တရုတ် ဖိအားကို ဆန့်ကျင်‌ နေသော မြန်မာ တို့၏ တော်လှန်ရေး

by Hla Soewai - Dec 16 2024

အဆိုပါ ခေါင်းစဉ် ဖြင့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ အရေး တာဝန်ခံ ဂျေဆင် တာဝါ မှ ယခုလို ရေးသားလာခဲ့သည်။

 

ဩဂုတ်လ အစောပိုင်း တွင် ရှမ်းမြောက် ရှိ တော်လှန်ရေး တပ်ဖွဲ့များသည် ၃၅ ရက်ကြာ ထိုးစစ်ကြီး ဆင်နွှဲပြီး နောက် လားရှိုး ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ မှုကြောင့် နိုင်ငံတဝှမ်း အင်သစ် အားသစ် များ ဖြစ်‌လာစေသလို တရုတ် ဖက်ကလည်း သိသိသာသာ တုန့်ပြန်လာခဲ့သည်။

 

တရုတ်သည် လားရှိုးကို သိမ်းယူ ခဲ့မှု အတွက် ပြစ်ဒဏ် ခတိသည့် အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ရန် မီးစိမ်း ပြလာခဲ့သည့် အပြင် မင်းအောင်လှိုင် အားလည်း တခါမှ မပေးခဲ့ဖူးသည့် အသိအမှတ် ပြုမှု မျိုး နှင့် ဆက်ဆံလာသည်။

 

သို့သော်လည်း နိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ တော်လှန်ရေး တပ်များသည် ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် နိုဝင်ဘာလ တွင် ကမ္ဘာတဝှမ်း မျက်စိ ကျနေသော ရှားပါး မြေသား သတ္တုတွင်းများ ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ယင်းနှင့် အတူ အဆိုပါ သတ္တု ဈေးကွက် ကို ထိန်းချုပ်ထားနိုင်သည့် တရုတ်၏ အနေအထားကို စိန်ခေါ်လာခဲ့သည်။

 

ထိုအနေအထားများကို တရုတ်ဖက်မှ တုန့်ပြန်လာနိုင်မည့် မြန်မာ သာ မက နိုင်ငံတကာသို့ ရိုက်ခတ်လာနိုင်သည်။ မြန်မာ တော်လှန်ရေး တပ်များ တရုတ် ဖိအားကို ကြံ့ကြံခံနေနိုင်မှု ကြောင့် အမေရိကန်၊ အနောက်နိုင်ငံများ နှင့် အိန္ဒိယ တို့ အနေဖြင့် တရုတ်တို့ မြန်မာပြည်တွင်း မဟာဗျုဟာ မြောက် ခြေချ လာမည့် အရေးကို ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်မည့် မဟာဗျုဟာ များ ချမှတ်သင့်ပြီ ဖြစ်သည်။

 

#တော်လှန်ရေး ၏ သမိုင်းဝင် အောင်ပွဲများ

 

၂၀၂၄ ဇန်နဝါရီ မှ ဇွန်လ အထိ တရုတ်သည် ဟိုင်ဂင် သဘောတူညီချက်ဖြင့် ရှမ်းမြောက် ဒေသတွင် အပစ်အခတ် ရပ်စဲရေး အသက်ဝင်အောင် ဖန်တီးပေးနိုင်ခဲ့သည်။ ထိုကာလ အတွင်း တရုတ်သည် ကုန်သွယ်ရေး နှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည် နာလံထူလာရန် အသေးစိတ် ပြင်ဆင် နေသလို ညီနောင် သုံးဖေါ် အဖွဲ့သည်လည်း တိုက်ပွဲများ ပြန်လည် ပုံဖေါ်နိုင်ရန် ပြင်ဆင်နေခဲ့ကြသည်။

 

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေမှု များ မေလ လယ်တွင် ပျက်ပြားသွားခဲ့မှု နှင့် အတူ ဟိုင်ဂင် သဘောတူညီချက်သည်လည်း ဇွန်လ လယ် တွင် အမှိုက် ပုံး ထဲ ရောက်သွားပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

 

