တောင်ကိုရီယား ၏ မာရှယ်လော

by Hla Soewai - Dec 16 2024

ဆောင်းရာသီ တရက် ဖြစ်သော ဒီဇင်ဘာ ၃ ရက်နေ့သည် မြို့တော် ဆိုးလ် တွင် ထူးထူးခြားခြား တစုံတရာ မရှိဘဲ စတင်လာခဲ့သည်။ ညဖက် ရောက်လာချိန်တွင် တော့ တမြို့လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေကြပြီ ဖြစ်သည်။

 

နောက်တနေ့ မနက် လှုပ်ရှားသက်ဝင် လာချိန်တွင် တော့ တောင်ကိုရီယား သမ္မတ ယွန် ဆပ် ရော သည် မာရှယ်လော ထုတ်ပြန်ပြီး အမျိုးသား လွှတ်တော်ကို အတင်းအကျပ် သိမ်းယူ နိုင်ရန် ကြံစည်လာခဲ့သည့် အဖြစ် ကို ဆိုးလ် မြို့သူ မြိုသားများ တအံ့တဩ တွေ့မြင်ခဲ့ကြရသည်။ သိတ်မကြာခင်မှာပင် နောက်ပြန် ဆုတ်သွားခဲ့သည်။

 

နှစ်ပေါင်း များစွာ အတွင်း တခါမျှ မကြုံစဖူး ဖြစ်ပျက်ခဲ့မှု များကြောင့် နိုင်ငံသည် ကသောင်းကနင်း ဖြစ်သွားခဲ့ပြီး ၎င်း၏ သမ္မတ အဖြစ် ဆက်လက် ထမ်းဆောင်ရေး ကို မေးခွန်းထုတ်စရာ ဖြစ်လာသည် နှင့် အမျှ တောင်ကိုရီယား ဒီမိုကရေစီ သည်လည်း အစမ်းသပ် ခံဖို့ ဖြစ်လာရသည်။

 

ဒီဇင်ဘာ ၃ ရက်နေ့ည ၁၀:၃၀ တွင် သမ္မတ မှ နိုင်ငံတဝှမ်းသို့ ထူးထူးခြားခြား မိန့်ခွန်း ပြောလာခဲ့ပြီး မာရှယ်လော ထုတ်ပြန် ဖို့ ဖွင့်ဟ ပြောဆိုလာ ခဲ့သည်။ မာရှယ်လော ဖြစ်သည့် အတွက် နိုင်ငံရေး လှုပ်ရှားမှုများကို ပိတ်ပင်ပြီး မီဒီယာ လွတ်လပ်ခွင့် ကို အကန့်အသတ် နှင့် သာ ခွင့်ပြုတော့မည် ဖြစ်သည်။

 

ယင်းသည် ၁၉၈၀ ကျော် နှစ်များ အတွင်း နိုင်ငံသည် အာဏာရှင် များ လက်အောက် ကျရောက်ခဲ့ပြီး နောက် ပထမဆုံးအကြိမ် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

 

ထိုသို့ ကြေညာရသည့် အကြောင်းရင်းသည် အမျိုးသား လွှတ်တော် အား ကြီးစိုးထားသော အတိုက်အခံ ပါတီ ဖြစ်သည့် ဒီမိုကရက် ပါတီသည် ယခုအခါ ဒီမိုကရေစီ အား ခြိမ်းခြောက် အန္တရာယ် ပြုလာသည့် "မကောင်းဆိုးဝါးကြီး" အဖြစ် အသွင် ပြောင်းလာ၍ ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မြောက်ကိုရီယား "ကွန်မြူနစ် အင်အားစုများ" နှင့် ပူးပေါင်းနေသည်ဟုလည်း ဆိုသည်။

 

တောင်ကိုရီယား သည် သမ္မတ အာဏာ အားပျော့ သွားစေရန် နှင့် ပါလီမန် အား အာဏာ ပို၍ အပ်နှင်းရန် ဖွဲ့စည်းပုံကို အဆင့် ဆင့် ပြောင်းလဲလာခဲ့သော်လည်း သမ္မတ သည် စစ်ဦးစီးချုပ် ရာထူး အပြင် ထောက်လှန်းရေး အကြီးအကဲ ရာထူးများ ကိုင်စွဲထားနိုင်ဆဲပင် ဖြစ်သည်။ မစ္စတာ ယွန်း၏ ကြေညာချက် ထွက်ပေါ်ပြီးနောက်တွင် ပါလီမန် အဆောက်အအုံ တွင် လက်နက်ကိုင် တပ်ဖွဲ့များအား ဖြန့်ကြက် ချထားသည့်အပြင် ပါလီမန် သို့ သွားရာလမ်း များ တလျောက်တွင်လည်း အဓိကရုဏ်း နှိမ်နှင်းရေး တပ်များက အသင့် အနေအထား ဖြင့် နေရာယူ ထားသည်။

 

