည်ချီတက်လာကြသည်။ 

 

လမ်းတလျောက် ၎င်းတို့ တွေ့လာခဲ့ရသည်က အာဆတ် သစ္စာခံတပ်များ စွန့်ပစ်ထားခဲ့သည့် စစ်ယူနီဖောင်းများပင် ဖြစ်သည်၊ အားလုံးက အာဏာရှင် အား အသက်ပေး၍ ခုခံနေ၍ အကျိုး မထူး ဆိုကာ အရပ်ဝတ်များ လဲပြီး ထွက်ပြေးကုန်ကြ၍ ဖြစ်သည်။

 

တနိုင်ငံလုံးလည်း ဝမ်းပမ်းတသာ ကခုန် မြူးတူး ကြိုဆိုခဲ့ကြသည်။ ရုရှားတပ်များက စတိသဘောဖြင့် လေကြောင်းမှ တိုက်ခိုက်ပေးခဲ့ကြပြီး ရုရှား နိုင်ငံသား များအား ဆီရီးယား မှ အမြန် ထွက်ခွာရန် ပင် ညွှန်ကြားလာခဲ့သည်။ ရုရှားသည် ၎င်းတို့၏ ရေတပ် စခန်းအား ဆက်၍ ထားနိုင်ဖို့သာ စိတ်ဝင်စား နေသည်။ ယင်း နှင့် အတူ အမေရိကန် တပ်သား ၉၀၀ ခန့်လည်း လက်ကျန် အိုင်စစ် များကို တိုက်ခိုက်ရန် ဆိုကာ ရှိနေကြသည်။ နောက်ထပ် မဟာမိတ် တဦး ဖြစ်သော အီရန် သည်လည်း ဒရုန်း နှင့် ဒုံးကျည်များ ပို့ပေးမည်ဟု ပြောသော်လည်း ဝိုင်းပိတ် ခံထားရသည့် မြို့တော်အား မည်သို့ ကာကွယ်ပေးနိုင်မည်နည်း။

 

အာဆတ်သည် ၎င်းတို့ကို အားကိုး မရသည့် အတူတူ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန် တို့ပါမကျန် အကူအညီ တောင်းခံခဲ့သည်။ ကူညီ၍ လည်း အကျိုးထူးလာဖွယ် မရှိတော့သည့် အစိုးရ မျိူး ကို မည်သူက ကူညီချင်ကြပေမည်နည်း။

 

တော်လှန်ရေး တပ်ပေါင်းစုက ရဲ နှင့် အရပ်ဖက် ဝန်ထမ်းများအား ညီညွတ်ရေး အစိုးရ ဖွဲ့ပြီးသည် အထိ အခြေအနေ စောင့်ကြည့်ကြပါရန် ပန်ကြားနေသည်။

 

လက်ရှိတွင် တရုတ် သည် ၎င်းတို့၏ အဓိက ပြိုင်ဖက် အမေရိကန် တွင် အစိုးရ အပြောင်းအလဲ နှင့် အကူးအပြောင်း ကာလ ကို အခွင့်ကောင်းယူပြီး မြန်မာတွင် အခိုင်အမာ ခြေကုပ်ယူ နိုင်ရန် စိတ်စော နေသည့် အချိန်လည်း ဖြစ်သည်။

 

သို့သော်လည်း ထိုသို့ ပြည်ပ ကျုးကျော်မှု ရောယှက်လာသည့် အခါတွင်တော့ တော်လှန်‌ ရေး အင်အားစုများ ယခင်ကထက်ပင် ပို၍ ညီညွတ် လာကြတော့မည် ဖြစ်သည်။ MNDAA နှင့် TNLA တို့သည်လည်း ၎င်းတို့အား ရန်သူ လို တမျိုး လက်အောက်ခံလို တမျိုး ဆက်ဆံခံခဲ့ရသည့် အဖြစ်ကိုလည်း မျက်ဝါးထင်ထင် ကြုံတွေ့ လာခဲ့ကြသည်။

 

ယခုအခါ အာရက္ခ တပ်တော်သည် မောင်းတောကို သိမ်းပိုက်နိုင်ခဲ့မှု နှင့် အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားကို အလုံးစုံ ထိန်းချုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ချင်းတော်လှန်ရေး တပ်များသည်လည်း ထန်တလန် နှင့် ဟားခါး ကြား မဟာဗျုဟာ ကျသည့် မြေပြန့်လွင်ပြင်ကြီး ကို စိုးမိုးထားပြီ ဖြစ်သည်။

 

ကချင် တော်လှန်ရေး သည်လည်း မကြုံစဖူး အောင်မြင်မှု များ ရရှိလာနေပြီး တရုတ်နယ်ခြား တလျောက် စိုးမိုး လာနိုင်ခဲ့သည်။

 

တိုင်းရင်းသားများသည်လည်း ကိုးကန့် နှင့် တအောင်း တိုင်းရင်းသားများ ကို ကြည့်၍ နေပြည်တော်တွင် စစ်အာဏာရှင်များ သက်ဆိုး‌ရှည် နေသရွေ့ ၎င်းတို့ မျှော်မှန်းသည့် ကိုယ်ပိုင် အုပ်ချုပ်ရေး၊ နယ်မြေ ဖွံ့ဖြိုးရေး တို့ကို ဒင်းပြည့်ကျပ်ပြည့် ခံစားနိုင်ကြမည် မဟုတ်၊ ၎င်းတို့ကို ညီညွတ်စွာ ဖယ်ရှား နိုင်ရေးသည် လက်တကမ်းသာ လိုတော့သည် ဆိုသည်ကိုလည်း သဘောပေါက် နေကြပြီ ဖြစ်သည်။

 

ပြည်ပရှိ မြန်မာ တိုင်းရင်းသားများကလည်း တရုတ် တို့ ကျုးကျော်လာမည့် အရေးကို ၎င်းတို့ နိုင်ငံများရှိ တရုတ် သံရုံးများ ရှေ့တွင် ကန့်ကွက် ဆန္ဒပြပွဲ များ ပြုလုပ်လျက် ရှိနေသည်။

 

ရုရှားသည် အာဆတ်အား ဆယ်နှစ် နီးပါး ထောက်ခံ မှု ပေးခဲ့‌ သော်လည်း ဆီရီးယား တော်လှန်ရေး တပ်များ ဘက်‌ ပေါင်းစုံ မှ ညီညွတ်စွာ ထိုးစစ် ဆင်နွှဲလာသည်ကို မည်သို့မျှ တုန့်ပြန် ရန် စိတ်မကူးကြ တော့။တရုတ်သည် လည်း လူထု ထောက်ခံမှု မရှိ ပြိုလဲလုဆဲဆဲ အာဏာရှင်များအား လူအား ငွေ အား ဖြင့် ပံ့ပိုး ပေးလာခြင်းဖြင့် မြန်မာပြည်သူ တရပ်လုံး၏ ရန်သူ ဘဝ ရောက်သွား တော့မည့် အရေး၊ ထိုသို့ မည်မျှ ကြာကြာ လုပ်နိုင်မည် ဆိုသည်နှင့် တိုင်းရင်းသား တော်လှန်‌ ရေး တပ်များ ဆီရီးယား လို ညီညွတ်စွာ ခုခံလာပါက ၎င်းတို့ နိုင်ငံသားများ အလဟသ အသက်ဆုံး ကြရမည့် အရေး များကို ချင့်ချိန် စဉ်းစားရမည့် အချိန် ရောက်လာ‌ နေပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!