MNDAA ဖက်က တပတ် ထပ်လျော့ ရပြန်ပြီ

by Hla Soewai - Dec 16 2024

စစ်ပွဲ ဟူသည်က နိုင်သူသည်သာ အပေါ်စီး မှ ဆက်ဆံ ရသည်မျိုးသာ ရှိခဲ့သော်လည်း နွေဦး တော်လှန်ရေး တွင် ၁၀၂၇ စစ်ဆင်ရေး ဖြင့် သမိုင်း ပြောင်မြောက်စွာ စစ်တပ်၏ အစွယ်ကို ရိုက်ချိုး နိုင်ခဲ့သော MNDAA သည် ဒီဇင်ဘာ ၃ ရက် တွင် နောက်ထပ် ကြေညာချက် တရပ် ထုတ်ပြန်လာခဲ့သည်။

 

အင်အား ၈,၀၀၀ ခန့် ရှိနေသော MNDAA တပ်ဖွဲ့၏ ကြေညာချက် တွင် ယနေ့မှစ၍ မိမိတို့ ဖက် မှ အပစ် အခတ် စတင် ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း၊ မြန်မာ စစ်တပ်အား လည်း ထိုးစစ်ဆင် တိုက်ခိုက်သွားတော့မည် မဟုတ်ဟု ပါရှိလာသည်။ ထို့အပြင် တရုတ်မှ ဝင်ရောက် ဖြန်ဖြေ ပေးမှု ဖြင့် လားရှိုး ကဲ့သို့ ပြဿနာ များကို ငြိမ်းချမ်းစွာ ဆွေးနွေးသွားမည်ဟု လည်း ဆိုသည်။

 

၎င်းတို့ အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို နေပြည်တော် သို့ စေလွှတ်ရန် လည်း ဆန္ဒရှိနေ ပြီး မြန်မာ စစ်တပ် နှင့် သဘောထား ကွဲလွဲမှုများ၊ ပဋိပက္ခ များကို နိုင်ငံရေး နည်းလမ်း ဖြင့် သာ ဖြေရှင်း သွားမည်ဟု လည်း ပါရှိခဲ့သည်။

 

ထို ကြေညာချက် ထွက်ပေါ်လာခြင်းကြောင့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ် အစိုးရ ပြောသလို ဆေးကုသ ခံပြီး အနားယူ နေခြင်း မဟုတ်ဘဲ၊ ကူမင်း ရှိ ဟိုတယ် တခု တွင် ဓါးစာခံ အဖြစ် ဖမ်းဆီး ခံနေရသည် ဆိုသည် မှာ ပေါ်လွင် ထင်ရှား လာပေသည်။

 

စစ်ကောင်စီ အသက်ဆက်ခွင့် ရနေခြင်းသည် တရုတ် တို့ ကျေးဇူးကြောင့်ဟု လူတကာ သိနေသော်လည်း ပြောခွင့်ရ ဇော်မင်းထွန်း ကမူ ထိုမျှ နှင့် လုံလောက်သေးပုံ မရဟန် ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ဖြစ်မြောက်အောင် လိုလားမှု ရှိသည်ကို ပြသရန် လိုအပ်သည်ဟု ပြောလာသည်။ MNDAA နှင့် TNLA သည် ကြေညာချက် အမျိုးမျိုး ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင် လက်တွေ့ အကောင်အထည် ဖေါ်ခြင်း မရှိဟုလည်း ဆိုသည်။

 

အဆိုပါ နှစ်ဖွဲ့ နှင့် ငြိမ်းချမ်းရေး ‌ဆွေးနွေးရမည့် လုပ်ငန်းစဉ် များကို တရုတ် ဝန်ကြီးချုပ် လီချွန်း နှင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ဝန်ခံ သွားပြန်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ က MNDAA ၏ အပြုသဘော ဆန်သော ကြေညာချက် ကို ကြိုဆို‌ ကြောင်း နှင့် အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး ဆွေးနွေးပွဲ ဖြစ်မြောက်‌ အောင် ပံ့ပိုးသွားမည် ဟု အချိန်ကိုက် ပြောဆိုလာခဲ့သည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါ က တရုတ် တို့ ဖိအားပေးမှု မရှိခဲ့လျင် MNDAA ထံမှ ထိုသိုသော ကြေညာချက် မျိုး ထွက်ပေါ်လာစရာ မရှိဟု သုံးသပ်သွားသည်။

 

MNDAA မှ လားရှိုးအား သိမ်းပိုက်ပြီးချိန်မှစ၍ တရုတ်သည် လောက်ကိုင် အား ရေ၊ မီး နှင့် အင်တာနက်များ ဖြတ်တောက်ထားခဲ့သည်။

 

စစ်ကောင်စီ ကလည်း တဖက်မှ ဘက်ပေါင်းစုံ ပိတ်ဆို့ထား မှု ကြောင့် သိမ်းယူ ထားသော နယ်မြေ များ ပုံမှန်လည်ပတ်ရန် အုပ်ချူပ် နိုင်စွမ်း မရှိ‌ တော့သည့် အကြောင်းသည်လည်း တခု အပါအဝင် ဖြစ်မည်ဟု ယူဆရသည်။

 

