လက်ရှိ တွင် ကချင် လွတ်လပ်ရေး တပ်မှ ကန်ပိုက်တည်ကို သိမ်းယူ နိုင်ခဲ့ မှု နှင့် အတူ ကချင် အထူး ဒေသ (၁) တခုလုံး ကို ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းနှင့် အတူ တနှစ်လျင် ဒေါ်လာ ၁.၄ ဘီလီယံ တန်ဖိုး ရှိ လျပ်စစ် မော်တာများ၊ လေအားသုံး တာဘိုင်များ ထုတ်လုပ် ရေး တွင် မရှိမဖြစ် လိုအပ် နေသည့် ရှားပါး မြေသား သတ္ထု တွင်း ၃၀၀ ခန့်သည် ကချင်လွတ်လပ်ရေး အဖွဲ့၏ လက်ဝယ် ကျရောက်သွားပြီ ဖြစ်သည်။
ယင်းသည် စစ်တပ် အတွက် ဝင်ငွေရရာ ရကြောင်း လမ်း တခု ပြတ်တောက်သွားသည် နှင့် အတူ တရုတ်ကိုလည်း မျက် နှာ မပြရဲ စရာ အရှက် ရသွားစေခဲ့သည်။
တရုတ်၏ အကျိုးစီးပွားများသည် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ် နယ်မြေ များထဲတွင် သာ ရှိနေ၍ စစ်ကောင်စီ အား ဆက်၍ အသက်ဆက် နိုင်အောင် လုပ်ပေးက အချိန် ဖြုန်းရာလည်း ကျနေမည်လား ဟု စဉ်းစားစရာ ဖြစ်လာသည်။
ယင်း နှင့် ပတ်သက်၍ ဂျာမန် သတင်းဌာန Deutsche Well (DW) မှ ယခုလို ရေးသားလာခဲ့သည်။
တရုတ် သည် ရေရှည် လုပ်စား သွားနိုင်ရန် စစ်ဗိုလ်ချုပ်များကို လက်သပ် မွေးထားဖို့ စိတ်ဒုံးဒုံး ချ လိုက်ပြီး ၎င်းတို့ ပြုတ်မကျရေး အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ ဖြင့် ဝင်ရောက် ပတ်သက်ရန် ဆုံးဖြတ်လာခဲ့သည်။ ပြီးခဲ့သည့် ဆယ့်နှစ်လ အတွင်း စစ်တပ် အဖို့ နာလန်မထူ နိုင်အောင် ဖြစ်လာနေ၍ ထိတ်လန့်လာကြခြင်းလည်း ဖြစ်သည်။
ထိုအထဲတွင် နှစ်နိုင်ငံ လုံခြုံရေး ကုမ္ပဏီ ပုံစံမျိုး နှင့် တပ်များ စေလွှတ်ရန်ပင် တရုတ်ဖက်က တောင်းဆိုလာခဲ့သည်။ စစ်ကောင်စီ ဖက်မှ ထို့အတွက် သုံးသပ်ရန် လုပ်ငန်း ကော်မတီ ဖွဲ့စည်းသည် ဟု သတင်း ထွက်နေသည်။
တရုတ် နိုင်ငံခြားရေး ဝမ်ယီ ကိုယ်တိုင် နေပြည်တော်သို့ ရောက်လာသည်၊ ကူမင်း တွင်လည်း ဝန်ကြီးချုပ် လီချန်းက မင်းအောင်လှိုင်ကို လက်ခံ တွေ့ဆုံပေးလာခဲ့သည်။
ထိုသို့ စစ်အာဏာရှင်အား ဘီဂျင်းမှ နီးနီးကပ်ကပ် ပြန်၍ ဆက်ဆံလာမှု ကြောင့် တော်လှန်ရေး ကို ထိခိုက်လာမှု နှင့် အတူ တရုတ် ဆန့်ကျင်ရေး သဘောထားများ မြန်မာ နိုင်ငံ အတွင်း မြင့်တက်လာခဲ့သည်။
မြန်မာ အရေး တက်ကြွ လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာ က တရုတ်သည် မြန်မာ အပေါ် ကိုလိုနီ လက်သစ် ဝါဒ ကျင့်သုံးလာသည်မှာ ရှင်းလင်း ထင်ရှားလာသည်ဟု ပြောလာခဲ့သည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက တရုတ်တို့၏ တောင်းဆိုလာမှု ကို မြန်မာ စစ်တပ် အနေနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်ခံပြီး အကြီးအကျယ် လိုက်လျောပေးဖို့ လိုအပ်လာသည် ဟု မှတ်ချက်ချခဲ့သည်။
မင်းအောင်လှိုင်သည် တရုတ်ပြည် သွားခွင့်ရရေး အတွက် နှစ်ပေါင်းများစွာ လော်ဘီ လုပ်နေခဲ့ရချိန်တွင် တရုတ်တို့ ဖက်မှ ယခုလို တပုံတပင်ကြီး အသိအမှတ် ပြုလာမှု အတွက် အပေးအယူ သဘော လုပ်ခဲ့ရသည်ဟု ယူဆ၍ ရနေသည်ဟု ဆိုသည်။
ယခုအခါ စစ်ကောင်စီ သာ မဟုတ်တော့ဘဲ MNDAA နှင့် TNLA တို့ကပါ အပေးအယူ လုပ်ချင်လာသည်။ MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ဖြင့် တရုတ်တို့ အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာခဲ့သော်လည်း ဒုတိယ လှိုင်း ဖြင့် လားရှိူး အထိ သိမ်းယူလာသည်ကိုတော့ လက်မခံနိုင် ဖြစ်လာသည်။
