တရုတ်သည် မကြုံစဖူး လောက်အောင် သံတမန်ရေး နှင့် ရုပ်ဝတ္ထု ပိုင်း အကူအညီများ ပေးလာသော်ငြားလည်း စစ်ခေါင်းဆောင်များ အဖို့ ကြီးမားလာနေသော စီးပွားရေး နှင့် ဘဏ္ဍာရေး အနေအထား များ ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း ထွက်ပေါ်လာသည့် ရလဒ်များ မရေမရာ ဖြစ်နေသည်ကို ကြည့်လျင် သိသာနေပေသည်။
ထိုအနေအထား နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်လာနေသည့် စစ်ရေးတွင်လည်း ဆက်၍ အရေးနိမ့်နေဆဲပင် ဖြစ်သည်ဟု ဝါရှင်တန် နေရှင်နယ် စစ်ကောလိပ်မှ ဇာကာရီ အဘူဇာ မှ RFA တွင် ယခုလို ရေးသား ဖေါ်ပြထားသည်။
ကချင် လွတ်လပ်ရေး တပ်ဖွဲ့များက ကန်ပတ်တီ အား သိမ်းပိုက် နိုင်ခဲ့ခြင်း ကြောင့် တရုတ် နှင့် ကချင်နယ်ခြား တကြောလုံးကို ထိန်းချုပ် သွားနိုင်ခဲ့ပြီ ဖြစ်ပြီး ဆက်၍လည်း ထိုးစစ်ဆင်လျက် ရှိနေသည်။
ရှားပါး သတ္တုများ တူးဖေါ် သည့် လုပ်ငန်းများကို ပန်ဝါ နှင့် ချီဖွေ ဒေသများ တွင် ပြန်လည် စတင်ခွင့် ပြုမည်ဟု ကြေညာလာခဲ့သည်။
ရခိုင်တွင်လည်း အာရက္ခ တပ်များက တောင်ကုပ်ကို သိမ်းပိုက် နိုင်လိုက်၍ ကျောက်ဖြူ သို့ တောင်ဖက်မှနေ၍ ကုန်းလမ်း မှ ထောက်ပို့ နိုင်သည့် လမ်းကြောင်း ပြတ်တောက်သွားခဲ့သည်။ ထို့အပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်း မြို့တွင် လည်း စစ်ဌာနချုပ်မှ လွဲ၍ တမြို့လုံး နီးပါး သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်း နှင့် အတူ တရုတ် ပြည်သို့ ရေနံ နှင့် ဓါတ်ငွေ့ များ ပိုက်လိုင်း တလျောက် စုတ်ယူ တင်ပို့ ပေးနေသည့် စခန်း အားလည်း ရရှိသွားခဲ့သည်။
စစ်အာဏာပိုင်များ ကမန်းကတန်း လေ့ကျင့် ပေးလိုက်သော တပ်သားများ အပါအဝင် လူ ရှစ်ရာ ခန့် လက်နက်ချခဲ့ကြသည်။ လက်ရှိတွင် ရခိုင် ဒေသရှိ မြို့ပေါင်း ၁၇ မြို့ အနက် ၁၁ မြို့ကို အာရက္ခ တပ်များက သိမ်းယူထားပြီး ဖြစ်သည်။ ချင်း တော်လှန်ရေး အဖွဲ့များ နှင့်လည်း ယခုအခါ ပူးပေါင်း ဆောင်ရွက်မှု များ ရှိလာနေပြီ ဖြစ်သည်။
ရှမ်းမြောက် အပစ်ရပ်ရေး
ဒီဇင်ဘာ ၄ ရက်နေ့တွင် MNDAA သည် တဖက်သတ် အပစ်ရပ်ကြောင်း နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုလားကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်၊ ထို့နောက် တွင် နောက်ထပ် တဖွဲ့ ဖြစ်သော TNLA ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးလိုသည်ဟု ပြောဆိုလာခဲ့သည်၊