သို့သော် လူထု ဖက်က လျင်မြန်စွာ တုန့်ပြန်လာခဲ့သည်။ ထောင်ပေါင်း များစွာ သော လူများ လမ်းပေါ် ထွက်လာကြပြီး "ဒင်းကို ဖမ်း" ဟူသော ကြွေးကြော်သံများ ဟစ်ကြွေးလာကြသည်။ "သူ့ ကြည့်ရတာ ညဖက် အရက်မူးမူး နဲ့ ကြေညာလိုက်သလား တောင် ထင်ရလောက်အောင် အဓိပ္ပါယ် မရှိ ဖြစ်နေတယ်" ဟု တယောက်က ပြောသည်။ တယောက်ကလည်း "တကယ်ကြီးလား' ဟု မေးလာခဲ့သည်။

 

ငွေကြေး ဈေးကွက်လည်း လှုပ်ခါသွားပြီး ဒေါ်လာ နှင့် ယှဉ်လျင် ဝမ် ငွေသည် ၃ ရာနှုန်း ခန့် ထိုးကျသွားခဲ့သည်။ ကိုရီးယား ဗဟိုဘဏ်ကလည်း ဒီဇင်ဘာ ၄ ရက် မနက်စောစောတွင် အရေးပေါ် အစည်း အဝေး ခေါ်ယူလိုက်သည်။

 

အမေရိကန် အစိုးရ အရာရှိများက အ‌ခြေ အနေ ပေါ် လွန်စွာ စိုးရိမ် မကင်း ဖြစ်ရကြောင်း နှင့် မဟာမိတ် ဖြစ်သော် မိမိတို့အားလည်း ကြိုတင် အကြောင်းကြား ထားခြင်း မရှိဟု ပြောလာကြသည်။ ၎င်းတို့ မဆိုထားဘိ မစ္စတာ ယွန်း၏ အစိုးရ အဖွဲ့ပင် ဘာမှန်း မသိ ဖြစ်ကုန်ကြသည်။ သမ္မတ ရုံး နှင့် နီးစပ်သော သတင်းရပ်ကွက် က "စစ်ဦးစီးချုပ် တဦးတည်း ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး အိမ်တော် ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ဝင်များပင် မသိလိုက်" ဟု ဆိုသည်။

 

မစ္စတာ ယွန်း၏ အတိုက်အခံများက အချိန်ဆိုင်း မနေဘဲ ညတွင်းချင်း စုရုံးလိုက်ကြသည်။ သမ္မတ ၏ မာရှယ်လော ကြေညာခြင်းသည် တကယ်တမ်း တွင် အာဏာ သိမ်း ခြင်း ပင် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မစ္စတာ ယွန်း ၏ ပြည်သူ့ စွမ်းအားပါတီ အကြီးအကဲ ဖြစ်သူကပင် လက်နက်ကိုင် တပ်ဖွဲ့ဝင် များ နှင့် ရဲ တပ်ဖွဲ့ များ အနေဖြင့် တရားဥပဒေ နှင့် မညီသော၊ တရားမျှတမှု မရှိသော ညွန်ကြားချက်များကို လိုက်နာစရာ မလိုဟု ထုတ်ပြောလာခဲ့သည်။

 

သို့သော်လည်း လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တပ်များက ပါလီမန်ကို ဝင်ရောက် စီးနင်းခဲ့ကြသည်။ လွှတ်တော် အမတ် ၁၉၀ သည် လွှတ်တော် ခမ်းမထဲတွင် အကာအကွယ် ယူပြီး ရှိ‌ နေခဲ့ကြသည်။ အမတ် ၃၀၀ ရှိသော ပါလီမန် တွင် လူများစုက သမ္မတ အမိန့် အသက်ဝင်ပြီး နှစ်နာရီ ခန့် အကြာမှာပင် ယင်းအား ပယ်ဖျက်ပေးရန် တညီတညွတ် တည်း မဲ ပေးခဲ့ကြသည်။ သိတ်မကြာမီမှာပင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ပါလီမန် အဆောက်အဦး ထဲမှ ထွက်ခွာသွားကြသည်။

 

မနက် လေးနာရီ ထိုးပြီး မကြာမီမှာပင် သမ္မတ သည် ဒုတိယ အကြိမ် နိုင်ငံတဝှမ်း သို့ ‌မိန့်ခွန်း ပြောကြားပြီး ၎င်း အနေဖြင့် ပါလီမန် ၏ ဆန္ဒကို လေးစားသည့် အ‌နေဖြင့် မာရှယ်လော အမိန့်ကို ရုတ်သိမ်း ကြောင်း‌ နှင့် တပ်များလည်း စစ်တန်းလျား များသို့ ပြန်ကြရန် ပြောလာခဲ့သည်။

 

ကွန်ဆာဗေးတစ် တဦးလည်း ဖြစ်ပြီး ယခင် အစိုးရ ရှေ့နေ တဦး ဖြစ်သည့် မစ္စတာ ယွန်းသည် ၂၀၂၂ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် လီဂျေးမြောင် အား ပွတ်ကာသီကာ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့သည်။