၎င်းတို့ လက်ခံ နိုင်သည့် အတိုင်းအတာ အထိ လိုက်လျောမှု မရှိသည်ကို တွေ့လာရသည့် အခါတွင်တော့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ် ဖမ်းဆီးထားသည်အထိ ဒေါသတကြီး တုန့်ပြန်လာခဲ့သည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ မြန်မာ အရေး စောင့်ကြည့် လေ့လာနေသူ ဇာခါရီ အဘူဇာက ဆိုသည်။
ဤသည်ကပင် တရုတ်တို့ဖက်က မယုံနိုင်လောက်အောင် စည်းကျော်လာခြင်း ဖြစ်ပြီး ၎င်းတို့ ဖြစ်စေချင်သလို ဖြစ်လာမည် မဟုတ်ဘဲ တန်ပြန် ရိုက်ခတ် ခံလာရမည်ဟု လည်း ပြောခဲ့သည်။ တရုတ်အစိုးရ နားမလည်သည်က ညီနောင်သုံးဖေါ်သည် ၎င်းတို့ အတွက် တိုက်ပေးနေခြင်း မဟုတ်ပဲ သူတို့ အကျိုးရှိရာ ရှိကြောင်း တိုက်နေခြင်း ဖြစ်သည်၊ တရုတ်တို့ဖက်က စစ်ကောင်စီ အား နှစ်ဆ တိုး ထောက်ခံလာခြင်းမျိုး ဖြင့် နိုင်ထက်စီးနင်း လုပ်လာခြင်းကို သည်းခံကြတော့မည် မဟုတ်ဟု မှတ်ချက်ပေးလာသည်ဟု ရေးသားထားသည်။
တရုတ်သည် ငြိမ်းချမ်းရေး စကား တွင်တွင် ပြောနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် များ ထိန်းချုပ် နယ်မြေများသို့ အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်နေမှု များကို မသိကျိုးကျွံ ပြုနေဆဲပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တရုတ်၏ ညွန်ကြားချက်အရ ငြိမ်းချမ်း ရေး ဆိုသည်ကို နိုင်ငံတကာ ကြားကောင်းအောင် ပြောနေခြင်းသာ ဖြစ် သည်ဟု ဆိုကာ တိုင်းရင်းသား အဖွဲ့များက ပယ်ချထားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ စစ်အနိုင်တိုက်ရေး၊ ဆုံးရှုံး နယ်မြေများ ပြန်ရရေး ဆိုသည့် စစ်ဝါဒကို မည်သည့် အခါမှ စွန့်လွှတ်မည် မဟုတ်ပေ။
ယခုအခါ ထိုင်း-မြန်မာ နယ်စပ်တွင် စစ်ရေး တင်းမာမှု များ ဖြစ်ပေါ်လာသည်။ မယ်ဟောင် ဆောင် ပြည်နယ် နှင့် ကပ်နေ သော ရှမ်းပြည် တောင်ပိုင်းရှိ ဝ တပ်များ၏ စစ်စခန်း ကိုးခု ကို ရွှေ့ပြောင်းပေးရန် ထိုင်း ဖက်မှ ရာဇသံ ပေးလာသောကြောင့် ဖြစ်သည်။ ယခုအခါ ထိုင်း စစ်တပ်မှ လက်နက်ကြီး များ အပါအဝင် စစ်အင်အား တိုး၍ ချလာနေသည်ဟု သိရသည်။
ဝ ပြောခွင့်ရ ဦးညီရန်း မှ နယ်ခြား ပြဿနာ ဖြစ်၍ နှစ်နိုင်ငံ အစိုးရချင်း ဖြေရှင်းရန် အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။
သီအိုရီ အရ မှန်ကန်သော်လည်း လက်တွေ့တွင် မြန်မာ စစ်တပ်သည် ဝ များ ၏ မျက်နှာကြည့်၍ နေရသူများ ဖြစ်၍ ၎င်းတို့အား ဖုတ်လေသည့် ငပိ ရှိသည်ဟု ပင် ထင်မထားကြမှန်း သိထား၍လည်း ဝ ကိုယ်စားလှယ် အဖွဲ့ကို တိုက်ရိုက်ခေါ်ယူ ဆွေးနွေးရာမှ တင်းမာလာခဲ့ခြင်း ဖြစ်သည်။
အဓိက အားဖြင့် မူးယစ်ဆေးဝါး ကူးသန်း ရောင်ဝယ်မှုများ၊ တရားမဝင် ဝင်ရောက်လာမှု များကြောင့် ဖြစ်မည်ဟု ယူဆရသည်။
တရုတ် လွှမ်းမိုး လာမှု ကြုံလာ နေရ၍ တိုင်း ပြည် အခြေအနေသည် အဖက်ဖက် က စိုးရိမ်စရာ ဖြစ်လာနေသည် ကို ရိပ်စားမိလာသော အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ကြီး ဒူဝါး လရှီးလ မှ ပြည်ပ ရောက်နေသော အစိုးရ အဖွဲ့ဝင်များ ပြည်တွင်း မှာ ပြန်လည် စုစည်း၍ မဟာဗျူဟာ အပြောင်းအလဲ ဖေါ်ဆောင်ရေး ဆွေးနွေးကြ ရန် အလေးအနက် တိုက်တွန်းကြောင်း ယမန်နေ့က ပြုလုပ်သည့် အစိုးရ အဖွဲ့ အစည်း အဝေး တွင် ပြောဆိုသွားသည်ဟု သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!