ရှမ်းမြောက်ဒေသ တွင် စစ်တပ်၏ တန်ပြန် ထိုးစစ်များက ခရီးမတွင်သည့်အပြင် အကျအဆုံး များပြားနေသည်။ စစ်တပ်သည်လည်း ရှုံးမဲ မဲကာ အရပ်သား ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်လာခဲ့သည်။
ကရင်နီ နှင့် စစ်ကိုင်း၊ မကွေး ဒေသများ တွင် တော့ တော်လှန်ရေး တပ်များ ထောက်ပို့ အခက်အခဲများ ရှိလာနေ၍ ထင်တိုင်း မပေါက် ဖြစ်နေသည်။ ကရင်တပ်များကတော့ အခွင့်ရေးရလျင် ရသလို စစ်တပ်ကို ခြုံခို တိုက်ခိုက်လျက် ရှိနေသည်။
စစ်ခေါင်းဆောင်များသည် တရုတ်က ကမကထ ပြုပေးထားသည့် ရွေးကောက်ပွဲ မပြုလုပ်မီ အရှုံး များ ကို ပြန်၍ အဖတ်ဆယ်နိုင်ရန် စိတ်လောနေကြသည်။ နိုင်ငံ၏ ၄၀ ရာနှုန်းခန့်သာ ပိုင်ပိုင် နိုင်နိုင် အုပ်ချုပ်နိုင်ကြသဖြင့် ၎င်းတို့ ထွက်ပေါက် အတွက် ယုံကြည်ရလောက်အောင် အလိမ်အညာ ရွေးကောက်ပွဲ ဟန်ပြ လုပ်ဖို့ပင် ခက်နေရသည်။
၂၀၂၁ အာဏာသိမ်း ပြီး နောက် တိုင်းပြည် စီးပွားရေးသည် ၁၂ ရာနှုန်း ဆုတ်ယုတ်သွားသော်လည်း စစ်တပ် ၏ အသုံးစရိတ်သည် ၂၀၂၁ တွင် ကျပ် ငွေ ၁.၇၄၆ တြီလီယံ၊ ၂၀၂၂ တွင် ၃.၇၀၃ တြီလီယံ၊ ၂၀၂၃ တွင် ၅.၆၃၅ တြီလီယံ (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ) ဖြင့် ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့ရာ ၂၂၂ ရာနှုန်း အထိ ပင် ဖြစ်လာခဲ့သည်။
၂၀၂၄ နှင့် ၂၀၂၅ အတွက် ၎င်းတို့၏ ဘတ်ဂျက်လျာထားငွေ ပမာဏ ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။
ရှေ့လျောက် ကြုံလာရတော့မည် ဘဏ္ဍာရေး အနေအထား
မကြာမီက ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး တွင် ဒုခေါင်းဆောင် စိုးဝင်းက နိုင်ငံ အသုံးစရိတ်များအား လုံး ထဲတွင် လုံခြုံရေး အား ဦးစားပေး သုံးစွဲရမည်ဟု ၎င်း၏ ဆရာသမားက ညွှန်ကြားထား ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ တကယ်တမ်းတွင် လူထုအတွက် အသုံးစရိတ်ကား သုံးနှစ်လုံးလုံး လျော့တိလျော့ရဲ နှင့် မည်ကာမတ္တာ မျှသာ ရှိခဲ့သည်။
နိုင်ငံတဝှမ်း လျပ်စစ်ဓါတ်အား မီဂါဝပ် ၅၄၀ လိုအပ်နေသော်လည်း ၃၀၀ မီဂါဝပ်သာ ထုတ်လုပ်နိုင်စွမ်း ရှိတော့သည်။
မင်းအောင်လှိုင် လိုအပ်နေသည့် ကာကွယ်ရေး အသုံးစရိတ်သည် ဘယ်ကဘယ်လို ထွက်လာနေသနည်း၊ နိုင်ငံခြား အရံငွေ သည် လည်း အမြဲလို ပြတ်လပ်နေ၍ ချင့်ချိန် သုံးစွဲနေရသည်။