ဘီဂျင်းသည် ထိုသို့ ဖြစ်လာနိုင်သည်ဟု တွက်ဆပြီး ဖြစ်သော်လည်း ၎င်းတို့ တအံ့တဩ ဖြစ်သွားခဲ့ရသည်က ရက်သတ္တပတ် အနည်းငယ် အတွင်း စစ်စခန်းများ၊ မြို့များ တခုပြီး တခု ဆက်တိုက်ဆိုသလို ညီနောင်သုံးဖေါ် က သိမ်းပိုက်နိုင်ခဲ့မှု ပင် ဖြစ်သည်။

 

ဇူလိုင်လ အစောပိုင်းတွင် လားရှိူးနား အထိ ချဉ်းကပ်လာနိုင်မှု နှင့် အတူ ဩဂုတ် ၃ ရက် နေ့တွင် အပြီးအပိုင် သိမ်းယူ နိုင်ခဲ့ကြသည်။

 

#တရုတ် မှ ဂျောက်ကမ်းပါး ထိပ် ရောက်လာနေသော အာဏာသိမ်း အဖွဲ့အား ကယ်တင်လာခြင်း

 

လားရှိုးကို သိမ်းပြီး နှစ်ပတ်ခန့် ကြာသည် အထိ တော်လှန်ရေး တပ်များကို ရှေ့သို့တိုး၍ တိုက်ခိုက်လာကြသည်။ ယင်းနှင့် အတူ မန္တလေး သို့ ရောက်လာတော့မည် ဆိုသော သတင်းများနှင့်အတူလားရှိုး တွင် NUG ရုံး ဖွင့်တော့မည်၊ စစ်တပ် ပြိုလဲသွားပြီးနောက်တွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင် အား ဒုသမ္မတ ခန့်မည် ဆို‌သော သဘောတူညီချက် ရရှိနေပြီ ဆိုသော ကောလဟသ များသည် တရုတ် ဆိုရှယ် မီဒီယာများတွင် ပင် ပါရှိလာခဲ့သည်။

 

MNDAA သည် အဆိုပါ သတင်းများကို ပယ်ချလာခဲ့သော်လည်း တရုတ်ဖက်က စတင်လှုပ်ရှားလာပြီ ဖြစ်သည်။

 

ရှမ်းမြောက်ဒေသ ရှိ တော်လှန်ရေး တပ်များ လိုအပ်နေသော အရင်းအမြစ်များကို စတင် ပိတ်ဆို့ ပစ်ခဲ့ကြသည်။ နယ်ခြား ဖြတ် စခန်းများကို ပိတ်ပစ်ခဲ့ပြီး လျပ်စစ် နှင့် အင်တာနက်ကိုပါ ဖြတ်တောက်ပစ်ခဲ့ကြသည်။ ဝ တပ်များအားလည်း ညီနောင်သုံးဖေါ် နှင့် အဆက်အဆံ မလုပ်ရန် ဖိအားပေးလာသည်။

 

တရုတ်သည် MNDAA မှ လားရှိုးကို သိမ်းယူလိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေး အကြီးအကျယ် ပျက်စီး သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယ လှိုင်းသည် ၎င်းတို့အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆလာသည်ကို ဩဂုတ် ၂၇ ရက် နေ့ တရုတ် အထူးသံတမန် နှင့် ဝ ခေါင်းဆောင် နှစ်ဦး တို့ တွေ့ဆုံခဲ့သည့် မှတ်တမ်းများ ပေါက်ကြားလာမှု မှ သိရှိခဲ့ရသည်။

 

"ဖြတ် ငါး ဖြတ်" အားလည်း MNDAA နှင့် TNLA ထိန်းချုပ်နယ်မြေများအား လားရှိုးအား ပြန် မပေးမချင်း ဆက်လက် ပြုလုပ်သွားရန် ဆုံးဖြတ်လာသည်။

 

