လက်ရှိတွင် မင်းအောင်လှိုင် အား နိုင်ငံတကာ တရားရုံး မှ ဖမ်းဝရမ်း ထုတ်ရန် စိုင်းပြင်းလာနေပြီ ဆိုသော သတင်း၊ ရုရှား၏ ဝဂ္ဂနာ ပုံစံ မျိုး ဖြင့် တရုတ် တပ်ဖွဲ့များ ဝင်ရောက်လာနိုင်ဖွယ် ရှိနေပြီ ဆိုသော သတင်းများ ရှိနေသော်လည်း စစ်အာဏာရှင် စနစ်အား အပြီး အပိုင် ဖြိုလဲရန် မြန်မာ ပြည်သူများ၏ ကြိုးပမ်းနေမှုသည် ဆက်လက်၍ အောင်ပွဲ ခံလျက် ရှိနေပြီ ဖြစ်သည်။
ယခုအခါ ကချင်ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များသည် စစ်အာာဏာ ရှင်များ ၁၉၉၄ ကတည်းက ပြည်သူ အချင်းချင်း သွေးခွဲ အုပ်ချုပ်ရန် ၎င်းတို့ အား သစ္စာခံသော ကချင် စစ်ခေါင်းဆောင် ဇခုန်တိန်းယိန်း အား နယ်ခြား စောင့် တပ်ဖွဲ့ ဖွဲ့စည်းကာ အုပ်ချုပ်စေခဲ့သည့် “ကချင် အထူး ဒေသ (၁)” ဆိုသည်အား အပြီး အပိုင် ဖျက်သိမ်း နိုင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ကချင် အထူး ဒေသ (၁) တွင် ချီဖွေ၊ ဆော့လော၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ဝိုင်းမော် မြို့များ ပါဝင်သည်။ ထိုဒေသတွင် စစ်ကောင်စီ သစ္စာခံ နယ်ခြားစောင့်တပ် ၁၀၀၁၊ ၁၀၀၂ ၊ ၁၀၀၃တို့ကို လည်း သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုဒေသတွင် လူထု၏ စီးပွားရေး၊ လူမှုရေး များ ဆုံးရှုံး ထိခိုက်မှု မရှိစေဘဲ လူသားချင်း စာနာထောက်ထားမှု အခြေခံသည့် မူဝါဒ နှင့် အတူ ဖွံ့ဖြိုးတိုးတက်လာစေရေး အစွမ်းကုန် ပြန်လည် ကြိုးပမ်း တည်ဆောက်သွားမည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ ဗဟိုကော်မတီ မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလားတူပင် နိုင်ငံ အနောက်ပိုင်း တွင်လည်း ရခိုင် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်မှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည့် ကြားမှ မြို့ပြင်ရှိ စစ်ကောင်စီ တပ်ရင်း ၃၄၆ ကို သိမ်းပိုက် နိုင်ခဲ့မှု နှင့် အတူ တောင်ကုတ် မြို့အား အလုံးစုံ သိမ်းယူ နိုင်ခဲ့သည်။
တောင်ကုတ် မြို့သိမ်း နောက်ဆုံး တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၀ ဦး ခန့် အလံဖြူ ထောင်ကာ လက်နက်ချခဲ့မှု နှင့် အတူ လက်နက်ခဲယမ်း အမြောက်အမြား ကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုသို့ မသိမ်းပိုက် နိုင်မီ မြို့ အဝင်အထွက် လမ်းအားလုံး ကို ပိတ်ဆို့ပြီး မြို့နေလူထု အများစု ကို ရွှေ့ပြောင်း ပေးနိုင်ခဲ့သည်ဟု သိရသည်။
ဂွ နှင့် အမ်း မြို့များကိုပါ ဆက်လက် သိမ်းပိုက် နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု အာရက္ခ တပ်တော်က ဆိုသည်။ ယခုအခါ ဂွမြို့ အနီးသို့ အာရက္ခ တပ်တော်မှ ချဉ်းကပ်လာနေပြီး ဧရာဝတီ တိုင်းဖက်မှ စစ်ကူ လွှတ်လိုက်သော တပ်များကို ကြားဖြတ် တိုက်ခိုက် နိုင်ခဲ့၍ စစ်ကောင်စီ တပ်သား ၆၀ ခန့် သေဆုံး သွားသည့် ဗီဒီယို ဖိုင်လည်း ထွက်ပေါ်လာခဲ့သည်။
