ဘီလ် ဂိတ်စ် ခန့်မှန်းပြီ

by Hla Soewai - Apr 27 2020

သမိုင်း ပညာရှင်များ မှ ကိုဗစ်-၁၉ ကပ်ရောဂါကြီး အကြောင်း ရေးသားပြုစုလာကြသည့်အခါ ကျွနုပ်တို့ ယခု ရင်ဆိုင်နေရမှုများ အကြောင်းကို ၎င်းတို့ ရေးသားပြုစုလာမှု၏ သုံးပုံ တပုံမျှလောက်သာ ပါဝင်လာဖို့ ရှိနေပြီး ကျန် သုံးပုံ နှစ်ပုံ သည်ကား ရှေ့လျှောက် ဖြစ်လာမည့် အကြောင်းများ နှင့် ပြည့်နှက်နေလိမ့်မည်သာ ဖြစ်သည်။

ဥရောပ နိုင်ငံ အများအပြား၊ အရှေ့အာရှ နှင့် မြောက်အမေရိက တိုက် ဖက်တွင် ကပ်ရောဂါ ကြီး သည် ယခု လ အကုန်ပိုင်းလောက်တွင် အမြင့်ဆုံးသို့ ရောက်ပြီး ပြန်ကျလာဖွယ် ရှိနေသည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း မိမိတို့၏ လူနေမှု ဘဝများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ က ကဲ့သို့ ပြန်လည် လှုပ်ရှား လည်ပတ်နိုင်တော့မည် ဖြစ်သည်ဟု အတော်များများက မျှော်လင့်နေကြသည်။ သို့သော် ၎င်းတို့ မျှော်လင့်သလို ဖြစ်လာလိမ့်မည်ကား မဟုတ်ဟု စိတ်မကောင်းစွာ နှင့် ပြောရပေလိမ့်မည်။

အဆိုပါ ကပ်ရောဂါကြီးကို လူသား မျိုးနွယ်စု တို့ အနိုင်တိုက်နိုင်ရေးသည် ကာကွယ်ဆေး ထိုးနိုင်သည့် အဆင့် ရောက်မှသာ စိတ်ချရပေမည်။ ထိုအချိန်သို့ မရောက်မခြင်း မည်သို့မျှပင် ပုံမှန် ပြန်ဖြစ်လာနိုင်မည်ကား မဟုတ်ပေ။ အစိုးရများမှ ကွာရန်တင်း အမိန့်ကို ဖယ်ရှားပြစ်ပြီး စက်ရုံ အလုပ်ရုံ၊ ဈေးဆိုင်များ ၏ တံခါးများ ပြန်ဖွင့်ခွင့်ပေးလာခဲ့သည့်တိုင် လူသားတို့၏ မူရင်း စိတ်နေသဘောသဘာဝကပင် မိမိကိုယ် မိမိ ရောဂါပိုး ကူးစက်ခံမည် အထိ စွန့်စားလိုခြင်း မရှိကြပေ။ လေဆိပ်များတွင် ယခင်ကလို လူတန်းကြီး နှင့် စည်စည်ကားကား ရှိတော့မည် မဟုတ်သည့်အပြင် အားကစားပွဲများကိုလည်း လူသူကင်းမဲ့နေသည် ဟူ၍ပင် ပြောလို့ရမည့် အားကစား ကွင်းများထဲတွင် တိတ်ဆိတ်စွာ ပြုလုပ်ကြပေတော့မည်။ လူများအဖို့ အသုံးအစွဲကို ပို၍ ကျစ်လစ်လာကြဦးမည်လည်း ဖြစ်သဖြင့် ဝယ်လိုအား ကျဆင်းပြီး ကမ္ဘာစီးပွားရေးသည် တုန့်နှေးလာဖို့ ရှိနေသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရောဂါကူးစက်မှု နှေးကွေးလာချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အရှိန်မြင့်တက်လာပေလိမ့်မည်။ ထိုအခါ ဖွံ့ဖြိုးပြီး နိုင်ငံများထက် ပို၍ ကျောကော့အောင် ခံကြရဖို့သာ ရှိသည်။ ထို့ထက် ပို၍ ဆင်းရဲသော နိုင်ငံများ အဖို့ အလုပ်ကို အဝေးမှ လုပ်၍ ရနိုင်စရာမှာ မဆိုသလောက်သာ ရှိမည် ဖြစ်သဖြင့် လူချင်းခွာနေရန် ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုအခါ ဗိုင်းရပ်စ်သည် လျှင်မြန်စွာ ပျံ့နှံ့လာပြီး ၎င်းတို့၏ လက်ရှိ ကျန်းမာရေး စနစ်များသည်ပင် ကူးစက်ခံရသူများကို စောင့်ရှောက် ပေးနိုင်စွမ်း မရှိသေးပေ။