တရုတ်သည် အစဉ်အလာအားဖြင့် ၎င်းတို့၏ နယ်ခြား တလျောက် လေကြောင်း တိုက်ခိုက်လာမှုများကို ဒေါသတကြီး တုန့်ပြန်လေ့ရှိသော်လည်း စက်တင်ဘာလ အတွင်း ညီနောင်သုံးဖေါ်အား ထပ်၍ ဖိအားပေးသည့် အနေဖြင့် စစ်တပ်၏ မဲမဲမြင်ရာ လေကြောင်း မှ တိုက်ခိုက်မှု များကို လက်ပိုက်ကြည့်နေခဲ့ပြီး လားရှိုး ရှိ အထင်ကရ တရုတ် ဘုရားကျောင်းကြီး ထိမှန်သွားသည်ကိုပင် မသိချင်ယောင် ဆောင်နေခဲ့သည်။

 

နောက်ပိုင်း တွင် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်ရပ်ကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်က MNDAA ခေါင်းဆောင် ဖုန်တာရွှင် သည် လူမြင်ကွင်း မှ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းသည် ဆေးကုသမှု ခံယူနေသည် ဟု တရုတ်ဖက်မှ ပြောဆိုနေသော်လည်း အထက်တွင် ဖေါ်ပြခဲ့သည့် သတင်းပေါက်ကြားလာမှု မှတ်တမ်းများအရ ဖုန်တာရွှင်သည် MNDAA ခေါင်းဆောင် အဖြစ် မည်မျှ ကြာ ဆက်ရှိနေနိုင်မည် ဆိုသည်က မရေမရာ ဖြစ်လာနေသည်။

 

ထိုအတော အတွင်း ယခင်က ရပ်ဝန်းနှင့် လမ်း စီမံကိန်း ကမ္ဘာ ညီလာခံ သို့ပင် အရေးတယူ ဖိတ်ကြားခြင်း မခံခဲ့ရသော မင်းအောင်လှိုင်ကို ကူမင်းသို့ ဖိတ်ခေါ်လာခဲ့သည်၊ ၎င်းအား ဘီဂျင်း သို့ ခေါ်ပြီး ရှီကျင့်ပင် နှင့် ပေးတွေ့သည် အထိ အခွင့် အရေး မပေးခဲ့သော်လည်း ထိုမျှ လောက် နှင့်ပင် အာဏာသိမ်း ခေါင်းဆောင် အဖို့ ဆုကြီးလဒ်ကြီး ချီးမြှင့်ခံခဲ့ရသလို ဖြစ်သွားခဲ့ရသည်။ ၎င်း၏ နောက်လိုက်များက အာဆီယံရှိ မဲခေါင် ဒေသနိုင်ငံများ နှင့် ထိတွေ့ဆက်ဆံခွင့် ရခဲ့သည်ကို ကြည့်မည် ဆိုက တရုတ် နှင့် ထိုဒေသတွင်း နိုင်ငံများက မြန်မာပြည်ရှိ ထိတ်တန်း ပုဂ္ဂိုလ်များနှင့် ပြန်၍ ဆက်ဆံရန် အသင့် ရှိနေသည်ကို အခိုင်အမာ ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

#တရုတ် အကူအညီ ကြောင့် ပေးဆပ့်ရမည့် အဖိုးအခ

 

မင်းအောင်လှိုင် ကူမင်း မှ ပြန်လာပြီး နောက်တွင် တရုတ် နှင့် ၎င်း အပေးအယူ လုပ်ခဲ့မှု များက ထင်ရှားလာသည်။ တရုတ် မှ ၎င်းတို့ ထောက်ခံ မှု ပေးလိုက်ရသည့် အတွက် မြန်မာ စစ်တပ် ထံမှ မတန်တဆ ပြန် တောင်းလာခဲ့သည်။ နိုင်ငံ၏ ဥပဒေ ကို ပြင်ဆင်ပြီး ၎င်းတို့အတွက် လုံခြုံရေး ကုမ္ပဏီ ဆိုသည်ကို ဖန်တီး‌ပေးရန် တောင်းဆိုလာသည်၊ သို့မှသာ ၎င်းတို့၏ ရင်းနှီးမြုပ်နှံထားမှု များ ကာကွယ် ပေး နိုင်ပြီး လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပါ ဖြန့်ကျက်ချထားနိုင်မည် ဖြစ်သည်။