ယခုအခါ ပလက်ဝ နှင့် ရခိုင် ပြည်နယ် အတွင်း ရှိ မြို့ပေါင်း ၁၇ မြို့အနက် ၁၁ မြို့သည် ပြည်သူများ လက်ဝယ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အမ်း နှင့် မကွေး တိုင်း မင်းဘူး နှင့် ဆက်သွယ်ထားသော ၆၄ မိုင် ရှည်လျားသည့် အမ်း-ပဒါန်း လမ်း အတိုင်း အမ်းမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်မှ ဗိုလ်မှုး ဇော်ထက်နိုင် ဦးဆောင်သော အဖွဲ့ အား ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြန်ရာ စစ်သား ၁၄ ယောက်အား အရှင်ဖမ်းဆီး နိုင်ခဲ့သည်ဟု သိရသည်။
မတ္တရာ တွင်လည်း စစ်ကောင်စီ တပ်များ အကျအဆုံး များစွာ ရှိနေသော်လည်း စစ်သား သစ်များ အား ရှေ့မှ အတင်းတက်ခိုင်းကာ တိုက်ခိုက်နေ၍ ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ရခိုင် စစ်မျက်နှာတွင်ပင် တပ်သားသစ် ၅၀၀ ခန့် ပျောက်ဆုံး နေသည်ဟု သတင်းထွက်ပေါ်နေသည်။
မင်းအောင်လှိုင် အား ဖမ်းဝရမ်း ထုတ်နိုင်ရေး အထ မြောက်ရန် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရား အကြီးအကဲ နီကိုလပ်စ် ခွန်ဂျန် က အိုင်စီစီ နှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်လိုက်သည်။
မင်းအောင်လှိုင်သည် လက်ရှိ တွင် မည်သို့မျှ မတတ်နိုင်တော့ ဘဲ တရုတ် တပ်များ ကို တမျှော်မျှော် နှင့် ရှိနေပြီး တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဆိုက်ဝါးများ၊ ဝါဒဖြန့်ချီမှု များ နှင့် ၎င်းအား သစ္စာခံ တပ်များအား ထိန်းထားနေရပြီ ဖြစ်သည်။
ပြည်သူတို့၏ ပြင်းပြသော ဆန္ဒကို အဆိုပါ နည်းဖြင့် ရေရှည် ကာကွယ် နိုင်ရိုး ထုံးစံ ရှိခဲ့ပါ၏ လော။
တရုတ် အစိုးရသည်လည်း ထိုသို့ တပ်များ စေလွှတ်ခဲ့မည် ဆိုက တရုတ် နိုင်ငံသားများ အသက် ဆုံးရှုံးရမည့် အရေး အပြင် နိုင်ငံတကာ နှင့် ဒေသတွင်း သံတမန်ရေး အရ ပြင်းထန်စွာ ဂယက် ရိုက်လာနိုင်သည့် အရေးကြောင့် စဉ်းစား ရဖို့ ရှိနေသည်။ လက်ရှိတွင်ပင် မြန်မာ အရေး၌ ကာလကြာမြင့်စွာ နှစ်ဖက် ခွတုပ်နေ နိုင်သည့် အဖြစ်မှ ယခု မဖြစ်မနေ စစ်ကောင်စီ အား ထောက်ခံရဖို့ ဖြစ်လာသဖြင့် တရုတ် တို့ တိုင်းရင်းသား အဖွဲ့များကို လက်လွှတ်ရမတတ် ဖြစ်သွားခဲ့ရမှု နှင့် အတူ နိုင်ငံရေး မျှချေ ပျက်သုံးသွားခဲ့ရပြီ ဖြစ်သည်။
လက်ရှိတွင် တရုတ်၏ စီးပွားရေး သည် ဆိုးသည်ထက် ဆိုးလာနေပြီး ရှီ ကျင့်ပင် သည် ကာကွယ်ရေး ဝန်ကြီး အပါအဝင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ် ၏ ထိပ်တန်း စစ်ခေါင်းဆောင် တဒါဇင်ကျော်ခန့် အား အကျင့်ပျက် ခြစားသည် ဆိုကာ ဖမ်းဆီး အရေးယူ လာနေချိန်လည်း ဖြစ်သည်။
ပြီးဆုံးမည့် အလားအလာ မရှိသေးသည့် အတွက် လည်း တရုတ် ထိပ်တန်း စစ်ခေါင်းဆောင်များ အကြား အိုးနင်း ခွက်နင်း ဖြစ်လာနေသည်။ တဖက်တွင် ရှီ ကျင့်ပင် သည် တိုင်းသိပြည်သိ အကျင့်ပျက် ခြစား နေသည့် မြန်မာ စစ်ခေါင်းဆောင်များ အား ပံ့ပိုး ပေးနေပြန်သည့် အတွက် ကြောင့် ၎င်း၏ ကိုယ်ကျင့်သိက္ခာ ပိုင်းအရ မဟုတ်တော့ဘဲ နိုင်ငံရေး ရည်မှန်းချက်များ ကြောင့် ဖြစ်မည်ဟု ဝေဖန် လက်ညိုးထိုးစရာ ဖြစ်လာနေသည်။ ရှီကျင့်ပင် ၏ ကျဆုံးခန်း စတင်လာတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!