နိုင်ငံခြားငွေ ကြေး ထိန်းချုပ်ထားမှု များ အသက်ဝင်နေဆဲ ဖြစ်၍ ကုမ္ပဏီများသည် ၎င်းတို့ ငွေကြေး ဥစ္စာများကို ပြည်ပ တွင် ဝှက်ထားကြရသည့် အခြေ ဆိုက် နေသည်။
တရုတ် နယ်ခြား ကုန်သွယ်ရေး ဂိတ် ငါးခု အနက် လေးခု ကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ် ထားနိုင်ပြီ ဖြစ်၍ ဘဏ္ဍာရေး အရလည်း အတော် ထိခိုက်နေသည်။ ထို့အတွက်ကြောင့်လည်း MNDAA နှင့် TNLA အား ဖိအားပေး ပေးရန် တရုတ် ကို လော်ဘီ လုပ်နေရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပိုင်း တွင်လည်း ၂၀၂၂-၂၃ ဒေါ်လာ ၁.၆၄ ဘီလီယံ ရှိရာမှ ၂၀၂၃-၂၄ တွင် ၆၆၄ သန်းသာ ရှိတော့သည်၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ပထမ ခုနှစ်လ အတွင်း ဒေါ်လာ ၂၂၆ သန်းသာ ရှိသည်ဟု ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများ အုပ်ချုပ်ရေး ဌာနက စာရင်း ထုတ်ပြန်ခဲ့သည်၊ စစ်ပွဲ သည် သုံးနှစ် ကျော်လာသည်နှင့် အမျှ ၎င်းတို့ အနိုင်ရလိမ့်မည်ဟူသော ယုံကြည်ခြင်း မရှိကြတော့သည့် လက္ခဏာများပင် ဖြစ်သည်။ ဝင်ရောက်လာသော ငွေများသည်လည်း ယခင် ရင်းနှီးမြုပ်နှံထားမှု များ အပေါ် ငွေကြေး ထပ်ဆောင်း ပေးခြင်းမျိုး ဖြစ်ပြီး စုစုပေါင်း ၃၃ ခု အနက် လေးခုသာ စိမ်းလန်းစိုပြေရေး စီမံကိန်း အသစ်များ ဖြစ်နေသည်။
စစ်တပ်သည်လည်း ဝင်ငွေရရာ ရကြောင်း နည်းလမ်း များ ရှာကြံလာနေသည်။
အာဏာသိမ်း အဖွဲ့၏ စွမ်းအင် ဝန်ကြီး ဖြစ်သူ ကိုကိုလွင် သည် တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း ဥက္ကဌ ဖြစ်သူ နှင့် သွားရောက် တွေ့ဆုံပြီး ပိုက်လိုင်း များ မှ ရေနံ နှင့် ဓါတ်ငွေ့များ ယခုထက် ပို၍ တင်ပို့ နိုင်မည်လား ဟုပင် တီးခေါက်လာခဲ့ရသည်။
မင်းအောင်လှိုင်သည် နိုဝင်ဘာလ ထဲတွင် ၎င်းတို့ အတွက် အနည်းငယ်သာ ကျန်တော့သော နိုင်ငံခြားငွေ ရရာ ရကြောင်း ဖြစ်သည့် ကျောက်မျက်ရတနာ ပြပွဲသို့ ခြေဆန့်ခဲ့ပြန်သည်။
ဧရာဝတီ သတင်းအရ ကျောက်စိမ်း အတွဲ များ အား တိုး၍ ရောင်းချလာရာ ၂၀၂၁ တွင် ၁,၉၅၅ တွဲ၊ ၂၀၂၂ တွင် ၂,၁၅၀၊ ၂၀၂၃ တွင် ၄,၀၂၅ အထိ ဖြစ်လာသည်ဟု သိရသည်။
TNLA သည် မိုးကုတ်ကို သိမ်းပိုက်ထားပြီး ဖြစ်၍ စစ်တပ်၏ ပတ္တမြား များ ထုတ်ယူ ရောင်းချနိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ခဲ့သည်။
ပုဂ္ဂလိက တဦး ချင်းစီအား ရှာဖွေ ထုတ်ယူခွင့် ပြုထားသော်လည်း စစ်တပ်၏ ဦးပိုင် ကုမ္ပဏီမှ ယန္တရား များ ဖြင့် တူးဖေါ် ထုတ်ယူ မှုများကိုမူ ပိတ်ပင်ထားပြီး ဖြစ်သည်။