 

စစ်တပ်ဖက်က တရုတ်၏ တောင်းဆိုမှု များကို လူသိရှင်ကြား ထုတ်ပြောလာသည်ကို ကြည့်မည်ဆိုက ၎င်းတို့အဖို့ ပြဿနာ ရှိလာနေသည်ဟု ယူဆလာ၍ ဖြစ်သည်။ စစ်တပ် အဖို့ နိုင်ငံ တွင်းရှိ တရုတ် စီမံကိန်း ဒေသများတွင် ထိန်းချုပ်နိုင်မှု ကို လက်လွှတ်ပေးရတော့မည် ဖြစ်၍ တရုတ် အပေါ် နိုင်ကွက် အဖြစ် ဆုပ်ကိုင်ထားမှု ဆုံးရှုံးခံရတော့မည် ဖြစ်သည်။ တရုတ် တပ်များသည် ၎င်းတို့၏ အကျိုး ကို ပျက်ပြားသွား နိုင်သည့် နည်းမျိုး ဖြင့် လှုပ်ရှားလာနိုင်သည်။

 

#တရုတ်၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်း ကြားညပ်ခံရဖို့ ဖြစ်လာခြင်း

 

တရုတ်သည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု များ စိတ်ချရအောင် ဆိုသည့် အယူအဆသည် နိုင်ငံတွင်းရှိ တော်လှန်ရေး အင်အားစုများ နှင့် ထိတ်တိုက်တွေ့လာနိုင်ပြီး ၎င်းတို့၏ စီမံကိန်းများသည်လည်း ကြားညပ် လာနိုင်ဖွယ် ရှိနေသည်။

 

၎င်းတို့ စီမံကိန်း များသည် လက်ရှိတွင် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိ မနေသည်ကို လျစ်လျု ရှုပြီး စစ်တပ် နှင့် ပေါင်းလာသည်ကို ကြည့်ပြီး လူထု နှင့် တော်လှန်ရေး အဖွဲ့များက ထို စီမံကိန်းများသည် ရန်သူ နှင့် တသားတည်း ဖြစ်နေသည်ဟု ရှူမြင်လာကြမည်သာ ဖြစ်သည်။ ဤသို့ဖြင့် တရုတ် စီမံကိန်း များသည် မြန်မာ၏ ပဋိပက္ခ ထဲသို့ ဆွဲသွင်း ခံရတော့မည် ဖြစ်သည်။

 

#မြန်မာ ၏ အနာဂတ် အပေါ် တရုတ်၏ အစီအမံများ

 

မြန်မာ အား အနိုင်ကျင့် ဗိုလ်ကျ၊ စီးပွားရေး အရ အကျပ်ကိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား တင်းမာမှု များ ရှိနေသည်ကို အမြတ်ထုတ်ကာ စစ်တပ်ကို ပံ့ပိုးပေးပြီး တော်လှန်ရေး အင်အားစု များ အကြား အကွဲကွဲ အပြားပြား ဖြစ်နေအောင် စီမံ နေခြင်း ဖြစ်သည်။ ဤသို့ဖြင့် စစ်အုပ်ချုပ်ရေး အား ခိုင်မာသည်ထက် ခိုင်မာအောင် ပြုလုပ်ပေးပြီး ceasefire capitalism မျိုး ဖြင့် ၎င်းတို့လိုလားသည်များ တခုပြီး တခု ရရှိစေရန် ရည်မှန်းချက် ထားလာခြင်း ဖြစ်သည်။

 

ဒုတိယ အနေဖြင့် စစ်တပ် ၏ စွမ်းဆောင်နိုင်မှု တဖြေးဖြေး ကျဆင်းလာနေသည်ကို မြင်နေရ၍ ၎င်းတို့၏ ဘူမိ မဟာဗျုဟာ မြောက် ရင်းနှီးမြုပ်နှံထားမှု များ သေချာစိတ်ချနေစေရန် အတွက် မြောက်ပိုင်း ရှိ အဖွဲ့များကို အပိုင်ကိုင်ပြီး မြန်မာ စစ်တပ် ထံမှ အချုပ်အခြာ ပိုင်စိုးမှု နှင့် အပေးအယူ လုပ်သွားရန် ဖြစ်သည်။