ကိုဗစ်-၁၉ သည် နယူးယောက်လို မြို့ကြီး၏ ကျန်းမာရေး စောင့်ရှောက်မှု ကို မနိုင်မနင်း အဖြစ်သို့ ရောက်သွားသည်အထိ အစွမ်းထက်နေသည်။ လက်ရှိ စာရင်းဇယားများအရ မက်ဟက်တန်ရှိ ဆေးရုံကြီး တရုံတွင်ရှိသော အထူးကြပ်မတ်ကုသဆောင်ရှိ ကုတင် အရည်အတွက်သည် အာဖရိကရှိ နိုင်ငံ အများစု တွင်ရှိ ကုတင်အရည်အတွက်များ စုပေါင်းထားသည်ထက်ပင် သာလွန်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုနိုင်ငံများအဖို့က သန်းချီ၍ အသေအပျောက် ရှိနိုင်ပေသည်။

ချမ်းသာသော နိုင်ငံများမှ အကူအညီပေး၍ ရနိုင်စရာများ ရှိနေသည်။ ယင်းနိုင်ငံများသည် အရေးတကြီး လိုအပ်နေသော ဆေးပစ္စည်းများကို ပိုက်ဆံ တတ်နိုင်သော နိုင်ငံများ လက်ဝယ် ရောက်မသွားရေး ကို အသေအချာ စီမံပေးရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံတိုင်းအဖို့ ဗိုင်းရပ်စ်ကို တိုက်ဖျက် နိုင်မည့် ကာကွယ်ဆေး လက်ဝယ်မရောက်မချင်း စိတ်ချလက်ချ နေနိုင်ကြမည် မဟုတ်ပေ။

နောက်လာမည့် နှစ်များတွင် ဆေးသုတေသန ပညာရှင်များသည် ကမ္ဘာပေါ်တွင် အရေးပါဆုံး သော အုပ်စုထဲတွင် ပါဝင်လာကြပေလိမ့်မည်။ ကံကောင်းသည့်တခုမှာ ယခုလို ကပ်ရောဂါဆိုးကြီး မဖြစ်မီကပင် ၎င်းတို့သည် ကာကွယ်ဆေးဝါးဗေဒ ဖက်တွင် ခုန်ပျံ ကျော်လွှား တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

သမာရိုးကျ ကာကွယ်ဆေး ဆိုသည်ကား သေပြီးသား သို့မဟုတ် အစွမ်းမရှိတော့သော ဗိုင်းရပ်စ်ကို လူ၏ကိုယ်ခန္ဓာထဲ ထည့်သွင်းပေးခြင်းဖြင့် ရောဂါ ပစ္စယများ (pathogen) ၏ ပုံပန်းသဏ္ဍန်ကို မှတ်မိအောင် မိတ်ဆက်ပေးခြင်းမျိုးပင် ဖြစ်သည်။ သို့သော်လည်း အသစ်အသစ် ထွက်ပေါ်လာသော ရောဂါ ခုခံနိုင်စွမ်း ကို လေ့လာသည့် ပညာရပ်ပိုင်းတွင် သုတေသီများသည် ယခင်ကကဲ့သို့ တပုံတပင်ကြီး ရှိနေသော ရောဂါပစ္စယ များကို အချိန်ကုန်ခံ၍ စူးစမ်းနေစရာ မလိုတော့ပေ။ mRNA (messenger RNA) ကာကွယ်ဆေးသည် ဗီဇလက္ခဏာ အမှတ်အသားများ ကို သုံး၍ ခန္ဓာကိုယ် ဆဲလ်များ အတွင်း ထည့်သွင်းကာ အသစ်အသစ် သော ရောဂါပိုးများကို မည်သို့ မည်ပုံ ခုခံ ကာကွယ်ရမည်ဆိုသည့် ညွှန်ကြားချက်များကို ပေးလာနိုင်ခဲ့သည်။ ထိုသို့သော ကာကွယ်ဆေးများကို သမာယိုးကျထက် ပိုမိုလျှင်မြန်စွာ ထုတ်ယူနိုင်ဖွယ် ရှိနေသည်။