စစ်တပ်သည်လည်း လူအင်အား ဆက်ပြီး မလုံမလောက် ဖြစ်လာနေ၍ ပြည်ပတွင် လုပ်ကိုင်နေသူ များ အား ပြန်ခေါ်ပြီး စစ်မှု ထမ်းခိုင်းရန် ကြံစည်လာသည်။ ထိုင်းနိုင်ငံရှိ တရားဝင် လုပ်ကိုင်နေသူ နှစ်သန်း ခန့် နှင့် တရားမဝင် ရောက်ရှိနေသူ သုံးသန်းခန့်အား ပြန်ပို့ပေးရန် ထိုင်း အစိုးရ အား လော်ဘီ လုပ်နေသည်။
တကယ်တမ်း တွင် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသူ များသည် ၎င်းတို့ အတွက် ဝင်ငွေရရာ ရကြောင်း အားကိုး၍ ရသည့် လူများ ဖြစ်သည်။ ပြင်ပ တွင် တဘတ် လျှင် ၁၀၀ ကျပ်နှုန်း ဖြစ်နေသော်လည်း စစ်ကောင်စီ ပေါက်ဈေး တဘတ် လျှင် ၅၆ ကျပ် နှုန်း ဖြင့် ဖြတ်ယူပြီး ၎င်းတို့ ရရှိသည့် ဝင်ငွေ ၏ ၂၅ ရာနှုန်း အား ပြန်ပို့ခိုင်းနေသည်။
စီးပွားရေး စစ်ပွဲ
စစ်တပ်သည် တော်လှန်ရေး တပ်များ အပေါ်လည်း စီးပွားရေး အရ တိုက်ခိုက်လာခဲ့သည်။ ၎င်းတို့အဖို့ လားရှိုး နှင့် မိုးကုတ်အား ပြန်သိမ်းနိုင်စွမ်း မရှိသော်လည်း စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသွားအောင် ဗုံးကြဲတိုက်ခိုက်လျက် ရှိနေသည်။
တရုတ်ဖက်မှလည်း အင်တာနက် နှင့် လျပ်စစ်မီး များ ဖြတ်တောက်ပေးထားပြန်၍ ဒေသတွင်း ရှိ ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရသည်။ ယခုအခါ တော်လှန်ရေး တပ်များ ထိန်းချုပ် နယ်မြေများသို့ ဓါတ်ဆီ၊ ဒီဇယ်ဆီများ တင်ပို့ခြင်းကို ပိတ်ပင်လာခဲ့သည်။ ထို့အတွက် ရခိုင်ပြည်နယ်တဝှမ်း၊ ရှမ်းမြောက်ဒေသ၊ မြစ်ကြီးနား မှ လွဲ၍ ကချင် ပြည်နယ် တခုလုံး စက်သုံးဆီများ ဖြန့်ဖြူးခြင်းကို ဥပဒေဖြင့် တားမြစ်လာခဲ့သည်။ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ မကွေးတိုင်း တွင် တမြို့နယ် နှင့် မန္တလေး တိုင်း တွင် နှစ်မြို့နယ် တို့လည်း အလားတူ ပိတ်ပင်ခြင်း ခံနေရသည်။
စစ်တပ်သည် ၎င်းတို့ ရရာ ရကြောင်း အရင်းအမြစ်များ ပြတ်လပ်လာနေသော်လည်း တော်လှန်ရေး အင်အားစုများ အပေါ် အနိုင်ကျင့်၍ ရနေသည့် အခွင့်အလန်းများ ရှိနေဆဲပင် ဖြစ်သည်။
သို့သော် အကျင့်ပျက် ခြစားမှုများ၊ စိတ်ဓါတ်ရေးရာ ပြိုလဲလာနေမှုများ ဖြင့် ပြည့်နှက်နေသော အဖွဲ့ အတွက် ထိုသို့သော အခွင့်အလန်း ရှိ နေသည် ဆိုစေကာမူ လုံလောက်မှုရှိနေဦးမည်လော။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!