 

တတိယ အနေဖြင့် အာဆီယံ အား သွေးခွဲပြီး အာဆီယံ နှင့် အခြား နိုင်ငံများအား မြန်မာ နှင့် ပုံမှန် ဆက်ဆံလာရေး ဆီသို့ ဦးတည်လာရန် ဖြစ်သည်။

 

စတုတ္ထ အနေဖြင့် စစ်တပ်၏ ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ အချက် ငါးချက် လမ်းပြမြေပုံပါ "တည်ငြိမ်ရေး" ကို ရရှိစေရန် ကူညီသွားမည် ဖြစ်သည်။ ရွေးကောက်ပွဲ ဖြင့်သာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲလာရေး ကို လမ်းဖွင့် ပေးနိုင်မည်ဟု လက်တဆုပ်စာ အရည်အတွက် ရှိ နိုင်ငံများကို နားချပေးမည် ဖြစ်သည်။

 

တရုတ်တို့ လိုက်လံဆော်ဩနေသလို ပြုပြင်ပြောင်းလဲရေး များ လုပ်ဖို့ မင်းအောင်လှိုင် အဖို့ ကြိမ်းသေပေါက် အာမခံ မည် မဟုတ်ပေ၊ ထိုသို့ လုပ်ဖို့က ၎င်း အနေဖြင့် စစ်တပ် ကို ထိန်းချုပ် ထားသည့်အာဏာကို လက်လွှတ်ပေးရမည် ဖြစ်သည်။ မင်းအောင်လှိုင် သည် သေချာပေါက် ထိုသို့ လုပ်မည့် လူမျိုး မဟုတ်ပေ။ အကယ်၍ လုပ်သည် ဆိုဦး လက်ရှိ အနေအထား အတိုင်း ရွေးကောက်ပွဲ လုပ်မည် ဆိုလျင်ပင် အကြမ်းဖက်မှု များ တိုးလာအောင် ဖိတ်ခေါ် သလိုသာ ဖြစ်ပေလိမ့်မည်။

 

#EAO တို့၏ ကြံ့ကြံ့ခံ နိုင်မှု

 

တရုတ်၏ ရပ်တည်ချက် ပြောင်းသွားခြင်းကြောင့် တော်လှန်ရေး အပေါ် ထိခိုက်မှု များ ရှိလာသည်။ သို့သော်လည်း တော်လှန်ရေး အင်အားစုများသည် ၎င်းတို့၏ ဖိအားကို အံ့အားသင့်စရာ ကောင်းလောက်အောင် အာခံ နေကြဆဲ ဖြစ်သည်ကို တွေ့နေရသည်။

 

ထိုသို့ အာခံ‌လာမှု တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာသည် ကချင် ပြည်နယ် ဖြစ်လာခဲ့သည်။ ကချင် လွတ်လပ်ရေး တပ်တော်သည် ဩဂုတ် လ လယ်မှစ၍ စစ်ရေး အရှိန် ကို မြှင့်တင်လာခဲ့ပြီး တရုတ် နှင့် နီးစပ်ပြီး စစ်တပ်နှင့် တသားတည်း ရှိနေသော ဒေသခံ လက်နက်ကိုင် အဖွဲ့ကို နှိမ်နှင်းနိုင်ခဲ့သည်။

 

အောက်တိုဘာလ ကုန်ပိုင်းတွင် ရှားပါးမြေသားသတ္တုများ ထွက်ရှိရာ ပန်ဝါ ဒေသတခုလုံးကို သိမ်းယူ နိုင်ခဲ့ပြန်သည်။ ဂလိုဘယ် တိုင်းမ် သတင်းစာ မှ ဈေးနှုန်း များ မြင့်တက်လာမည်ဟု အတွင်း သတင်းများ ကိုးကားပြီး ရေးသားလာခဲ့၍ တရုတ် စတော့ ဈေးကွက် တွင် နိုဝင်ဘာ တလလုံး လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။