ကျွနုပ်အနေဖြင့် ကမ္ဘာတဝှမ်း ရှိ ဆေးဖက်ဆိုင်ရာ များသည် ၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းလောက်တွင်သာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ထုတ်လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု မျှော်လင့်ထားပေသည်။ တကယ်တမ်း ဖြစ်လာခဲ့လျှင် သမိုင်းတွင်ရစ်မည့် အောင်မြင်မှုကြီး ဖြစ်လာရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုဝင်များအဖို့ ရောဂါ အသစ်အဆန်း တခုကို သိရှိပြီးနောက် ကာကွယ်ရမည့်နည်းလမ်းကို အမြန်ဆုံးနှုန်းဖြင့် ရှာဖွေ တွေ့ရှိလာခဲ့ခြင်းဟု ပြောနိုင်သောကြောင့်ပင် ဖြစ်သည်။

ကာကွယ်ဆေး ထုတ်လုပ်နိုင်ခဲ့ခြင်း အပြင် နောက်ထပ် ဆေးဝါး ဖက်ဆိုင်ရာ အောင်မြင်မှု ကြီး နှစ်ရပ်လည်း ပေါ်ထွန်းလာပေဦးမည်။ ပထမတခုသည်ကား ရောဂါ အမျိုးအမည် ကို ဖေါ်ထုတ်လာနိုင်ခြင်းဆိုသည့် နယ်ပယ်တွင် ဖြစ်သည်။ နောက်တကြိမ် ဗိုင်းရပ် အသစ်အဆန်း တခု ပေါ်လာသည့် အခါ လူသားများ အနေဖြင့် ကိုယ်ဝန် ရှိမရှိ ကို အိမ်၌ပင် စမ်းသပ်သလိုမျိုး သိရှိ လာနိုင်ကြမည် ဖြစ်သည်။ အတံကလေးတခု အပေါ် ကျင်ငယ်ရည်များ ဖြင့် စမ်းသပ်စရာလိုတော့မည်မဟုတ်ပဲ နှာခေါင်းထဲသို့ တို့ပြီး စမ်းသပ်နိုင်ပေတော့မည်။ သုတေသီများ သည် ရောဂါ အသစ်အဆန်းတခု ပေါ်လာတိုင်း လအနည်းငယ်အတွင်း မှာပင် ထိုကဲ့သို့ စမ်းသပ်နိုင်ရန် အဆင်သင့် ဖြစ်လာပေလိမ့်မည်။

နောက်တခုသည်ကား ဗိုင်းရပ်စ် ကာကွယ်ဆေးဝါးများ ပေါ်ပေါက်လာမည့် အရေးပင် ဖြစ်သည်။ ယခုအချိန်အထိ သိပ္ပံပညာနယ်ပယ်တွင် အားစိုက်မှု အနည်းဆုံး ရှိနေဆဲပင် ဖြစ်သည်။ ဘက်တီးရီးယားများ အား တိုက်ခိုက်နိုင်သည့် ဆေးဝါးများ ရှိလာခဲ့သော်လည်း ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်သည့် ဆေးဝါးများ ထုတ်လုပ်ရေး ပိုင်းတွင် ထိထိရောက်ရောက် မလုပ်နိုင်သေးပဲ ရှိနေသည်။ ထိုအနေအထားများက ပြောင်းလဲသွားပေတော့မည်။ သုတေသီများသည် ဗိုင်းရပ်စ် ကာကွယ်နိုင်မည့် ဆေးအမျိုးမျိုး အား စုဆောင်းထားရှိလာပြီး ဗိုင်းရပ်စ် အသစ်တမျိုး ပေါ်လာသည်နှင့် ထိရောက်စွာ ကုသနိုင်ရေး အတွက် သိမ်းဆည်းထားသည်များကို ဆွဲထုတ်ကာ အလျှင်အမြန် စီစစ်ရှာဖွေနိုင်ကြတော့မည် ဖြစ်သည်။