 

ထို့နောက်တွင်တော့ ပြတ်ပြတ်သားသား လုပ်နိုင် ကိုင်နိုင် သော ခေါင်းဆောင် တဦး အဖြစ် သက်သေ ပြနိုင်ခဲ့သည့် အပြင် အတိုက်အခံ များကိုသာ မက ထောက်ခံခဲ့သူ များကိုပင် ၎င်းအား ဖဲကြဉ်လာအောင် လုပ်နိုင်ခဲ့သည်။

 

၎င်း၏ ပုံရိပ် ကို ကျဆင်းစေသော အရှုပ်အထွေး များလည်း ပေါ်ထွက်လာခဲ့ ပြန်သည်။ အထူးသဖြင့် ၎င်း၏ ဇနီး နှင့် ပတ်သက်၍ ဖြစ်သည်။ တန်ဘိုးကြီး Christian Dior ပိုက်ဆံ အိတ် အား လက်ဆောင် အဖြစ် လက်ခံနေသည့် ဗီဒီယို မှတ်တမ်း ထွက်လာခဲ့သည်။ ပြီးခဲ့သည့် လ အတွင်း ၎င်းအား လူထု လက်ခံမှု ရာနှုန်းသည် ၂၀ ရာနှုန်း အောက် ကျဆင်းသွားခဲ့သည်။

 

ဒီမိုကရက်တစ် ပါတီသည် သမ္မတ ရွေးကောက်ပွဲ တွင် အရေးနိမ့်သွားသော်လည်း ပြီးခဲ့သည့် နွေဦး ပါလီမန် ရွေးကောက်ပွဲတွင် အမတ် အများစု နေရာ ရရှိလာခဲ့သည်။ မစ္စတာ ယွန်းသည်လည်း ၎င်းအား ရန်လိုသည့် ပါလီမန် နှင့် ရင်ဆိုင်လာရ‌ တော့သည်။ စက်တင်ဘာ ၂ ရက် နေ့ ပါလီမန် စတင်သည့် အခမ်းအနားသို့ပင် မစ္စတာ ယွန်း တက်ရောက်လာခြင်း မရှိသည့် အဖြစ် ရောက်လာခဲ့သည်။

 

ပြီးခဲ့သည့် အပတ် အတွင်း မစ္စတာ ယွန်း ၏ ရှေ့နှစ် အတွက် ဘတ်ဂျက် ကို ဖြတ်တောက်ပစ်ခဲ့ကြသည်။ 

 

မစ္စတာ ယွန်းသည် အတိုက်အခံ များ အပေါ် လက်ဦး မှု ယူကာ ပညာပြ နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ၎င်း၏ လုပ်ရပ်သည် လုပ်ရိုး လုပ်စဉ် နိုင်ငံရေး လမ်းကြောင်းမျိုး မဟုတ်ဘဲ စစ်အာဏာရှင် ဟောင်း ပတ်ချုံဟီး ၏ လုပ်နည်း လုပ်ဟန်များ ပုံတူ ကူးချခြင်းမျိုး ဖြစ်နေသည်။ 

 

ယခုအခါ မစ္စတာ ယွန်းသည် ၎င်း၏ ကျဆုဲးခန်းကို ကိုယ်တိုင် ဖန်တီး လိုက်ပြီ ဖြစ်သည်။ သမ္မတ အဖြစ် သက်တမ်း ကုန်သည် အထိ မလုပ်ရဖို့က သေချာနေပြီ ဖြစ်သည်။

 

မစ္စတာ ယွန်း နှုတ်ထွက်ဖို့ ငြင်းဆန်ခဲ့လျင် ၎င်းအား တရားရုံးတင် စွဲချက်တင်ဖို့ ရှိနေသည်။ ထိုသို့ စွဲချက်တင်နိုင်ရန် လွှတ်တော် အမတ် စုစုပေါင်း၏ သုံးပုံ နှစ်ပုံက အတည်ပြုရန် လိုအပ်သည်။ သမ္မတ ၏ ပါတီ သည် လွှတ်‌ တော် တွင် ၁၀၈ နေရာ ရှိထား၍ ရှစ်‌ ယောက်သာ အတိုက်အခံ နှင့် အတူ ရပ်တည်သွားရန် လိုသည်။ အတည် ပြူ နိုင်ပါက ဖွဲ့စည်းပုံ ခုံရုံး မှ စစ်ဆေး စီရင်သွားမည် ဖြစ်သည်။

 

လောလောဆယ် တွင် မစ္စတာ ယွန်း ၏ မာရှယ်လော ကြေညာခဲ့မှု အတွက် တရားလွှတ်တော်ချုပ် အစိုးရ ရှေ့နေ အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

 

(၂၀၂၄ ဒီဇင်ဘာ ၃ ရက်‌နေ့ထုတ် အီကော‌နော်မစ် မဂ္ဂဇင်းပါ "Martial law in South Korea—and then not. What comes next?" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။၊)