 

တရုတ် အစိုးရသည် ထိတ်တန်း သတ္ထုတူး ဖေါ်ရေး ကုမ္ပဏီ ကြီး ၆ ခုမှ အကြီးအကဲ များကို လဲပစ်ခဲ့ရသည် အထိ အခြေ အနေများ ဆိုးဝါးသွား‌ခဲ့သည်။ ရက် အနည်းငယ် အကြာတွင် အမေရိကန် သို့ တင်ပို့နေမှု များကို ပိတ်ပင်ပစ်ခဲ့ကြသည်။

 

ကေအိုင်အေ သည် ရှားပါး သတ္တုများ တင်ပို့နေသည့် လမ်းကြောင်းအား ပိတ်ဆို့ပစ်လိုက်ခြင်းဖြင့် ၎င်းတို့ အနေဖြင့် လုပ်ငန်းများ အဆောတလျင် ပြန်စဖို့ မရည်ရွယ် သည့် သဘော တရုတ်အား သိသာအောင် ပြခဲ့ပြန်သည်။

 

ကေအိုင်အေသည် ၎င်းတို့အား တရုတ်တို့ အနိုင်ကျင့်မှု ကို လက်မခံလိုသည်သာမက ‌အဆိုပါ သတ္ထုများ ထုတ်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင် ပျက်စီး လိုက်လာနေသည်ကို ကချင်လူထု ၏ ကန့်ကွက် ပြောဆိုနေမှု များကို အလေးထားကြောင်း ပြသလိုသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

 

MNDAA သည်လည်း တရုတ်၏ ဖိအားများကို တွန်းလှန်ကာ လားရှိူးကို ဆက်၍ သိမ်းပိုက်ထားသည်။ အာရက္ခ တပ်များသည်လည်း ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေသည်။

 

#နိုင်ငံတကာ တွင် သက်ရောက်လာမှုများ

 

တရုတ်သည် မြန်မာ ပြဿနာ အ‌ပေါ် အာဆီယံ၏ ဘက်မလိုက်မှု၊ ခေါင်းဆောင်မှု အပေါ် ထောက်ခံသည်ဟု ပါးစပ်က ပြောနေသော်လည်း လက်တွေ့တွင်တော့ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည့် အရွေ့ကိုသာ တွန်းပို့နေသည်။

 

နိုင်ငံတကာ တွင် ၎င်းတို့၏ အကျိုးစီးပွားများကို လုံခြုံရေး ကုမ္ပဏီ ပုံစံမျိုး ဖြင့် ကာကွယ်သွားနိုင်ရေး အတွက် မြန်မာ သည် အစမ်းသပ်ခံ ဖြစ်လာသည်။

 

တော်လှန်ရေး တပ်များသည် ထိုသို့ ဖိအားများ ကို ကြံ့ကြံ့ခံရင်းက ဆရာတပည့် နှစ်ယောက် ဖြစ်သည့် တရုတ် နှင့် မြန်မာ စစ်တပ် အပေါ် စီးပွားရေး အရ အရေးပါသော နိုင်ကွက်များ ရလာခဲ့သည်။ နိုင်ငံ တွင်း တည်ငြိမ်ရေး ကို အာမခံ နိုင်မည့် တခုတည်းသော အင်အားစု များ အဖြစ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

 

ထိုအချက်အား အ‌မေရိကန်၊ အနောက်နိုင်ငံများ နှင့် အိန္ဒိယ တို့ အ‌နေဖြင့် အကျအန လေ့လာသုံးသပ်သင့်သည်။ အရေးပါလှသော ရှားပါး သတ္တုများ ထိန်းချုပ် ထားနိုင်မှု သည်လည်း ရွေ့လျားလာနေသည်ကို အနီးကပ် စောင့်ကြည့်သင့်ပြီး တရုတ်တို့၏ ထို သတ္ထုများ အား လက်ဝါးကြီးအုပ်ထားမှု ကို ဖြိုခွဲ ပစ်နိုင်မည့် အလားအလာများလည်း ထွက်ပေါ်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!