ကချင် လွတ်လပ်ရေး တပ် သည် ဗန်းမော် မြို့ရှိ အထင်ကရ နေရာများ၊ ရုံး အဆောက်အ ဦး များကို သိမ်းယူ လိုက်ကြပြီ ဖြစ်သည်။
ဗန်းမော် နှင့် မန်စီ မြို့များအား ဗုဒ္ဓဟူးနေ့မှစပြီး တပြိုင်တည်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
သောကြာနေ့တွင်တော့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် နှင့် ဂေါက်ကွင်း တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့အတွင်း ဝင်ရောက်လာကြပြီး မြို့တွင်းရှိ လမ်းဆုံလမ်းခွများတွင် နေရာယူ ထားကြပြီး မြို့သူ မြို့သား အများစုသည် မြို့ထဲတွင် ပိတ်မိနေကြသည်။
ကချင် သတင်းမီဒီယာ များ အဆိုအရ အကြမ်းဖက် စစ်တပ်သည် ဗန်းမော်ကို ထိုးစစ် ဆင်နေကြသော တော်လှန်ရေး တပ်ပေါင်းစု ကို အစဉ်အလာ မပျက်လေကြောင်းမှ ၎င်း၊ လက်နက်ကြီးများဖြင့် ၎င်း ရမ်းသမ်း ပစ်ခတ်တိုက်ခိုက် လျက် ရှိသည်။
ခမရ ၂၃၆ နှင့် ကွန်ပြူတာ တက္ကသိုလ် အနီးတဝိုက် ရှိ စစ်ကောင်စီ အထိုင် စခန်း များကို တော်လှန်ရေး တပ်များက သိမ်းယူ နိုင်ခဲ့ကြသည်။
ခမရ ၃၇ အား အကာအကွယ် ပေးနေသော စစ်ကောင်စီ စခန်း နှစ်ခု ကို သိမ်းယူ နိုင်ခဲ့ပြီး တင့်ကား နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြသည် အစရှိသဖြင့် ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။
ကချင် လွတ်လပ်ရေး အဖွဲ့သည် တရုတ်၏ အပစ်ရပ်ရန် ဖိအား ပေးနေသည့် ကြားမှ နယ်စပ် မြို့များ၊ စစ်ကောင်စီ တပ်များ၏ အခြေစိုက် စခန်းများ အပါအဝင် ကချင် အထူး ဒေသ (၁) အတွင်းရှိ မြို့ ငါး မြို့ အနက် လေးမြို့ကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်ဖွဲ့သည် အစိုးရ တပ် ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်များ အပါအဝင် တော်လှန်ရေး တပ်များ နှင့် လက်တွဲ ၍ ပြည်သူ တရပ်လုံး ၏ ဘုံရန်သူ ဖြစ် သော စစ်ကောင်စီ တပ်များကို ဆက်လက် ချေမှုန်း တိုက်ပွဲဝင်လျက် ရှိနေသည်။
လက်ရှိ တွင် နိုင်ငံ၏ အထင်ကရ မြိုကြီးများ ဖြစ်သော လားရှိူး အား မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မှ၎င်း၊ သံတွဲ အား အာရက္ခ တပ်တော်မှ၎င်း၊ ဗန်းမော်အား ကချင် လွတ်လပ်ရေး တပ် မှ ၎င်း၊ မိုးကုတ် အား တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မှ ၎င်း အသီးသီး သိမ်းယူ နိုင်ခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့ အဖို့က လူထု စုရုံးပွဲ များ လုပ်ပြီး ဗန်းမော်ပြန်ပေး၊ လားရှိုး ပြန်ပေး၊ သံတွံ ပြန်ပေး၊ မိုးကုတ် ပြန်ပေး ဟု ကြွေးကြော်သံများ ဟစ်ကြွေး တောင်းဆိုဖို့သာ တတ်နိုင်ကြတော့မည် ဖြစ်သည်။
နောက်ဆုံးရရှိသော သတင်းအရ အမ်းလေဆိပ်၊ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ဌာနဆိုင်ရာရုံးများအားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်တော့ သည်ဟု သိရသည်။
တရုတ် တို့ ကယ်တင်ပေးထား၍ ဆက်၍ ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်သည့် ပြင်ဦးလွင် ရှိ ဒေါ်စိန်အေး ကျောင်းတိုက်တွင် အမှတ်စဉ် (၆၆) ဗိုလ် သင်တန်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး အာဏာသိမ်း ခေါင်းဆောင် ရောက်လာ၍ လုံခြုံရေး အထူး တင်းကျပ်ထားသည်ဟု သတင်းများက ဆိုသည်၊
အဆိုပါ သင်တန်းဆင်း ဗိုလ်လောင်းများသည်လည်း မင်းအောင်လှိုင် နှင့် အဖွဲ့အား ကာကွယ်ဖို့လူထု အား နှိပ်ကွပ် သတ်ဖြတ်ရန် လေ့ကျင့် သင်ကြား တတ်မြောက်လာကြသူများ ဟုသာ လူထု၏ ရှုမြင်ခံရသူ များ ဖြစ်လာပေတော့မည်။
မင်းအောင်လှိုင်သည် ပြည်တွင်း တွင်သာ လူလုံး ပြရဲသော်လည်း အိုင်စီစီ မှ အလိုရှိ နေသော တရားခံ အဖြစ် ဖမ်းဝရမ်း ထုတ်ခံရမည့် အရေး ကြောင့် ပြည်ပသို့ ခရီး ထွက်ရာ တွင် မူ ရုရှား မှ လွဲ၍ ကျန် နိုင်ငံများသို့ ခရီး ထွက် ရေး အတွက် အသေအချာ ချိန်ဆ စဉ်းစား ရတော့မည် ဖြစ်သည်။
၎င်း စဉ်းစားရမည့် အထဲတွင် တရုတ် ပြည် ပင် ပါဝင်လာဖို့ ရှိလာသည်၊ citizen arrest ဟု ဆိုကာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကဲ့သို့ အကျယ်ချုပ် ဖမ်းဆီးပြီး လိုလားချက် များ မဖြစ်မနေ လိုက်လျောရန် အကျပ်ကိုင် တောင်းဆိုခံရမည့် အရေးကိုလည်း ဖြစ်ခဲ့သည် ရှိသော် ဆိုကာ မစဉ်းစားပဲ နေ၍ ရမည် မဟုတ်။
မင်းအောင်လှိုင် အတွက် အဆိုးထဲက အကောင်း ဖြစ်လာနိုင်သည်က နောက်လိုက် စစ်ဗိုလ်ချုပ် များအားလုံး လိုလိုသည်လည်း စစ်ရာဇဝတ်မှု များ ကျူးလွန်နေကြသူများ ဖြစ်၍ ခေါင်းဆောင်ကြီး ပြိုလဲသွားပါက ၎င်းတို့ အားလုံးလည်း အိုင်စီစီ ဝက်ခြံများ ထဲ ရောက်ကုန်ကြမည် ဖြစ် သော ကြောင့်လည်း ၎င်းအား ဝိုင်းရံ ပေးလာကြမည် ဟု ယူဆ၍ ရနေ သောကြောင့်ပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!