ထိုသို့ နယ်ပယ်ကြီး သုံးခု တွင် ထွက်ပေါ်လာမည့် အောင်မြင်မှုကြီး သုံးရပ်ကြောင့် နောက်တကြိမ် ကပ်ရောဂါကြီး ဖြစ်ပေါ်လာပါလျှင် ကူးစက်မှု အနည်းဆုံး ရှိနေဆဲမှာပင် စောစောစီးစီး ဟန့်တားလာနိုင်မည်လည်း ဖြစ်သည်။ ထိုသို့ သုတေသန ပြုလုပ်ရင်းကပင် လက်ရှိ ကူးစက်ရောဂါများ တိုက်ဖျက်ရေး နှင့် ကင်ဆာ ရောဂါများ အတွက် ကုထုံးများပင် ထွက်ပေါ်လာနိုင်သည်။ (သိပ္ပံပညာရှင် များ သည် mRNA ကာကွယ်ဆေးနည်းဖြင့် နောက်ဆုံးတွင် ကင်ဆာ ရောဂါ ကို ကုသနိုင်ကြလိမ့်မည်ဟု ထင်ခဲ့ကြသည်၊ သို့သော် ဈေးကွက်တွင် လူများ သက်သက်သာသာဖြင့် ဝယ်ယူနိုင်အောင် အမြောက်အများ ထုတ်လုပ်နိုင်ရန် အဆင့်အထိ သုတေသန လုပ်နိုင်ခဲ့ခြင်းတော့ မရှိသေးပေ)

ထိုသို့ တိုးတက်လာမှုများသည် သိပ္ပံပညာနယ်ပယ်တခုတည်းတွင်ပင် ကျေနပ်နှစ်သိမ့်နေ၍ မဖြစ်ပေ။ လူသားအားလုံး အတွက် အကျိုးရှိအောင် ကျွနုပ်တို့ စွမ်းဆောင်ပေးရမည်လည်း ဖြစ်သည်။ ၂၀၂၁ နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ၁၉၄၅ ခုနှစ် အလွန် သင်ခန်းစာများကို ရယူနိုင်ခဲ့သလို မျိုး ပြုလုပ်လာကြလိမ့်မည် ဟု ကျွနုပ် ထင်မြင်မိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့် အခါတွင် ခေါင်းဆောင်များသည် ကုလသမဂ္ဂကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အသင်းအဖွဲ့ကြီးများ တည်ထောင်ကာ နောက်ထပ် ထိုကဲ့သို့ သော ပဋိပက္ခကြီးများ မဖြစ်ပေါ်အောင် ဟန့်တားရန် ကြိုးပမ်းလာခဲ့ကြသည် မဟုတ်ပါလား။ ထိုနည်းအတိုင်းပင် ကိုဗစ်-၁၉ နောက်ပိုင်းတွင် ထိုကဲ့သို့သော ကပ်ရောဂါဆိုးကြီးများ ကာကွယ်ရန် အဖွဲ့အစည်းများ ထူထောင်လာကြမည် ဖြစ်သည်။

ထိုအသင်းအဖွဲ့များသည် နိုင်ငံအလိုက်၊ ဒေသ အလိုက် နှင့် တကမ္ဘာလုံးနှင့် ဆိုင်သော အဖွဲ့အစည်း အဖြစ် ပေါ်ပေါက်လာပေလိမ့်မည်။ နိုင်ငံများက “စစ်ရေး လေ့ကျင့်မှု များ” ပြုလုပ်ကြသလို “ပိုးမွှား တိုက်ဖျက်ရေး”အတွက်လည်း အလားတူ လေ့ကျင့်လာကြပေလိမ့်မည်။ သို့မှသာ ဗိုင်းရပ်စ်အသစ်တမျိုး သည် လင်းနို့ သို့မဟုတ် ငှက်များမှ လူသားများထံ ခုန်ပျံ ကူးစက်လာသည့်အခါ အဆင်သင့် ဖြစ်နေပေလိမ့်မည်။ ထို့အပြင် လူဆိုး လူမိုက်တဦးက အိမ်တွင်း ဓါတ်ခွဲခန်း တခုအတွင်း၌ ကူးစက်တတ်သော ရောဂါတမျိုးမျိုးကို ဖန်တီးပြီး လက်နက် အဖြစ် အသုံးချလာမည် ဆိုကလည်း ကျွနုပ်တို့ အသင့်ဖြစ်နေကြမည်လည်း ဖြစ်သည်။ ထိုသို့ ကပ်ရောဂါဆိုးကြီးအား ကာကွယ်နိုင်ရန် လေ့ကျင့်ထားခြင်း ဖြင့်သာ အကြမ်းဖက်သမားတို့ ဇီဝလက်နက် များ အဖြစ် အသုံးချလာမည့် အရေးမှ ဟန့်တားနိုင်ကြမည် ဖြစ်သည်။

