မြန်မာ စစ်တပ်၏ ညံ့ဖျင်းလှသော တိုက်ရည် ခိုက်ရည်များက တသက်လုံးဖုံးထားသမျှ ကုန်းကာမှ ပေါ် ဆိုသလို ဖြစ်လာနေပြီး အိမ်နီးချင်း နိုင်ငံများ အားလုံး က ကြက်ကလေး ငှက်ကလေး လို ရက်ပိုင်း အတွင်း နိုင်ငံ ကို တက်သိမ်း နိုင်သည်ဟု ယူဆထားပြီး ဖြစ်သည်။
သို့သော် အမိန့် ဆိုသည်ကို လှေနံဓါးထစ် မှတ်ယူ ထား ရမည် ဟု လေ့ကျင့် ပေးထားသော ဒေါ်စိန် အေး ကျောင်း ထွက်များက အမေမှ မှာသည့် အတိုင်း အခြား ဘာကိုမျှ ရှည်ရှည်ဝေးဝေး စဉ်းစားဉာဏ် မရှိသူများ ပီပီ မြန်မာ ရေပိုင်နက် ကို ကျုးကျော် ဝင်ရောက်လာသည် ဆိုကာ ထိုင်း ငါးဖမ်း သင်္ဘော နှစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။
မင်းအောင်လှိုင် နှင့် အဖွဲ့သည် နကိုယ်ကမှ မိတ်ဆွေ မရှိ ဖြစ်နေ၍ ရသမျှ ခြစ်ကုပ် ကာ ထိုင်း ကို အရဆွဲ ထားနေရသည့် အဖြစ်ကိုလည်း သဘော မပေါက်၊ ခြောက်လှန့် ပစ်ခတ် ယုံမျှ နှင့် အားမရပဲ စက်လှေ ပေါ်ပါ သင်္ဘော သား ၃၁ ဦး ကို ဖမ်းဆီးခဲ့သည်။ သို့သော် ထိုအထဲ တွင် ထိုင်း နိုင်ငံသားဟူ ၍ လေးဦးသာ ပါရှိပြီး ကျန် ၂၇ ဦးသည် မြန်မာ များ ဖြစ်နေပြန်သည်။ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမား တဦး ရေနစ် သေဆုံးသွားပြီး နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ထိုင်း နိုင်ငံသား လေးဦး ဘေးမသီ ရန်မခ ရှိနေသည်ဟု ဆိုသည်။
သင်္ဘော နှင့် ဖမ်းဆီးထားသူများ အား ဇာဒက်ကြီး ကျွန်းဖက်သို့ ခေါ်ဆောင်သွားသည် ဟု သိရသည်။ အချို့သတင်း ဌာနများကလည်း Yan Cheuk ကျွန်းဖက်သို့ ဟုလည်း ဖေါ်ပြထားသည်။
ငါးဖမ်းသင်္ဘော ၁၅ စီး အနက် နှစ်စီး ပစ်ခတ်ခံခဲ့ရပြီး ရနောင်း မြို့ အနီး မြန်မာ ရေပိုင်နက်ထဲ သို့ ၇.၄ မှ ၁၀.၆ ကီလိုမီတာ အတွင်း ရောက်ရှိနေချိန် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန က အစောပိုင်း က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်း အား မှန်ကန်ကြောင်း အတည်ပြုပေးရန် ထိုင်း ဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝါ အား သတင်းထောက်များ မှ မေးမြန်းသည့်အခါ မြန်မာ ရေပိုင်နက်ထဲ ရောက်နေသည် ဆိုသည်မှာ ရေရေရာရာ မပြောနိုင်သေးကြောင်း ဖြေဆိုသွားပြီး မည်သို့သော အခြေအနေမျိုး ရောက်ရောက် အကြမ်းဖက် လာမှု ကို အားပေး လိမ့်မည် မဟုတ်ဟု လည်း ပြောဆိုသွားခဲ့သည်။
မြန်မာ စစ်တပ် လက်ဝယ် ရောက်နေသော ငါးဖမ်း သင်္ဘော သား ၃၁ ဦး ထဲမှ ထိုင်း နိုင်ငံသား ၄ ဦး အား အမြန်ဆုံး ပြန်လွှတ်ပေးရန် လည်း တောင်းဆိုသွားသည်။
ထိုင်း စစ်ဖက်သည် မြန်မာ စစ်တပ်ဖက်မှ ဖေးဖေးမမ ပြောဆိုမှု များ ကိုလည်း တွေ့လာရသည်။
ထိုင်း ကာကွယ်ရေး ဝန်ကြီးက နယ်ခြား ပြဿနာ ဖြေရှင်းရေး ပူးတွဲ ကော်မတီ မှ တဆင့် ကန့်ကွက်စာ ပေး ပို့ထားပြီး ဖြစ်ပျက်မှု အလုံးစုံ ကို အသေအချာ ရှင်းလင်းရန် နှင့် ဖမ်းဆီးထားသော ထိုင်း နိုင်ငံသားများ နှင့် သင်္ဘော ကို ပြန်ပေးရန် တောင်းဆိုထားသည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဘန်ကောက်ရှိ စစ်ကောင်စီ သံအမတ် အား ခေါ်ယူ တွေ့ဆုံပြီး ကန့်ကွက်စာ ကို ပေးအပ်ခဲ့သည်။ ၎င်းကလည်း အလားတူ ဖြစ်စဉ်ကို ရှင်းလင်းရန် နှင့် ၎င်းတို့ နိုင်ငံသား လေးဦး ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
စစ်ကောင်စီ ဖက်မှ ထုံးစံ အတိုင်း ပြဿနာ ဖြစ်လာလျှင် မင်းအောင်လှိုင် ထံမှ အမိန့်ကို စောင့်နေရစမြဲ ဖြစ်၍ လတ်တလော အသံတိတ်နေသည် ဟု သိရသည်။
လောလောဆယ်တွင် မဲဟောင်ဆွန်း ပြည်နယ် နှင့် ကပ်နေသော ရှမ်းပြည်တောင်ပိုင်း ရှိ ဝ တပ် စခန်း ကိုးခုအား တလ အတွင်း ဖယ်ရှားပေးရန် ထိုင်း စစ်ဖက်မှ တောင်းဆိုလာပြီး အင်အား ဖြန့်ကြက်ချလာသည့် အတွင် တင်းမာမှု များ မြင့်တက်နေချိန်လည်း ဖြစ်သည်။
မြန်မာ တွင် မိမိကိုယ် မိမိ သက်ဦးဆံပိုင် ဘုရင်များ အလား ထင်မှတ်နေသော စစ်အာဏာရူး များ ကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း နိုင်ငံ များ ကိုယ့်စီးပွား ကိုယ် လုပ်လုပ်မစားရပဲ ၎င်းတို့ ဖန်တီး လာသော ပြဿနာများကို ဒိုင်ခံ ဖြေရှင်းနေကြရပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!