စစ်ရေး လေ့လာသူများကမူ MNDAA သည် လားရှိုးကို စစ်ကောင်စီ အား မည်သို့မျှ ပြန်ပေး၍ မဖြစ်၊ ပေးလိုက်မည်ဆိုက ခံစစ်စည်း ကျိုးပေါက်သွားမည် ဖြစ်ပြီး လားရှိူး မြို့တဝိုက် ရှိ TNLA သိမ်းပိုက်ထားသော နယ်မြေများ ခြိမ်းခြောက်ခံရမည် ဖြစ်သည်ဟု သုံးသပ်ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီ ဖက်ကလည်း လားရှိုးကို ပြန်မရက ဆက်၍ အရှက်တကွဲ ဖြစ်နေဦးမည် ဖြစ်၍ MNDAA မှ ၎င်းတို့အား ပြန်ပေးဖို့ ပြောပေးရန် တရုတ် အားလည်း ပူဆာ ကြမည် ဖြစ်သည်။

 

ဘီဂျင်းသည် မန္တလေး အား တက်သိမ်းပြီး စစ်ကောင်စီ ပြုတ်ကျသွားသည် အထိ တိုက် နိုင်စွမ်း ရှိသူ များသည် အဆိုပါ နှစ်ဖွဲ့သာ ရှိသည် ဟု လည်း ယူဆထားပုံရသည်။

 

MNDAA ၏ ကြေညာ ချက် ကြောင့် စစ်ကောင်စီ ပြုတ်ကျသွားမည်ဟု ယူဆ‌ နေသော နိုင်ငံတကာ ၏ အမြင်သည် တိမ်းစောင်းသွားနိုင်ပေသည်။

 

ကချင် လွတ်လပ်ရေး တပ် နှင့် အာရက္ခ တပ်များသည် ၎င်းတို့ ဒေသများတွင် ဆက်လက် ထိုးစစ် ဆင်လျက် ရှိ‌နေသည်။ ကေအိုင်အေ သည် ဗန်းမော် နှင့် မန်စီ မြို့နယ်များ ရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက် တိုက်ခိုက် နေသည်။ မန်စီ မြို့ရှိ စစ်ကောင်စီ တပ်ရင်း ၃၁၉၊ ၆၀၁ နှင့် အမြှောက်တပ် ၅၂၃ တို့အားလည်း ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ဖြစ်သည်ဟု သိရသည်။

 

ကေအိုင်အေ သည် အာဏာသိမ်းပြီး နောက်တွင် ကချင်၊ စစ်ကိုင်း တိုင်း မြောက်ပိုင်း နှင့် ရှမ်းမြောက် ဒေသများရှိ မြို့ပေါင်း ၁၂ မြို့ကို သိမ်းယူထားပြီး ဖြစ်သည်။

 

အင်္ဂါ‌ နေ့တွင် စစ်ကောင်စီ မီဒီယာ များ မှ တရုတ် နှင့် ပူးတွဲ လုံခြုံရေး ကုမ္ပဏီ တည်ထောင်ရေး အတွက် ပြည်ထဲရေး ဒု ဝန်ကြီး ဆိုသူ ဗိုလ်ချုပ် တိုးရီ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦး ပါ လုပ်ငန်း ကော်မတီကို ဖွဲစည်းကြောင်း သတင်း ထုတ်ပြန်လာခဲ့သည်။

 

ဘီဂျင်းသည် စစ်ဗိုလ်ချုပ်များ သက်ဆိုးရှည်နေသရွေ့ မြန်မာ ပြည်တွင် အခြေချ နိုင်မည်၊ ထိုအခွင့်အရေး မျိုး နောက်ထပ် ပြန်မရနိုင်တော့ ယူဆထားပြီး ဖြစ်သည်။

 

တရုတ်သည် ဒေသတွင်း ဗိုလ်ကျ လွှမ်းမိုး နိုင်ရေးအတွက် မလက္ကာရေလက်ကြား အား ပိတ်ဆို့ ခံရမည့် အန္တရာယ်ကို ကျော်လွှားနိုင်မှ ဖြစ်မည် ကို သိထားပြီး မြန်မာဖက်မှ အိန္ဒိယ သမုဒ္ဒရာ ကို ထွက်ပေါက်ရအောင် ယူထားမည်သာ ဖြစ်သည်။

 

ထရန့် အစိုးရ အနေဖြင့် ထိုအခွင့်အရေးကို တရုတ်အား အသာတကြည် ပေးမည် ဆိုက ၎င်းတို့၏ ရည်မှန်းချက် ပေါက်မြောက်ရေးသည် အိပ်ပေါက် နှင့် ဖားကောက်သလိုသာ ဖြစ်နေမည်ကို မူဝါဒ ရေးဆွဲသူများ ကောင်းစွာ ရိပ်စား မိနေမည်သာ ဖြစ်သည်။

 

ယခုပင်လျင် ရှေ့လျောက် နည်းပညာ ပြိုင်ဆိုင်မှု များ ရှိလာမည့် အရေးကို တွက်ဆ၍ တရုတ်သည် ရှားပါး မြေသား သတ္တုများ အမေရိကန်သို့ တင်ပို့ နေခြင်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!