ထိုအရေးတွင် ချမ်းသာသော နိုင်ငံများသည် ပိုမို ဆင်းရဲသော နိုင်ငံများကိုလည်း ထည့်သွင်းလာသင့်သည်။ ချမ်းသာသော နိုင်ငံများသည် အကူအညီများ ပံ့ပိုးပေးကာ ထိုနိုင်ငံများရှိ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို ပို၍ ကောင်းမွန်အောင် တည်ဆောက်ပေးသင့်သည်။ ကိုယ်ကျိုးကိုသာ ကြည့်တတ်သော လူ တဦး သို့မဟုတ် တသီးတသန့် နေလိုသော အစိုးရမျိုးပင် ကျွနုပ်ပြောသည်ကို သဘောမတူပဲ နေ၍ မရပေ။ လက်ရှိ ကပ်ရောဂါ ဆိုးကြီးသည် နယ်ခြား စည်းမျဉ်း အကန့်အသတ်များကို အလေးဂရုပြုခြင်း မရှိခဲ့ရုံမျှမက မိမိတို့ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ ကျွနုပ်တို့ လူသား အားလုံးအား အဏုကြည့် ကိရိယာ မပါပဲ မမြင်နိုင်လောက်သည့် လွန်စွာ သေးငယ်မှုန်မွှားသည့် ရောဂါပိုး များ ဖြင့် ဇီဝသဘောအရ ကွန်ယက်ကြီးသဖွယ် ပေါင်းကူးပေးနိုင်သည် မဟုတ်ပါလား။ ဗိုင်းရပ်စ် အသစ်တမျိုးသည် ဆင်းရဲသော နိုင်ငံတခုတွင် ဖြစ်ပေါ်လာပါလျှင် ထိုနိုင်ငံရှိ ဆရာဝန်များမှ အလျှင်အမြန် ရှာဖွေတွေ့ရှိပြီး ထိန်းချုပ်နိုင်မည့် အဖြစ်ကိုသာ အားလုံးက လိုလားကြမည်လည်း ဖြစ်သည်။

ထိုသို့လည်း မလွှဲမသွေ ဖြစ်ပေါ်လာကြမည်ကား အမှန်ပင် ဖြစ်သည်။ သမိုင်းဘီးသည် မည်သည့် လမ်းကြောင်းအတိုင်း လည်ပတ်ရမည်ဆိုသည်ကို သတ်မှတ်၍ မရစကောင်းပေ။ မည်သည့် လမ်းကြောင်းကို ဦးတည်ရမည်ဆိုသည်ကား လူသားများကပင် ရွေးချယ်ခဲ့ကြစမြဲပင်။ ထိုသို့ ရွေးချယ်ရာတွင်လည်း မှားယွင်းသော အလှည့်အပြောင်းများကိုလည်း ရွေးချယ်မိခဲ့ကြသည်။ ၂၀၂၁ နောက်ပိုင်း နှစ်များသည် ၁၉၄၅ နောက်ပိုင်း နှစ်များနှင့် အလားသဏ္ဍန် တူလာပေမည်။

ယနေ့အချိန်ကို အကောင်းဆုံး ဥပမာပေးရန် ထုတ်နှုတ်ပြရမည် ဆိုလျှင် ၁၉၄၂ နိုဝင်ဘာ ၁၀ ရက်နေ့ကို သာ ရွေးချယ်ရပေလိမ့်မည်။ ထိုနေ့က ဗြိတိသျှ တို့သည် ပထမဆုံးအကြိမ် မြေပြင် စစ်ဆင်ရေး တခု ကို အောင်မြင်စွာ ပြန်လည် ဆင်နွှဲလာနိုင်ခဲ့သော နေ့ဖြစ်သည်။ ဤသည်ကို ဝင်စတန် ချာချီ က အောက်ပါအတိုင်း သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

“ဤသည်ကား ဆုံးခန်းမတိုင်သေး၊ အဆုံး၏ အစ ဟူ၍ပင် ပြောလို့ မရသေးပေ၊ အစ၏ အဆုံးဟုသာ ပြောကောင်း ပြောနိုင်ပေသည်”

(အထက်ပါ စာစုအား The Economist မဂ္ဂဇင်း ကြီး၏ တောင်းဆိုမှုကြောင့် ဘီလ် ဂိတ် မှ ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး The world after covid-19 ခေါင်းစဉ်ဖြင့် ဧပြီ ၂၃၊ ၂၀၂၀ စာစောင်တွင် ထည့်သွင်း ဖေါ်ပြထားခြင်းကို ပြန်ဆို ထားခြင်း ဖြစ်သည်)

HLA SOEWAI